လူ့အခွင့်အရေးကော်မရှင်တစ်ရပ်မြန်မာမှာပေါ်ပေါက်ဖို့ အရပ်ဘက်အဖွဲ့အစည်း တွေတိုက်တွန်း

August 8th, 2022  •  Author:   BBC Burmese  •  1 minute read
Featured image

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းမှာနေ့စဉ်ရက်ဆက်ရင်ဆိုင်နေရတဲ့ လူ့အခွင့် အရေးချိုး‌ဖောက်မှုတွေအတွက် ပြည်သူတွေကနေ အသိပေး၊ တိုင်တန်း လို့ရနိုင်မယ့် လွတ်လပ်မျှတတဲ့ ယန္တရားတွေလိုအပ်နေတယ်လို့ အရပ်ဘက် အဖွဲ့ ၃၀ကျော်က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

ဒါကြောင့် မြန်မာမှာ လူ့အခွင့်အရေးကော်မရှင်အသစ် ပေါ်ပေါက်သင့်ပြီလို့ အရပ်ဘက် အဖွဲ့အစည်းတွေကို ရှစ်လေးလုံးနေ့ အထိမ်းအမှတ် အနေနဲ့ သြဂုတ် ၇ရက်က ထုတ်ပြန် ခဲ့ပါတယ်။

NUG အစိုးရအနေနဲ့လည်း လက်ရှိစစ်ကောင်စီထိန်းချုပ်မှုအောက်မှာရှိနေတဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) ကို ကန့်ကွက်ရှုတ်ချပြီး လူ့အခွင့်အရေး စံချိန်စံညွှန်းနဲ့ကိုက်ညီတဲ့ ကော်မရှင်အသစ်တစ်ရပ်ပေါ်လာဖို့ ပါဝင်အားဖြည့်ပေးဖို့လည်း ဖော်ပြထားပါတယ်။

MNHRC ဟာ စစ်ကောင်စီနဲ့လုပ်ရပ်တွေကို ကန့်ကွက်ဖို့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ တောင်းဆိုချက်တွေကို လျစ်လျူရှုထားသလို စစ်အုပ်စုနဲ့ ဆက်လက်ရပ်တည်နေတာကြောင့် နိုင်ငံအဆင့် လူ့အခွင့်အရေး ကော်မရှင်အသစ်တစ်ရပ် အစားထိုးဖို့ အရေးတကြီး လိုအပ် နေပြီလို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။


Original post.