ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်တို့နဲ့ မိသားစုဝင်တွေ ပထမဆုံးအကြိမ်တွေ့ခွင့်ရ

22 July 2022

U Kyaw Min Yu (aka) U Jimmy and U Phyo Zaya Thaw

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်တို့နဲ့ မိသားစုဝင်တွေ ပထမဆုံးအကြိမ်တွေ့ခွင့်ရ

ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော် – Photo: RFA  

By RFA Burmese

အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေတွေနဲ့ စွပ်စွဲပြီး သေဒဏ်အပြစ်ပေးခံထားရတဲ့ ၈၈ ငြိမ်းပွင့်အဖွဲ့က ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီ (ခေါ်) ဦးကျော်မင်းယုနဲ့ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်တို့ကို သူတို့ မိသားစုဝင်တွေနဲ့ ဒီကနေ့ ဇူလိုင် ၂၂ ရက်နေ့ ညနေပိုင်းက အင်းစိန်ထောင်မှာ ထောင်ဝင်စာ တွေ့ခွင့်ပြုခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

ဒါဟာ မနှစ်က သူတို့ဖမ်းဆီးခံရချိန်ကစပြီး သက်ဆိုင်ရာမိသားစုတွေအနေနဲ့ ပထမဆုံးအကြိမ် ထောင်ဝင်စာတွေ့ခွင့်ရတာ ဖြစ်ပါတယ်။

ဦးကျော်မင်းယုနဲ့ ဦးဖြိုးဇေယျာသော်တို့ မိသားစုဝင်တွေကို ထောင်အာဏာပိုင်တွေက အစားအသောက် အနည်းငယ်စီ ပေးခွင့်ပြုခဲ့တယ်လို့လည်း ဆိုပါတယ်။

သူတို့နှစ်ဦးကို စစ်ကောင်စီတရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ တရားစွဲပြီး သေဒဏ်ပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် သူတို့ရဲ့သေဒဏ်ကို အဆင့်ဆင့်အတည်ပြုပြီး လက်တွေ့ကွက်မျက်မယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းမှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ကွပ်မျက်မယ့် သူတွေကို မိသားစုနဲ့ တွေ့ခွင့်ပေးမှာလားလို့ RFA ကမေးမြန်းခဲ့ရာမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက သူတို့အနေနဲ့ မိသားစုနဲ့ တွေ့ခွင့်အပါအဝင် အကျဉ်းထောင် လုပ်ထုံးလုပ်နည်းမှာပါဝင်တဲ့ အခွင့်အရေး အားလုံးရရှိမယ်လို့ ဖြေကြားခဲ့ပါတယ်။

စစ်ကောင်စီရဲ့ က လက်တွေ့ကွပ်မျက်မယ်ဆိုတဲ့ ပြောဆိုချက်ကြောင့် ကုလသမဂ္ဂနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝန်းက ပြင်းပြင်းထန်ထန် ဝိုင်းဝန်းကန့်ကွက်ခဲ့ပြီးနောက်မှာ အခုလို သူတို့နှစ်ဦးကို မိသားစုဝင်တွေနဲ့ တွေ့ခွင့်ပြုတဲ့သတင်း ပေါ်ထွက်လာတာဖြစ်ပါတယ်။

ဒီကနေ့ တွေ့ဆုံခွင့်ပြုရာမှာ သူတို့ကို မိသားစုဝင်တွေက တိုက်ရိုက်တွေ့ဆုံ ပြောကြားခွင့်ပြုတာ မဟုတ်ဘဲ ဗီဒီယိုစနစ်နဲ့ တွေ့ခွင်ပြုတာ ဖြစ်ပါတယ်။

မိသားစုဝင်တွေနဲ့ သူတို့ဘာတွေပြောကြားခဲ့သလဲဆိုတာ မသိရသေးသလို အခုလိုတွေ့ခွင်ပြုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တရားဝင် ထုတ်ပြန်ပြောကြားခြင်းလည်း မရှိသေးပါဘူး။

အင်းစိန်ထောင် အသိုင်းအဝန်းကရတဲ့ သတင်းအရဆိုရင်တော့ ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ ကျန်းမာရေးကောင်းမွန်နေတယ်လို့ သိရပါတယ်။


Original Post: RFA Burmese

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia