အာဏာသိမ်းတစ်နှစ်ကျော်အတွင်း NLD ပါတီဝင် ၄၈ ဦး သေဆုံး

18 July 2022

48 NLD members (Myanmar)

အာဏာသိမ်းတစ်နှစ်ကျော်အတွင်း NLD ပါတီဝင် ၄၈ ဦး သေဆုံး

ဘီးလင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်း၊ NLD ပါတီ အတွင်းရေးမှူး ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းနှင့် ပဲခူးတိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေ တို့ကို တွေ့ရစဥ်  – Photo: Citizen Journalist

By RFA Burmese

စစ်တပ်အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်အတွင်း လွှတ်တော်အမတ် သုံးဦးအပါအဝင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ၄၈ ဦး သေဆုံးပြီး ပါတီဝင် ၉၆၀ ကျော် အဖမ်းခံ ထားရတယ်လို့ NLD ပါတီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းကောက်ယူရေးအဖွဲ့က RFA ကို ပြောပါတယ်။

သေဆုံးသူ ၄၈ ဦးမှာ စစ်ကြောရေးကာလ သေဆုံးသူ ၁၁ ဦး၊ ထောင်တွင်း သေဆုံးသူ ရှစ်ဦးနဲ့ အကြောင်းမဲ့ သတ်ဖြတ်ခံရသူ ၂၉ ဦးဖြစ်ပြီး အဲဒီအထဲမှာ လွှတ်တော်ကိုယ်စား လှယ် သုံးဦး ပါဝင်ပါတယ်။

စစ်ကိုင်းနဲ့ မကွေးတိုင်းထဲက ကျေးရွာတွေမှာဆိုရင် ပါတီဝင်မဟုတ်ဘဲ ပါတီကို ထောက်ခံ တယ်ဆိုရင်တောင် စစ်တပ်နဲ့ ပျူစောထီးအဖွဲ့တွေက အိမ်မီးရှို့တာ၊ နေရာမှာတင် ပစ်သတ် တာမျိုးတွေကို ကျူးလွန်နေတယ်လို့ NLD လူ့အခွင့်အရေး မှတ်တမ်းအဖွဲ့ တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးက ပြောပါတယ်။

“ဖမ်းဆီးခံထားရတဲ့အချိန်မှာ ပါတီဝင်မှန်း သိသွားလို့ ပုဒ်မတွေ ထပ်တိုးလိုက်တာတွေ ကြုံရလို့ ပါတီဝင်စာရင်း မသွင်းထားတာတွေလည်း ရှိပါသေးတယ်။ စစ်ကိုင်း၊ မကွေး ဘက်က ရွာတွေ မှာဆိုရင် စစ်ကြောင်းတွေ ထိုးတဲ့အခါမှာ ဒလန်တွေက ပါတီဝင် တောင် မဟုတ်ဘူး၊ ပါတီထောက်ခံသူတွေ ဆိုရုံနဲ့တင် အဲဒီအိမ် အရင်မီးရှို့ကွာ ဆိုတာမျိုး လုပ်တယ်လို့ ကျနော်တို့ ကြားရပါတယ်။ မပြေးနိုင်လို့ ဖမ်းမိတယ် ဆိုရင်လည်း ပါတီဝင်ဆိုပြီး တစ်ခါတည်း သတ်ပစ်တယ်လို့လည်း နယ်ခံတွေက သတင်းပို့ကြပါတယ်”

အကြောင်းအမျိုးမျိုးနဲ့ အသတ်ခံရသူ၊ သေဆုံးသူ ၄၈ ဦးမှာ အမျိုးသား ၄၃ ဦး၊ အမျိုးသမီး ငါးဦး ပါဝင်ပါတယ်။ အဲဒီပုဂ္ဂိုလ်တွေကတော့ ကချင်ပြည်နယ်က နှစ်ဦး၊ ရှမ်းပြည်နယ်က တစ်ဦး၊ ရန်ကုန်တိုင်းက ၁၁ ဦး၊ မန္တလေးတိုင်း ၁၄ ဦး၊ ပဲခူးတိုင်းမှာ ခုနစ်ဦး၊ တနင်္သာရီတိုင်း မှာ လေးဦးနဲ့ ကျန်သူတွေက စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ မွန်ပြည်နယ်က ဖြစ်ပါတယ်။

ဖမ်းဆီးခံရချိန် ထောင်တွင်း သေဆုံးခဲ့သူ ရှစ်ဦးထဲမှာ NLD ရဲ့ သက်တမ်းရင့် ပါတီဝင် တစ်ဦးဖြစ်တဲ့ ပါတီအတွင်းရေးမှူး ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်း လည်း ပါဝင်ပါတယ်။

သေဆုံးခဲ့တဲ့ လွှတ်တော်အမတ် သုံးဦးထဲမှာတော့ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်းဟာ ဖမ်းဆီးခံရပြီးမှ ရက်ရက်စက်စက် အသတ် ခံခဲ့ရတာပါ။ သူ့ ရုပ်အလောင်းကို ဇူလိုင်လ ၆ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့နယ်၊ မင်းစောကျေးရွာအနီးမှာ ပြန်တွေ့ခဲ့တာပါ။

ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့ ရုပ်အလောင်းကို မိသားစုထံ လူ့ဂုဏ်သိက္ခာနဲ့အညီ ပြန်ပေးတာမျိုးကိုတောင် စစ်ကောင်စီက မလုပ်ခဲ့ဘူးလို့ လုံခြုံရေး အရ အမည်မဖော်လိုတဲ့ ဦးကျော်မျိုးမင်းရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးက RFA ကို ပြော ပါတယ်။

“တွေ့တဲ့အခါကျတော့ လက်ပြန်ကြိုး တုပ်ထားတယ်။ ခေါင်းကို ချောင်းအစပ်မှာ မြုပ်ထားတယ်။ ခေါင်းကိုပါ မြေကြီးထဲ မြုပ်ထားတယ်။ Body ကို ကျတော့ ဘယ်လိုလဲဆိုတော့ ဒီကောင်တွေက ဘယ်လောက်လဲဆိုတော့ ကောင်းကောင်း မွန်မွန်တောင် မမြုပ်ဘူး။ ပစ်ချထားတဲ့ ပုံစံမျိုးပေါ့နော်။ ခေါင်းဗွက်ထဲမြုပ်နေတယ် ဆိုတာလည်း ကျနော်အထင်တော့ ဒီရက်ပိုင်းမှာ မိုးနည်းနည်းရွာတော့ နုန်းတွေ၊ ဘာတွေ တက်လာပြီးတော့ မြုပ်သွားတာမျိုး ဖြစ်နိုင်တယ်။ ဒီတိုင်းပဲ ပစ်ချထားခဲ့ ပြီးတော့ သစ်ရွက်တွေနဲ့ အုပ်သွားတာပေါ့နော်”

သေဆုံးခဲ့သူ နောက်ထပ် လွှတ်တော်အမတ်နှစ်ဦးကတော့ ပဲခူးတိုင်း လွှတ်တော်ကိုယ်စား လှယ် ဦးညွန့်ရွှေနဲ့ တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်ရီ တို့ ဖြစ်ပါတယ်။ ဦးညွန့်ရွှေက ကိုဗစ်ကပ်ရောဂါကြောင့် ထောင်ထဲမှာပဲ သေ ဆုံးခဲ့ပြီး အသက် ၇၀ ကျော်အရွယ် ဒေါ်တင်ရီကတော့ ဖမ်းဆီးခံရမှာစိုးလို့ တိမ်းရှောင် နေရင်း ကွယ်လွန်သွားခဲ့တာပါ။

“ပြေးနိုင်လို့ ဖမ်းမိတယ် ဆိုရင်လည်း ပါတီဝင်ဆိုပြီး တစ်ခါတည်း သတ်ပစ်တယ်”

အကြောင်းမဲ့ သတ်ဖြတ်ခံရသူ ၂၉ ဦးကတော့ စစ်မှုထမ်းဟောင်းတွေ၊ အမျိုးသားရေး လှုပ်ရှားသူတွေ၊ ကြံ့ခိုင်ရေးပါတီဝင်တွေ သူတို့ကိုထောက်ခံသူတွေနဲ့ ဖွဲ့စည်းထားတဲ့ သွေးသောက်အဖွဲ့ရဲ့ လက်ချက်နဲ့ သေဆုံးခဲ့တာလို့ NLD ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။

NLD ပါတီ၊ စမ်းချောင်းမြို့နယ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုဦး ကတော့ အခုလို ကိစ္စတွေအတွက် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ အပြည့်အဝ တာဝန်ရှိ တယ်လို့ RFA ကို ပြောပါတယ်။

“အလုပ်မှုဆောင်အဖွဲ့ဝင်တွေကို ပိုပြီးတော့ ပစ်မှတ်ထားတာပေါ့နော်။ နောက်ပြီးတော့ သာမန် ပါတီဝင်တွေရော၊ နောက်ပြီးတော့ သတင်းအရ အဖွဲ့ဝင်တွေရော၊ သာမန် တက်ကြွစွာလှုပ်ရှားတဲ့ သူတွေရော ဒီအတိုင်းပဲ တစ်တန်းတည်းထားပြီးတော့ ရန်ငြိုးနဲ့ လုပ်နေတာပေါ့ဗျာ။ စစ်ကောင်စီရဲ့ အဓိကခေါင်းဆောင်ကကို လူမိုက်အားပေးဖြစ်နေ တော့၊ လူရမ်းကားတစ်ယောက် ဖြစ်နေတော့ ဒါတွေ တောက်လျှောက် ဖြစ်လာတာပေါ့။ မကြားချင်စရာတွေချည်းပဲ အကုန်လုံး တောက်လျှောက် ကြားနေရတာဗျာ။ မြန်မာ နိုင်ငံအနေနဲ့ကတော့ အင်မတန် ရှက်စရာကောင်းပါတယ်”

လက်ရှိ အခြေအနေမှာတော့ NLD ပါတီ ဗဟိုအဆင့်ကနေ ရပ်/ကျေး အဆင့်အထိ အဖွဲ့ဝင်တွေ အားလုံး ကိုယ့်အိမ်မှာကို အေးအေးချမ်းချမ်းနေဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တော့ တဲ့ အခြေအနေမျိုး ဖြစ်တယ်လို့ ဦးဘိုဘိုဦးက ပြောပါတယ်။

စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် NLD ဘီးလင်းမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးကျော်မျိုးမင်း၏ ရုပ်အလောင်း မြှပ်ထားသည့်နေရာကို တွေ့ရစဥ် (Photo: CJ)  

၂၀၂၀ ရွေးကောက်ပွဲမှာ NLD လွှတ်တော်ကိုယ်စားလှယ် ၉၂၀ အနိုင်ရခဲ့ပြီး အဲဒီအထဲမှာ အဖမ်းခံရသူ ၁၀၉ ဦး၊ ကွယ်လွန်သူ သုံးဦးနဲ့ နိုင်ငံရေးမလုပ်ပါဘူးဆိုပြီး စစ်ကောင်စီထံမှာ ဝန်ခံကတိထိုးထားတဲ့ NLD အမတ် က အယောက် ၂၀ လောက်ရှိပါတယ်။ ကျန်တဲ့လွှတ် တော်အမတ်အများစုကတော့ ဖမ်းဆီးနှိပ်စက်ခံရမှာကို စိုးရိမ်တာကြောင့် နယ်စပ်ဒေသ အပါအဝင် ဘေးလွတ်ရာမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဦးကျော်ထွေးက ဆို ပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ အကြိမ်ကြိမ်ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပါဘူး။ ၂၀၂၁ ခုနှစ် အောက်တို ဘာ ၆ ရက် နေ့ မေးမြန်းချက်မှာတော့ စစ်တပ်အနေနဲ့ NLD ပါတီကို ပစ်မှတ်ထားနေတာ မဟုတ်ဘဲ NLD ကိုယ်စားလှယ်တွေနဲ့ ပါတီဝင်တွေဟာ အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်နေ လို့ ဖမ်းဆီးအရေးယူတာလို့ တုံ့ပြန်ခဲ့ဖူးပါတယ်။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် ကတော့ စစ်ကောင်စီရဲ့ လက်ရှိလုပ်ရပ်တွေဟာ NLD ပါတီကို မြန်မာ့နိုင်ငံရေးလောကကနေ အပြီးတိုင် ဖယ်ရှားပစ်ဖို့ ရည်ရွယ်နေတာလို့ မှတ်ချက်ပေး ပါတယ်။

“NLD ပါတီဝင်တွေ၊ ခေါင်းဆောင်တွေ သေသွားလည်း အရေးမကြီးဘူးဆိုတဲ့ မှတ်ချက်သဘောထားတွေ ပေးထားပုံ ရပါတယ်။ အဲဒါကြောင့်လည်း စစ်ကောင်စီရဲ့ စစ်ကြောရေးစခန်းမှာ အခုလို တရားမဲ့၊ အထိန်းမဲ့ သတ်ဖြတ် ခံနေရတဲ့ အဖြစ်ဆိုးနဲ့ ကြုံရပါတယ်။ NLD ပါတီ မြန်မာ့နိုင်ငံရေးလောကမှာ ပြန်ဝင်မလာနိုင်ရေး၊ ဖယ်ရှား ပစ်နိုင်ရေး၊ ဒီ NLD ပါတီရဲ့ အမာခံတွေ၊ ခေါင်းဆောင်တွေ မှန်သမျှ ဖမ်းဆီးမယ်၊ သတ်ဖြတ်မယ်၊ နှစ်ရှည်ထောင်ချမယ်။ အဲဒီ သဘောထားတွေနဲ့ လုပ်နေတယ်လို့ ကျနော်က ယူဆပါတယ်”

စစ်တပ် အာဏာသိမ်းပြီးတဲ့နောက်မှာ NLD ပါတီဝင်တွေသာမက အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူ ၉၄၆၉ ဦး အဖမ်းခံထားရပြီး သေဆုံးသူက ၂၆၃၆ ဦးအထိ ရှိကြောင်းလည်း NLD ပါတီ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်း ကောက်ယူရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။


Original Post: RFA Burmese

 

Announcements

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia