ဦးဂျင်မီ အပါအဝင် ၄ ဦးကို သေဒဏ်စီရင်ပြီးကြောင်း စစ်ကောင်စီကြေညာ

Featured image

ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော် မိသားစုဝင်များအား လွန်ခဲ့သည့် ရက်ပိုင်းက အင်းစိန်ထောင်သို့ခေါ်၍ လူချင်းပေးမတွေ့ပဲ ကွန်ပျူတာဖန်သားပြင်မှတစ်ဆင့် Zoom ဖြင့်သာပေးတွေ့ခဲပြီးနောက် ၎င်းတို့ကို အင်းစိန်ထောင်တွင်ပင် ကွပ်မျက်ခဲ့ကြောင်း သိရှိရသည်။

By Myanmar Now

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဂျင်မီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျောသော်နှင့် ကျန်နှစ်ဦးကို သေဒဏ်ပြစ်ဒဏ်စီရင်ပြီးကြောင်း စစ်ကောင်စီက နိုင်ငံပိုင်သတင်းစာများတွင် တရားဝင်ထုတ်ပြန်ကြေညာလိုက်သည်။

ကျန်နှစ်ဦးမှာ ကိုလှမျိုးအောင် နှင့် ကိုအောင်သူရဇော်တို့ဖြစ်ပြီး လေးဦးလုံးကို စစ်ခုံရုံးက သေဒဏ်ချမှတ်ထားသည်။

ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော် မိသားစုဝင်များအား လွန်ခဲ့သည့် ရက်ပိုင်းက အင်းစိန်ထောင်သို့ခေါ်၍ လူချင်းပေးမတွေ့ပဲ ကွန်ပျူတာဖန်သားပြင်မှတစ်ဆင့် Zoom ဖြင့်သာပေးတွေ့ခဲပြီးနောက် ၎င်းတို့ကို အင်းစိန်ထောင်တွင်ပင် ကွပ်မျက်ခဲ့ကြောင်း သိရှိရသည်။

ကွပ်မျက်သည့် အခြေအနေအသေးစိတ်ကို မသိရသော်လည်း ဇူလိုင်လ ၂၃ စနေနေ့ နံနက်တွင် ပြုလုပ်ခဲ့ကြောင်း Myanmar Now ၏သတင်းရင်းမြစ်ကပြောဆိုသည်။

မိသားစုဝင်များနှင့် တွေ့ဆုံရာတွင် “သူ့အကြောင်းတရားနဲ့သူလာတာ။ သူတရားထိုင်တယ်။ သူတရားနဲ့သူနေတယ်” ဟု ဦးဂျင်မီက ပြောဆိုခဲ့ကြောင်း သိရှိရသည်။

မိသားစုဝင်များအား ထောင်မှပြန်ခါနီးတွင် အကျဥ်းထောင်လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ဆေးနှင့် အစားအစာများကို မိသားစုဝင်များကလာမပို့ရန် အကျဥ်းထောင်အာဏာပိုင်များက ပြောဆိုခဲ့ကြောင်း သိရှိရသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ရန်ကုန်ရှိ မြို့နယ်ခြောက်ခုကို စစ်အုပ်ချုပ်ရေးကြေညာကာ ဖမ်းဆီးရမိသော ဆန့်ကျင်တော်လှန်သူများကို စစ်ခုံရုံးဖြင့် သေဒဏ်စီရင်ခြင်းများရှိသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ ဦးဂျင်မီ နှင့် ဦးဖြိုးဇေယျာသော်အပါအဝင် သေဒဏ်ချမှတ်ခံရသူ ၇၃ ဦးရှိသည်။ ထိုအထဲတွင် အသက် ၁၈ နှစ်အောက် နှစ်ဦးပါဝင်ပြီး ၄၁ ဦးမှာ မျက်ကွယ်သေဒဏ် ချမှတ်ခံထားရသူများဖြစ်သည်။

သေဒဏ်နှင့် ပတ်သက်၍ နိုင်ငံတကာအသိုင်းအဝိုင်းက အပြင်းအထန် ဝေဖန်ကန့်ကွက်နေသော်လည်း ကြိုးပေးကွပ်မျက်မည့် အစီအစဉ်ကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ဖော်ပြောဆို ထားခဲ့သည်။

စစ်ခုံရုံးဖြင့် အမှု ၂၃ မျိုးကို စီရင်မည်ဖြစ်ကြောင်း၊ သေဒဏ်နှင့် ပတ်သက်၍ စီရင်ချက်အတည်ပြုခြင်း၊ ပယ်ဖျက်ခြင်းကို အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကသာ အတည်ပြုပေးနိုင်ကြောင်းလည်း စစ်ကောင်စီ၏ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မြန်မာစစ်တပ်သည် လူမျိုးသုဉ်းသတ်ဖြတ်မှုကဲ့သို့သော စစ်ရာဇဝတ်မှုမျိုး ဆက်လက်ကျူးလွန်ရန် အလားအလာရှိပြီး ဖမ်းဆီးထားသူများကို ကြိုးပေးကွပ်မျက်မည့်အစီအစဉ်ကို ရပ်ဆိုင်းရန်လည်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က ဇွန် ၁၄ တွင် ထုတ်ဖော်ပြောဆိုသည်။

စစ်ကောင်စီ၏ သေဒဏ်အစီအစဉ်နှင့် ပတ်သက်၍ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက အပြင်းအထန် ပြစ်တင်ဝေဖန်ထားသည့်နည်းတူ ပြည်တွင်းရှိ နိုင်ငံတကာသံရုံးအချို့ကလည်း တရားမဝင်အစိုးရဖြစ်သော စစ်ကောင်စီအနေဖြင့် ထိုသို့စီရင်ပိုင်ခွင့် မရှိဟု ပြောဆိုထားသည်။

English version.


Original Post: Myanmar Now