ရန်ကုန်ဆန္ဒပြပွဲ ကားဖြင့်တိုက်ဖြိုခွင်းခံရပြီး တစ်ဦးဒဏ်ရာရ

ရန်ကုန်ဆန္ဒပြပွဲ ကားဖြင့်တိုက်ဖြိုခွင်းခံရပြီး တစ်ဦးဒဏ်ရာရ

ရန်ကုန်မြို့ လှိုင်မြို့နယ် သုခမှတ်တိုင်အနီးတွင် ဇူလိုင် ၇ ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလူငယ်အဖွဲ့ကို စစ်ကောင်စီ ကားဖြင့်တိုက် ဖြိုခွင်းစဉ်။ ဓာတ်ပုံ-ပေးပို့

ဇူလိုင် ၇ နှစ်ပတ်လည်နေ့တွင် စစ်ကောင်စီတပ်က ရန်ကုန်မြို့ ဆန္ဒပြလူအုပ်ကို ကားဖြင့် ဝင်တိုက်ပြီး အသံဗုံးပစ်ကာ ဖမ်းဆီးရန် ကြိုးပမ်းခဲ့သည်။

By Myanmar Now

ရန်ကုန်တွင် ယနေ့ (ဇူလိုင် ၇) ညနေ ၃ နာရီခွဲခန့်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသည့် လူငယ်များကို စစ်ကောင်စီက အသံဗုံးဖြင့်ပစ်၊ ကားဖြင့်တိုက်၍ ဖြိုခွင်းသဖြင့် အမျိုးသားတစ်ဦး ဒဏ်ရာရသွားသည်။

၂၀ ဦးခန့်ပါ လူငယ်အဖွဲ့ လှိုင်မြို့နယ် သုခမှတ်တိုင်အနီး ဆန္ဒပြချိန် တစ်မိနစ်မပြည့်မီ ထိုသို့ ဖြိုခွင်းခံရခြင်းဖြစ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) ရန်ကုန်ခရိုင်ဥက္ကဋ္ဌ ကိုမြတ်မင်းခန့်က အတည်ပြုသည်။

ထိုဖြစ်စဉ်ကို ရိုက်ကူးထားသည့် ရုပ်သံမှတ်တမ်းတစ်ခုကိုလည်း ရရှိထားပြီး ဆန္ဒပြလူအုပ်အတွင်း ကားလမ်းမဘက် အစွန်ဆုံးတွင် လိုက်ပါလာသူတစ်ဦးကို နောက်မှ ဝင်တိုက်သည့် ယာဉ်အမှတ် YGN 7J-5050 ဆလွန်းကား အဖြူရောင်မှာ Toyota Belta အမျိုးအစားဖြစ်ကြောင်း တွေ့ရသည်။

ပိတ်ဖြူပေါ်တွင် ရေးသားထားသည့် “7 July စိတ်ဓာတ် လက်စွဲသုံး၊ ကမ္ဘာသစ်အတွက် ဒို့အတူရုန်း၊ 7,7,62 မမေ့ကြနဲ့” ကြွေးကြော်သံ ခေါင်းစီးစာတန်းကို ကိုင်ဆောင်ထားသည့် ထိုလူငယ်မှာ ကားဖြင့် ဝင်တိုက်သည့် အရှိန်ကြောင့် လွင့်စဉ်ထွက်သွားသည်ကို ထိုရုပ်သံ၌ ထင်ရှားစွာ မြင်ရသည်။

“ကားတိုက်ခံရတဲ့ တစ်ယောယောက်ကတော့ အဖမ်းမခံရဘဲ လွတ်သွားပါတယ်။ လက်ရှိမှာ ဒဏ်ရာတော့ ရထားတယ်။ အသက်အန္တရာယ် စိုးရိမ်စရာမရှိပေမဲ့ ဘာဖြစ်သွားလဲ အတိအကျတော့ မသိရသေးဘူး။ တခြားရဲဘော်တွေမှာ ဒဏ်ရာအပြင်းအထန်တော့ မရှိဘူး။ အသေးစားထိခိုက်မှုတော့ မသိရသေးပါဘူး” ဟု ကိုမြတ်မင်းခန့်က ပြောသည်။

ဆန္ဒပြလူငယ်ကို ဝင်တိုက်သည့် ကားအတွင်းမှ ဆန္ဒပြလူစုထံသို့ အနက်ရောင်အထုပ်တစ်ထုပ်ပစ်ချရာ ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ကြောင်း၊ အသံဗုံးဟု ယူဆရကြောင်း ၎င်းက ဆက်ပြောသည်။

“ကားက ဝင်တိုက်မှ သိတယ်။ ကားက အသံဗုံးချပြီး ရှပ်တိုက်သွားတာ။ အသံကြားကြားချင်း အကုန်ပြေးရတာပဲ။ တိုက်ဖို့လည်း ကားမီးကို စုံအချက်ပြထားတာ ထင်တယ်” ဟု ဆန္ဒပြပွဲတွင် ပါဝင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုကားအတွင်းမှ သေနတ်ပြောင်းထွက်လာသည်ကို တွေ့ခဲ့ရသည်ဟုလည်း အမျိုးသားတစ်ဦးက ပြောသည်။

“သပိတ်ထွက်လာပြီး စက္ကန့်ပိုင်းမှာပဲ နောက်ကနေ အိမ်စီးကားက ဖြတ်တိုက်တာ။ အစွန်ဆုံး ဘယ်အစွန်ဆုံးက ယောက်ျားလေးကို ကားနဲ့ တိုက်လိုက်တာ။ အဲဒီကောင်လေး လွင့်သွားတာ မြင်လိုက်ရတယ်” ဟု သူက ဆိုသည်။

ဆန္ဒပြလူငယ်အားလုံးနီးပါး ထိုနေရာမှ လုံခြုံစွာ ထွက်လာနိုင်ခဲ့သည်ဟု ကိုမြတ်မင်းခန့်ထံမှ သိရသည်။ အခြားသော ဗကသကျောင်းသားတစ်ဦးကမူ ဆန္ဒပြလူငယ်အမျိုးသားတစ်ဦးကို ထိုဖြစ်စဉ်အပြီး ၂ နာရီကျော်သည်အထိ အဆက်အသွယ်မရဟု ညနေပိုင်းတွင် ပြောသည်။

ဖမ်းဆီးခံရသူရှိမရှိ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ရန်ကုန်မြို့ လှိုင်မြို့နယ် သုခမှတ်တိုင်အနီးတွင် ဇူလိုင် ၇ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလူငယ်အဖွဲ့ကို စစ်ကောင်စီ ကားဖြင့်တိုက် မဖြိုခွင်းမီ စက္ကန့်ပိုင်းအလိုတွင် တွေ့ရစဉ်။ ဓာတ်ပုံ-ပေးပို့

ကားဖြင့်အတိုက်ခံရသည့် လူငယ်မှာမူ လက်ရှိတွင် ဘေးကင်းသည့်နေရာ ရောက်နေပြီဖြစ်ကြောင်း ၎င်း၏သူငယ်ချင်းတစ်ဦးက Facebook တွင် ရေးသားထားသည်ကို တွေ့ရသည်။

“အိမ်က အမေနဲ့ အဖေကို မျက်နှာထဲ ပြန်မြင်ပြီး ဇောနဲ့ ထပြေးရတာ အခုတော့ အရမ်းနာနေတယ်” ဟု ကားဖြင့်တိုက်ခံရသည့် လူငယ်က Messenger မှတစ်ဆင့် ပြောထားသည်ကို သူငယ်ချင်းက ပုံရိပ်ဖမ်းကာ Facebook တွင် မျှဝေထားခြင်းဖြစ်သည်။

ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အအုံကို စစ်အာဏာရှင်ဟောင်း ဦးနေဝင်းက မိုင်းဖြင့် ခွဲ၍ ဖြိုချဖျက်ဆီးပစ်သည်အထိ ပြင်းထန်ခဲ့သည့် ကျောင်းသားလှုပ်ရှားမှု နှစ် ၆၀ ပြည့်ချိန် ယနေ့တွင် ဆဲဗင်းဂျူလိုင်လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် လူငယ်တို့က ရန်ကုန်အပါအဝင် ဒေသတချို့တွင် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

ရန်ကုန်ဆန္ဒပြမှုကို ကားဖြင့်ဝင်တိုက် ဖြိုခွဲအပြီး နာရီဝက်အတွင်း လှိုင်မြို့နယ်၊ သုခလမ်းနှင့် ဓမ္မာရုံလမ်းထိပ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အရပ်ဝတ်ဖြင့် အလုံးအရင်းရောက်နေကြောင်း၊ သုခဘတ်စကားမှတ်တိုင်အနီးရှိ Car Service Shoowroom ထဲသို့ ဝင်ရောက်စစ်ဆေးနေကြောင်း လှိုင်မြို့နယ်သတင်းများဖော်ပြနေသည့် Hlaing Info Facebook တွင် ရေးသားထားသည်။

အာဏာသိမ်းပြီးနောက် တစ်နှစ်ခွဲကျော်ကြာမြင့်လာချိန်တွင် ရန်ကုန်မြို့၌ စစ်ကောင်စီက ဆန္ဒပြသူများကို ကားဖြင့်တိုက်၍ ဖြိုခွင်းမှုမှာ ၄ကြိမ်အထိ ရှိလာပြီဖြစ်သည်။

မေ ၃၀ နံနက်ပိုင်းက ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်တွင် ဆန္ဒပြသော ကျောင်းသား ၅ ဦး ကားဖြင့်တိုက် ဖမ်းဆီးခံလိုက်ရခြင်းမှာ တတိယအကြိမ်ဖြစ်ကြောင်း ကိုမြတ်မင်းခန့်ထံမှ သိရသည်။

တောင်ဥက္ကလာပမြို့နယ်၊ သုမင်္ဂလာလမ်းမှ ရတနာလမ်းထောင့် မီးပွိုင့်အထိ နံနက် ၁၁ နာရီခန့်တွင် ဆန္ဒပြအပြီး လူစုခွဲချိန်တွင် စစ်ကောင်စီတပ်ဖွဲ့က အိမ်စီးကားဖြင့် ဝင်တိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ဧပြီ ၂၀ ရက်ကလည်း တောင်ဥက္ကလာပမြို့နယ်၌ပင် ပြုလုပ်သည့် ဆန္ဒပြပွဲကို စစ်ကောင်စီက ကားဖြင့်တိုက် ဖြိုခွင်းခဲ့ဖူးကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ အမျိုးသမီး ၂ ဦးနှင့် အငှားယာဉ်မောင်း အမျိုးသားတစ်ဦး ရိုက်နှက်ဖမ်းဆီးခံခဲ့ရကြောင်း ကိုမြတ်မင်းခန့်က ဆိုသည်။

ဆန္ဒပြပွဲကို ပထမဆုံးအကြိမ် ကားဖြင့်တိုက် ဖြိုခွင်းမှုမှာ ၂၀၂၁ ၊ ဒီဇင်ဘာ ၅ ရက်တွင် ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းတွင် ပေါ်ပေါက်ခဲ့ပြီး ထိုဖြစ်စဉ်မှာ ထင်ရှားသည်။

ထိုဖြစ်စဉ်တွင် အပြင်းအထန်ထိခိုက်ဒဏ်ရာရသူများရှိခဲ့ပြီး ဒဏ်ရာရသူ ၃ ဦးအပါအဝင် ၁၁ ဦးဖမ်းဆီးရမိသည်ဟု စစ်ကောင်စီဘက်က သတင်းထုတ်ပြန်သည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်း မရှိသေးပေ။

English version.


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia