08 June 2022
Ko Zaw Zaw (Myanmar Journalist)
စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီလက အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုနှင့် စစ်ကောင်စီတပ်၏ တုံ့ပြန်မှုကို သတင်းယူနေသည့် ရန်ကုန်မှ သတင်းသမားများ (ဓာတ်ပုံ – EPA)
By Myanmar Now
စစ်ကောင်စီက သတင်းထောက်ဟောင်းကို တစ်လကျော်ကြာ စစ်ကြောပြီးနောက် သူ၏ Facebook ပို့စ်တစ်ခုက ဆူပူအောင်လှုံ့ဆော်ရာရောက်သည်ဟု စွပ်စွဲကာ အမှုဖွင့်လိုက်သည်။
By Myanmar Now
ဧပြီလတွင် စစ်တပ်က ဖမ်းလိုက်သည့် မန္တလေးမြို့မှ သတင်းထောက်ဟောင်း ကိုဇော်ဇော်သည် ယနေ့ (ဇွန် ၈) တွင် နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်တွင်းတရားရုံးတွင် ရုံးထုတ်စစ်ဆေးခံရသည်ဟု ရှေ့နေအသိုင်းအဝိုင်းထံမှ သိရသည်။
စစ်ကောင်စီ၏ ထောက်လှမ်းရေး စစ်ကြောရေးစခန်းတွင် ကာလအတန်ကြာ အစစ်ခံရပြီးနောက် ယခင်က Facebook လူမှုကွန်ရက်တွင် သူတင်ခဲ့သည်ဆိုသော ပို့စ်တစ်ခုကို အကြောင်းပြု၍ အမှုဖွင့်ထားခြင်းဖြစ်သည်ဟု ရှေ့နေတစ်ဦးက ပြောသည်။
“သူက ဘာမှ လုပ်မထားဘူး။ စစ်ကြောရေးမှာ စစ်ဆေးတော့လည်း ဘာမှ မတွေ့ဘူး၊ လူမှုကွန်ရက်မှာ တင်ခဲ့တဲ့ ပို့စ်တစ်ခုပဲ တွေ့တယ်။ အဲဒီပို့စ်နဲ့ပဲ အမှုတင်ထားတယ်လို့ သိရပါတယ်”ဟု မန္တလေး တရားလွှတ်တော်ရှေ့နေတစ်ဦးက Myanmar Now ကို ပြောသည်။
သို့ရာတွင် တရားစွဲဆိုရသည့် အဆိုပါပို့စ်မှာ မည်သည့်အကြောင်းအရာဆိုသည်ကိုမူ အသေးစိတ်မသိရပေ။
ပြီးခဲ့သည့် ဧပြီ ၉ တွင် ဧရာဝတီသတင်းဌာနမှ သတင်းထောက်ဟောင်းဖြစ်သည့် ကိုဇော်ဇော် အဖမ်းခံရပြီး နန်းတွင်းစစ်ကြောရေးသို့ ပို့ဆောင်စစ်ဆေးခံခဲ့ရကြောင်း ၎င်းနှင့် နီးစပ်သူ သူငယ်ချင်းများထံမှ သိရပြီး ထို့နောက် တစ်လခွဲခန့်အကြာ မေ ၁၆ ရက်တွင် အိုးဘိုအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သည်။
ဇွန် ၆ တွင် အွန်လိုင်းဗီဒီယိုစနစ်ဖြင့် ပထမဆုံးအကြိမ် အမှုရင်ဆိုင်ခဲ့ရပြီး ယနေ့တွင် သူ့ကို ထောင်တွင်းတရားရုံးသို့ ခေါ်ဆောင်ပြီး အမှုကို စွဲတင်ခြင်း၊ ရှေ့နေပါဝါတင်ခြင်းများ လုပ်ဆောင်ခဲ့သည်ဟု ရှေ့နေများထံမှ သိရသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ တွင် နိုင်ငံတော်အာဏာကို စစ်တပ်က သိမ်းယူခဲ့ပြီးနောက် တစ်နိုင်ငံလုံးမှ ပြည်သူလူထုက အာဏာသိမ်းမှုကို လက်မခံ ဆန္ဒပြခဲ့ကြသည်။ ယင်းဆန့်ကျင်ဆန္ဒပြမှုများ၊ ဆန္ဒပြသူများကို အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုများကို သတင်းတင်ဆက်ခဲ့ကြသည့် သတင်းဌာနများကို စစ်ကောင်စီက ပိတ်သိမ်းကြောင်း ကြေညာခဲ့ရာတွင် ဧရာဝတီသတင်းဌာနလည်း ပါဝင်ခဲ့သည်။
ကိုဇော်ဇော်သည် ဧရာဝတီသတင်းဌာနကို စစ်ကောင်စီက ပိတ်သိမ်းကြောင်း ကြေညာပြီးနောက်ပိုင်းတွင် သတင်းထောက်အလုပ်မှ အနားယူခဲ့သူဖြစ်သည်။
ပြီးခဲ့သည့်နှစ် ဇန်နဝါရီကလည်း စစ်ကိုင်းမြို့အခြေစိုက် ဇေယျာတိုင်းသတင်းဌာနတွင် လုပ်ကိုင်ခဲ့ဖူးသည့် ဒုအယ်ဒီတာ ကိုပြည့်ဖြိုးအောင်၊ သတင်းထောက် ကိုမြင့်မြတ်အောင် (ခေါ်) ကိုဒီမြတ်ငြိမ်းတို့ကို စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) ဖြင့်ပင် ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့သည်။
စစ်ကောင်စီက နိုင်ငံအနှံ့တွင် ဆန့်ကျင်သူတို့ကို ဖမ်းဆီးခဲ့ရာ လက်ရှိအချိန်အထိ ဆက်လက် ဖမ်းဆီးခံနေရသူများအနက် ၁၀၉၆၂ ဦး၏ အချက်အလက်များကို မှတ်တမ်းတင်ထားနိုင်သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇွန် ၆ တွင် သတင်းထုတ်ပြန်ထားသည်။
ဆက်လက် ဖမ်းဆီးခံနေရသူများထဲတွင် သတင်းသမား ၅၀ ခန့် ပါဝင်သည်။
Original Post: Myanmar Now
04 April 2025
13 March 2025
28 February 2025
25 February 2025
25 February 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.