မြိုင်တောင်ပိုင်းတွင် လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရသူ ၆ ဦး၏ အလောင်းများ တွေ့

27 May 2022

မြိုင်တောင်ပိုင်းတွင် လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရသူ ၆ ဦး၏ အလောင်းများ တွေ့

ကျောက်ခွက်ရွာမြောက်ဘက် ၃ ဖာလုံအကွာတွင် ယမန်နေ့ မေ ၂၆ က တွေ့ရသည့် ရုပ်အလောင်းများအနက် တစ်လောင်းကို တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

စစ်တပ် ဖမ်းသွားသည့် မကွေးတိုင်း၊ မြိုင်မြို့မှ ဒေသခံ ၄၀ ဝန်းကျင်ထဲမှ ၆ ဦးကို သေဆုံးလျက် ပြန်တွေ့ရသည်။ မိုင်းခွဲတိုက်ခိုက်ခံရမည်ကို ကြောက်သဖြင့် ဖမ်းသွားခြင်းဖြစ်မည်ဟု PDF က ယူဆသည်။

By Myanmar Now

ဖုန်းလိုင်းများဖြတ်တောက်ခံထားရသည့် မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ် လူသားဒိုင်းအဖြစ် ဖမ်းသွားသည့်ဒေသခံများအနက် ၆ ဦး၏ ရုပ်အလောင်းများကို ယမန်နေ့ (မေ၂၆) တွင် တွေ့ရှိခဲ့ရသည်ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထံမှ သိရသည်။

မေ ၁၃ မှစ၍ အင်အားရာဂဏန်းပါဝင်သော စစ်ကောင်စီစစ်ကြောင်းတစ်ခုသည် မြိုင်မြို့နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းတို့ကို စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး အရပ်သား ၄၀ ထက်မနည်းကို ဖမ်းဆီး၍ သွားလာနေခြင်း ဖြစ်သည်။

ချုံခိုတိုက်ခိုက်ခံရမည်ကို စိုးရိမ်သဖြင့် အကာအကွယ်လုပ်ရန် ဖမ်းခေါ်သွားခြင်းဖြစ်မည်ဟု PDF က ယူဆသည်။

ပေါက်မြို့နယ်နှင့် နယ်မြေချင်းထိစပ်နေသည့် မြိုင်မြို့နယ်တောင်ဘက်အစွန်ဆုံး ကျောက်ခွက်ရွာမြောက်ဘက် ၃ ဖာလုံအကွာရှိ တောစပ်အနီးတွင် ရုပ်အလောင်း ၆ ခုကို နေရာအနည်းငယ်ခြားပြီး တွေ့ခဲ့ရသည်ဟု မြိုင် PDF တပ်ရင်းမှူး ဗိုလ်လက်ျာက ပြောသည်။

“ရွာကနေ ဓားစာခံဖမ်းသွားခေါ်သွားတဲ့လူ ၆ ဦး သေတယ်ဗျ။ သက်ကြီးရွယ်အိုတွေနဲ့ မပြေးနိုင်တဲ့သူတွေကို စစ်တပ်က ဓားစာခံအဖြစ် ခေါ်သွားတာ။ အဲဒီ ၆ ဦးလည်း ပါတယ်” ဟု ဗိုလ်လက်ျာက ဆိုသည်။

“ကျွန်တော်တို့က သူတို့ကို တိုက်ခိုက်တာ၊ မိုင်းနဲ့ တိုက်ခိုက်တာ များတာကို။ နောက်က ငွေကြေးအင်အားမရှိတော့ မိုင်းနဲ့ ထိန်းပြီးကာမှ တိုက်ခိုက်ရတာ။ အဲဒါကြောင့် သူတို့က ရွာမှာ တွေ့တဲ့သူတွေကို ဖမ်းပြီး ခေါ်သွားနေတာ”

သေဆုံးသူများမှာ ဦးခေါင်းတွင် သေနတ်ဒဏ်ရာ ၂ ချက်စီ တွေ့ရသဖြင့် အနီးကပ်ပစ်သတ်သွားခြင်း ဖြစ်နိုင်သည်ဟု ဗိုလ်လက်ျာက ကောက်ချက်ချသည်။

“သူတို့ (စစ်တပ်) က နားတွေထဲ (ကျည်) ထည့်ပစ်ထားတယ်။ ပါးစပ်ထဲ သေနတ်ထည့်ပစ်ထားတယ်။ နားနဲ့ နားထင်တွေနားမှာပဲ တွေ့ရတယ်။ ပေါင်တွေဘာတွေလည်း ပစ်ချိုးထားတာ”

ကျောက်ခွက်ရွာမြောက်ဘက် ၃ ဖာလုံအကွာတွင် တွေ့ရသည့် ရုပ်အလောင်းများအနက် ကိုကျော်ရဲအပါအဝင် ၅ လောင်းကို တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

ထို ၆ ဦးမှာ မေ ၂၃ ဝန်းကျင်က ဖမ်းဆီးခံရခြင်းဖြစ်ပြီး ပေါက်နှင့် မြိုင်နှစ်မြို့နယ်အစပ် ကျောက်ခွက်ရွာ၊ ဘောင့်ဘင်ရွာ၊ ဘောတုံရွာနှင့် သံချောင်းရွာတို့မှ ဒေသခံများဖြစ်သည်ဟု သိရသည်။ အသက် ၂၅ နှစ်မှ  ၅၀ အရွယ်ကြားရှိ အမျိုးသားများဖြစ်ကြကာ ထိုအထဲမှ ကျောက်ခွက်ရွာသား အသက် ၂၅ နှစ်အရွယ် ကိုကျော်ရဲ၏ အမည်ကိုသာ အတည်ပြုနိုင်သေးသည်။

ပက်လက်အနေအထားသေဆုံးနေသည့် ကိုကျော်ရဲ၏ ပေါင်နှင့် ဦးခေါင်းတွင် ကျည်ထိဒဏ်ရာများ ရရှိထားပြီး မီးညှိထားသည့် ဆေးလိပ်တစ်လိပ်ကိုလည်း ပါးစပ်၌ တေ့ထားသည့်အနေအထားဖြင့် တွေ့ရှိရသည်။

ကျန် ၅ ဦးမှာ ကျောက်ခွက်ရွာတောင်ဘက်ရှိ ဘောင့်ဘင်ရွာမှ အမျိုးသား၂ ဦး၊ ဘောတုံရွာမှ ၂ ဦးနှင့် သံချောင်းရွာမှ ၁ ဦးဖြစ်ကြောင်း၊ လက်ရှိတွင် ရွာခံများထွက်ပြေးနေရသဖြင့် အမည်နှင့် အသက်ကို မေးမြန်းအတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ဗိုလ်လက်ျာက ပြောသည်။

ယမန်နေ့က ထိုအလောင်း ၆ လုံးကို တွေ့ရှိသည့်နေရာမှာပင် ယမန်နေ့ညနေတည်းက မီးသင်္ဂြိုဟ်ခဲ့ကြောင်း မြိုင် PDF ထံမှ သိရသည်။

အရပ်သား ၃၀ ခန့် ဖမ်းဆီးခံထားရသည့် မြိုင်မြို့နယ်တောင်ပိုင်းကို စစ်ကောင်စီတပ်က အင်အား ၁၇၀ ခန့် ဖြင့် စစ်ကြောင်းထိုးလျက်ရှိရာ ထောင်နှင့်ချီသော ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ပြီးခဲ့သည့် မေ ၁၄ နှင့် ၁၅ တို့တွင်လည်း မြိုင်မြို့နယ်မြောက်ပိုင်းရှိ လက်ယက်မရွာ၊ ပိတောက်ကန်ရွာတို့ကို စစ်တပ်က လက်နက်ကြီး လက်နက်ငယ်နှင့် ပစ်ခတ်၊ မီးရှို့ခဲ့ရာ အိမ်ခြေ ၁၀၀၀ ကျော် မီးလောင်ပြီး အရပ်သား ၃ ဦး ကျည်ထိ သေဆုံးခဲ့သည်။

မီးရှို့တပ်ဟု တချို့က အမည်ပေးထားသော စစ်ကောင်စီတပ်ကမူ မီးရှို့မှုများမှာ PDF လက်ချက်ဟု အစဉ် တုံ့ပြန်လေ့ရှိသည်။

English version.


Original Post: Myanmar Now

Announcements

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia