ရွာသား ၇ ဦးကို လည်ပင်းကြိုးချည်၍ စစ်ကားနောက် တရွတ်တိုက်ဆွဲနှိပ်စက်

12 July 2022

Arbitrary Arrests and Killings (Myaing Township)

ရွာသား ၇ ဦးကို လည်ပင်းကြိုးချည်၍ စစ်ကားနောက် တရွတ်တိုက်ဆွဲနှိပ်စက်

မကွေးတိုင်း မြိုင်မြို့နယ်တွင် စစ်တပ်ရန်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ဒေသခံများကို ယခုလဆန်းပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ​ – Supplied)

စစ်ကားနောက် တရွတ်တိုက်ဆွဲခေါ်ခံရသူများအနက် လေးဦးမှာ သေဆုံးသွားပြီး မီးရှို့ပစ်လိုက်သည်ဟု မြိုင် PDF ထံမှ သိရသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။

By Myanmar Now

စစ်တပ်က ရွာသား ၇ ဦးကို ဖမ်းဆီးကာ လည်ပင်းကြိုးချည်၍ စစ်ကားနောက် တရွတ်တိုက်ဆွဲနှိပ်စက်ကြောင်း၊ သေဆုံးသူရှိနိုင်ကြောင်း မကွေးတိုင်းအနောက်မြောက်ခြမ်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ထံမှ သိရသည်။

အင်အား ၈၀ ခန့်ဖြင့် မြိုင်မြို့နယ်အနောက်ပိုင်းကို စစ်ကြောင်းထိုးနေသော စစ်တပ်က ယခုလ ၁၀ ရက်တွင် ဒေသခံ ရွာသား ၇ ဦးကို ထိုသို့ဖမ်းဆီးနှိပ်စက်ခြင်းဖြစ်သည်ဟု မြိုင် PDF မှ တပ်ရင်းမှူးတစ်ဦးဖြစ်သူ ဗိုလ်လက်ယာက ပြောသည်။

“သုံးယောက်က သန်တုန်းမြန်တုန်းဆိုတော့ ပြေးလိုက်နိုင်တယ်။ လေးယောက်ကတော့ ပြေးမလိုက်နိုင်ဘူး။ ဆုံးတယ်လို့ ကြားတယ်။ မပြေးနိုင်တဲ့လူတွေက မှောက်တာတို့၊ ပက်လက်လန်တာတို့ ရှိမှာပေါ့။ ကားနဲ့ ဆွဲသွားတာဆိုတော့” ဟု ၎င်းက ပြောသည်။

လည်ပင်းကြိုးချည်၍ ကားဖြင့် တရွတ်တိုက်ဆွဲသွားသည်ကို အဝေးကြည့်မှန်ပြောင်းဖြင့် မြင်ရခြင်းဖြစ်ကာ ဓာတ်ပုံရိုက်ယူလိုက်နိုင်ခြင်း မရှိကြောင်းလည်း ဗိုလ်လက်ယာက ဆိုသည်။

“ဓာတ်ပုံရိုက်ဖို့ကတော့ အဆင်မပြေလိုက်ဘူး။ မှန်ပြောင်းနဲ့ ဆွဲကြည့်တာတော့ လည်ပင်းကြိုးချည်ပြီး တရွတ်တိုက်ဆွဲသွားတာ။ ကားနောက်ကနေ ၇ ယောက်လုံးကို ဆွဲသွားတာပဲ”

ဖမ်းဆီးနှိပ်စက်ခံရသူများမှာ မြိုင်နှင့် ပေါက်မြို့နယ်အစပ်ရှိ ကမ္ဘားဖြူရွာမှာ အမျိုးသား ၅ ဦးနှင့် အရှေ့မြောက်ဘက်တစ်မိုင်အကွာ တောင်ရိုးရွာမှ ၂ ဦးဖြစ်ကြောင်း၊ မြိုင်မြို့အစပ်ထိ ကားဖြင့် တရွတ်တိုက်ဆွဲခေါ်သွားခြင်းဖြစ်သည်ဟု သိရသည်။

ထိုနေ့ နံနက်ပိုင်းက စစ်တပ်က တောင်ရိုးရွာကို ဦးဆုံးဝင်ရောက်ကာ ရွာသားနှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ထို့နောက် ကမ္ဘားဖြူရွာကို ဆက်လက်စီးနင်းပြီး မပြေးနိုင်သည့် အသက်ကြီးရွယ်အိုသုံးဦး၊ အသက် ၁၆ နှစ်အရွယ် တစ်ဦးနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် ကမ္ဘားဖြူရွာအတွင်း အိမ်များကို မွှေနှောက်ဖျက်ဆီးကာ ဆိုင်ကယ်အစီး ၃၀ ထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့သည်ဟုလည်း သိရသည်။

စစ်ကားနောက် တရွတ်တိုက်ဆွဲခေါ်ခံရသူများအနက် လေးဦးမှာ သေဆုံးသွားပြီး မီးရှို့ပစ်လိုက်သည်ဟု မြိုင် PDF ထံမှ သိရသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

စစ်ကောင်စီတပ်သည် မြိုင်မြို့နယ်အနောက်ပိုင်း ကျောက်ခွက်ရွာ၊ ဆူးဝင်းရွာတို့အနီးရှိ ရေနံတွင်းများကို မီးရှို့ရင်း စစ်ကြောင်းထိုးလျက်ရှိရာ ကျေးရွာပေါင်း ၁၀ ရွာမှ ထောင်နှင့်ချီသည့် ရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးနေရသည်။

ယောဒေသ၊ စစ်ကိုင်းတိုင်းတောင်ပိုင်းမှ မြို့နယ်အချို့နှင့် ထိစပ်နေသော မြိုင်တွင် စစ်ကောင်စီက စစ်ကြောင်းများခွဲကာ ကျေးရွာများကို ဆက်တိုက်ဝင်ရောက်စီးနင်းနေသည်။

English version.


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia