ခြောက်သွေ့ဒေသ မီးတိုက်ခံရခြင်း – မြန်မာနိုင်ငံအပူပိုင်းဒေသရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း

31 August 2022

Progressive Voice

ခြောက်သွေ့ဒေသ မီးတိုက်ခံရခြင်း – မြန်မာနိုင်ငံအပူပိုင်းဒေသရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း

အနှစ်ချုပ်

ဤစာတမ်းတိုတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း စစ်ကိုင်း၊ မကွေးနှင့် မန္တလေး တိုင်းဒေသကြီးတို့အတွင်း မြေပြင်၌ဖြစ်ပွားနေသော ကြီးမားသည့် စိန်ခေါ်မှုများနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းအပေါ် ဒေသခံတို့၏ တုံ့ပြန်လုပ်ဆောင်မှုများကို အသားပေး ဖော်ပြထားပါသည်။ ယခုစာတမ်းတိုတွင် ထိုတိုင်းဒေသကြီးသုံးခုအတွင်းရှိ ပြည်တွင်းနေ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ (IDP) များ၏ အခြေအနေများကို မီးမောင်းထိုးပြသကဲ့သို့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဖြေရှင်းရာတွင် ဒေသခံ လူသားချင်းစာနာထောက်ထားမှု အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကို ဗဟိုချက်ထားပြီး နယ်စပ်မှတစ်ဆင့်ကူညီသည့် လမ်းကြောင်းများအား ချဲ့ထွင်ခြင်းနှင့် ခိုင်မာအားကောင်းလာစေရေး ပံ့ပိုးခြင်း အပါအဝင် ဒေသခံအဖွဲ့အစည်းများကို ပြုလွယ်ပြောင်းလွယ်သော ရန်ပုံငွေများ တိုက်ရိုက်ပံ့ပိုးရေး အလေးထားသည့် သွေးစည်းညီညွတ်သော ချဥ်းကပ်မှုအတွက်ကိုလည်း တိုက်တွန်းလှုံ့ ဆော်ထားပါသည်။

အဓိကသတင်းစကားများ

  • မြန်မာစစ်တပ်၏ အာဏာသိမ်းရန် ကြိုးပမ်းချိန်မှစ၍ ၁၈ လကျော်ကြာသည်အထိ နိုင်ငံတကာ အသိုင်းအဝိုင်း၊ အထူးသဖြင့် အာဆီယံသည် မြေပြင်တွင် ဆိုးရွားသော လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အခြေအနေများကို လျှော့ချရန်အတွက် မဖြစ်စလောက်သော လုပ်ဆောင်ချက်ကိုသာ လုပ်ဆောင်ခဲ့သည်။ မြန်မာစစ်အုပ်စုကြောင့် ဖြစ်လာရသည့် မြန်မာနိုင်ငံ အပူပိုင်းဒေသရှိ အကျပ်အတည်း၏ ပမာဏအတိုင်းအတာနှင့် ပြည်သူတို့၏ ကြီးမားသော ဒုက္ခခံစားနေရမှုများက အချက်ပေးခေါင်းလောင်းသံ ဖြစ်သင့်သည်။ နိုင်ငံရေးအစုအဖွဲ့များအနေဖြင့် ညှိနှိုင်းပူးပေါင်း ထားသော အကူအညီပေးရေးမစ်ရှင်နှင့် ကြီးမားသော ဒဏ်ခတ်အရေးယူပိတ်ဆို့မှုများ ပါဝင်သည့် ဘက်စုံအရေးပေါ်တုံ့ ပြန်မှုတစ်ရပ်ကို ဖော်ထုတ်ရမည် ဖြစ်သည်။
  • လက်ရှိအချိန်၌ မြန်မာနိုင်ငံအပူပိုင်းဒေသတွင် အကူအညီပေးရေးဆိုင်ရာ လုပ်ဆောင်နေသော နိုင်ငံတကာအဖွဲ့အစည်းများ မရှိဘဲ ထိုဒေသရှိ IDP များသည် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး လုပ်ဆောင်နေသော ဒေသခံအဖွဲ့များနှင့် အရပ်ဘက်လူထုအဖွဲ့အစည်းများ၊ နိုင်ငံရပ်ခြားသို့ အခြေချနေထိုင်သော အသိုင်းအဝိုင်းများ ကွန်ရက်များ၊ တော်လှန်ရေးကာလ ဖွဲ့စည်းထားသည့် ဒေသခံအုပ်ချုပ်ရေး အင်အားစုများ၊ NUG၊ အိမ်နီးချင်းများ၊ ဆွေမျိုးနှင့် မိတ်ဆွေများထံမှ ရရှိသော ငွေကြေးနှင့် အခြားသော အကူအညီများကို မှီခိုအားထား ရပ်တည်နေကြရကြောင်းကို ဤစာတမ်း၏ သုတေသနမေးခွန်း ဖြေဆိုခဲ့သူ အများအပြားက ဆိုသည်။
  • စစ်အုပ်စုသည် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို လက်နက်သဖွယ် အသုံးချသည့် ရာဇဝင်ရှိသကဲ့သို့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းတွင်လည်း အကူအညီ ပစ္စည်းများကို ပိတ်ဆို့ခြင်း၊ သိမ်းယူခြင်း၊ ဖျက်ဆီးခြင်းနှင့် အကူအညီများ ပေးဝေရေးအား အလွဲသုံးစား အမြတ်ထုတ်ခြင်းတို့ကို အကြိမ်ကြိမ်လုပ်ဆောင်ကာ နိုင်ငံရေးနှင့်ဗျူဟာရေးတွင် တစ်ပန်းသာစေရန် အတွက် အကူအညီများကို လက်နက်သဖွယ် ဆက်လက်အသုံးချနေသည်။ စစ်အုပ်စုသည် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး ဝန်ထမ်းများနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများကိုလည်း ဆက်လက်တိုက်ခိုက်လျက်ရှိသည်။
  • လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးပို့ရန် အကြမ်းဖက်စစ်အုပ်စုနှင့် ပူးပေါင်း လုပ်ဆောင်ခြင်းသည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူများ အထူးသဖြင့် ‘မည်သူမျှ ထိခိုက်နစ်နာမှု မရှိစေရေး’၊ ကြားနေရေး၊ နှင့် ဘက်မလိုက်ရေး မူများကို ဆက်လက်ချိုးဖောက်ခြင်းဖြစ်ပြီး ပဋိပက္ခနှင့် ပြည်သူတို့၏ ဒုက္ခခံစားနေရမှုများကိုသာ ပိုမိုဆိုးရွားလာစေမည် ဖြစ်သည်။
  • နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးသူများမှ အကူအညီများ ပေးပို့ရာတွင် စစ်အုပ်စုနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊ တွဲဖက်လုပ်ဆောင်ခြင်း သို့မဟုတ် ပူးပေါင်းဆောင်ရွက်ခြင်းတို့ ကြိုးစားခဲ့သော်လည်း အကူအညီ အလိုအပ်ဆုံးသူများထံ မရောက်ရှိခဲ့ဘဲ ထိုဒေသများသို့ သွားရောက်ရန် ပိတ်ပင်တားမြစ်ခံရခြင်း သို့မဟုတ် လက်လွတ်စပယ် ငြင်းပယ်ခံရခြင်းများနှင့် ကြုံတွေ့ကြရသည်။
  • အကူအညီများ ပေးဝေရာတွင် စစ်အုပ်စုက နည်းမျိုးစုံဖြင့် လိုက်လံနှောင့်ယှက်နေသော်လည်း ဒေသခံ လူထုအသိုင်းအဝိုင်းရေးရာ လုပ်ဆောင်သူများ၊ အရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် လူသားချင်းစာနာထောက်ထားမှု အဖွဲ့အစည်းတို့၏ တုံ့ပြန်ဆောင်ရွက်မှုများက အကူအညီများကို အမှန်တကယ် လိုအပ်နေသူများထံသို့ သေချာစွာ ရောက်ရှိစေရန် အထိရောက်ဆုံး လုပ်ဆောင်နိုင်ခဲ့ ကြသည်။
  • ဘုံသဘောတူညီချက်ငါးရပ်အောက်တွင် အာဆီယံသည် မြန်မာနိုင်ငံ၏ ပြည်သူများအတွက် အနှစ်သာရပြည့်ဝသော ရလဒ်များဖော်ဆောင်နိုင်ခြင်း လုံးဝမရှိဘဲ ဘုံသဘောတူညီချက်ငါးရပ်ကို ကျော်လွန်၍ လုပ်ဆောင်ရမည် ဖြစ်သည်။ အာဆီယံနှင့် AHA စင်တာတို့သည် အကူအညီများပေးပို့မှု အပါအဝင် မြန်မာနိုင်ငံ၏ ဘက်ပေါင်းစုံအကျပ်အတည်းကို ဖြေရှင်းရာတွင် စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းမှုများကို ရပ်ဆိုင်းရမည် ဖြစ်သည်။
  • ကုလသမဂ္ဂ၊ အစိုးရများ၊ အာဆီယံနှင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုအရေး လုပ်ဆောင်နေသူများသည် မြန်မာနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း အတွက် အဖြေရှာရာတွင် ထွက်ပြေးတိမ်းရှောင်ရသည့် ပြည်သူများနှင့် ဒေသခံ လူသားချင်း စာနာထောက်ထားမှု အဖွဲ့အစည်းများ၏ ကိုယ်စိတ်နှစ်ပါး ဘေးကင်းလုံခြုံမှု၊ လူ့အခွင့်အရေး၊ လူသားလုံခြုံမှု၊နှင့် အကျိုးဆောင်လုပ်ငန်း တို့ကို ဗဟိုချက်မအဖြစ် ထားရှိပြီး လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးပို့ဖြန့်ဝေရာတွင် သွေးစည်းညီညွတ်သော ချဥ်းကပ်မှုကို လုပ်ဆောင်ရမည်။
  • ဒေသခံမူဘောင်များကို အသုံးပြုခြင်းနှင့် ဒေသခံအဖွဲ့အစည်းများ၏ ထိရောက်မှု၊ ခေါင်းဆောင်မှုနှင့် ဖွဲ့စည်းမှုကို အသိအမှတ်ပြုခြင်းတို့အပြင် စစ်အုပ်စုမှတစ်ဆင့် အကူအညီများ ပေးပို့ဖြန့်ဝေမှုနှင့် ၎င်းမှ ဖန်တီးထားသော ပြည်သူတို့၏ ကြီးမားသော အတိဒုက္ခတို့အကြား ဆက်စပ်မှုကို ဆင်ခြင်မှတ် သားပြီး အကူအညီများကို ဒေသခံဦးဆောင်မှု ဗဟိုပြုရေးအဖြစ် လုပ်ဆောင်ရန်အတွက် အနှစ်သာရရှိသော ကတိကဝတ်ပြုမှုတစ်ရပ် ရှိရမည်ဖြစ်ပြီး မြန်မာပြည်သူများနှင့်အတူ သွေးစည်းညီညွတ်စွာ ရပ်တည်ရမည် ဖြစ်သည်။
  • အစိုးရများ၊ အလှူရှင်များ၊ ကုလသမဂ္ဂနှင့် အာဆီယံတို့အပါအဝင် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ လုပ်ကိုင်ဆောင်ရွက်နေသူများအနေဖြင့် ဒေသခံအဖွဲ့အစည်းများမှ မြေပြင်တွင် ဖြစ်ပွားနေသော အကျပ်အတည်းကို အချိန်မီနှင့် ထိထိရောက်ရောက် တုံ့ပြန်နိုင်ရန်အတွက် ၎င်းတို့ကို ပြောင်းလွယ်ပြင်လွယ်သည့် ရန်ပုံငွေများ တိုက်ရိုက်ပံ့ပိုးပေးရမည့် တစ်ချိန်တည်းတွင် ဖြစ်ပေါ်လာမည့် အရေးပေါ်အခြေအနေများကို အာရုံစိုက်လုပ်ဆောင်နိုင်စေရန် အရပ်ဘက်လူထု အဖွဲ့အစည်းများနှင့် လူသားချင်းစာနာထောက်ထားမှု အဖွဲ့အစည်းများအပေါ် ကြီးလေးရှုပ်ထွေးသည့် အစီရင်ခံမှု ပုံစံသတ်မှတ်ချက်များအား ဖြေလျှော့ပေးရမည် ဖြစ်သည်။ ထောက်ပံ့မှုနှင့် ရန်ပုံငွေများရှိပါက နယ်စပ်ဖြတ်ကျော် ပေးပို့သော အကူအညီများသည် တိုင်းရင်းသားလူမျိုးစု နယ်စပ်ဒေသများတွင်သာ တန့်နေမည် မဟုတ်ဘဲ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသရှိ လူထုအသိုင်းအဝိုင်းများထံအထိသို့ ရောက်ရှိမည် ဖြစ်သည်။

English version.


စာတမ်းတိုအပြည့်အစုံကို PDF ဖိုင်ဖြင့်ရယူရန် မြန်မာဘာသာအင်္ဂလိပ်ဘာသာ

Announcements

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia