ရန်ကုန်မြို့ ကြည့်မြင်တိုင်တစ်ဖက်ကမ်း အလပ်ချောင်းကျေးရွာရှိ နေအိမ်တစ်ခုကို တပ်မ ၇၇ အမှတ် တံဆိပ် ပါရှိသည့် ယူနီဖောင်းဝတ်ဆင်
ထားသော စစ်ကောင်စီတပ်သားအင်အား ၅၀ ခန့် ရောက်ရှိလာသည်။
ချမ်းငြိမ်းသူ (ခ) မောင်ပန်ဒါ
တိတ်ဆိတ်ငြိမ်သက်နေသည့် အလပ်ချောင်းကျေးရွာတွင် ၎င်းတို့ရောက်ရှိလာပြီး မိနစ်ပိုင်းအကြာ၌ သေနတ်သံ များဖြင့် ဆူညံသွားတော့သည်။ စစ်ကောင်စီတပ်သားများသည် နေအိမ်တစ်ခုကို မောင်းပြန်သေနတ်များဖြင့် စိတ် ကြိုက်ပစ်ခတ်နေခြင်းဖြစ်သည်။
ဧပြီလ ၂၇ ရက်သည် ချမ်းငြိမ်းသူ (ခ) မောင်ပန်ဒါအတွက် ကံဆိုးမိုးမှောင်ကျသည့် နေ့ရက်ပင်ဖြစ်သည်။ လုံခြုံ စိတ်ချရမှုမရှိတော့သည့် ဝပ်ကျင်း (ခိုလုံရာနေရာ) မှ ဖောက်ခွဲရေးပစ္စည်းများကို
မောင်ပန်ဒါ ရွေ့ပြောင်းရန် ကြိုး စားနေစဉ် စစ်သားများက ရောက်ရှိလာခြင်းဖြစ်သည်။
“ဘယ်ရမလဲ။ ကျွန်တော်တို့လည်း အသံကုန်အော်ပြီး ပြေးတာပေါ့” ဟု မောင်ပန်ဒါက ပြန်ပြောင်း
ပြောပြသည်။ မောင်ပန်ဒါ၏ အဖော်ဖြစ်သူသည်
ကျည်ဆံများနှင့် ဝေးရာသို့မြန်ဆန်စွာ ရောက်ရှိ
သွားသည်။ မောင်ပန်ဒါကမူ အလပ်ချောင်းကျေး
ရွာအတွင်း၌ မျက်စိလည်နေခဲ့သည်။
သူသည် ပထမဆုံး နေအိမ်နောက်ဘေးလမ်းကြားများကို ဖြတ်ပြေးသည်။ ထို့နောက် လယ်ကွင်းများကို ဖြတ်ပြေး သည်။ မြင်သမျှတွေ့သမျှ လမ်းကြိုလမ်းကြားတိုင်းကိုလည်း မောင်ပန်ဒါတစ်ယောက် ပတ်ပြေးနေခဲ့သည်။
နောက်ဆုံးတော့ မောင်ပန်ဒါတစ်ယောက် မစင်တွင်းထဲသို့ ပြုတ်ကျသွားတော့သည်။ စစ်သားများကလည်း ထက် ကြပ်မကွာလိုက်ပါရင်း ပစ်ခတ်နေဆဲဖြစ်သည်။ နီးလိုက် ဝေးလိုက်ဖြစ်နေသည့် သေနတ်သံများကို မောင်ပန်ဒါ တစ်ယောက် မစင်တွင်းထဲမှ ကြားနေရသည်။
“ပြည်သူနဲ့အတူသစ္စာရှိရှိ တော်လှန်ခဲ့တယ်။
ပြည်သူရဲ့မေတ္တာကြောင့် ဘေးကင်းပါစေ..ဆိုပြီး ကျွန်တော် သစ္စာ ဆိုခဲ့တယ်” ဟု မောင်ပန်ဒါက
ပြော သည်။ သေတော့မည်ဟု ယုံကြည်နေခြင်းကြောင့် ယခုကဲ့သို့ သစ္စာဆိုလိုက် ခြင်းဖြစ်သည်ဟု သူကပြောသည်။
သေနတ်သံများ ဝေးသွားသည့်အခါ မောင်ပန်ဒါ
တစ်ယောက် မစင်တွင်းဘေး၌ အမောဖြေနေခဲ့သည်။ ထိုစဉ် ဒုက္ခ ဆိုးတစ်မျိုးကို ထပ်မံကြုံတွေ့ရတော့သည်။ မစင်တွင်းပိုင်ရှင်ဖြစ်သည့်
အိမ်ရှင်အမျိုးသမီးသည် သူ့ကို တွေ့သည့် အခါ “သူခိုး ၊ သူခိုး” ဟု ထ၍အော်သည်။
အနားယူချိန်မရလိုက်ဘဲ ထပ်၍ ပြေးရပြန်သည်။ ဘယ်အချိန်ထိပြေးနေခဲ့သည်ကို မောင်ပန်ဒါတစ်ယောက် မသိခဲ့ ပေ။ စစ်သားများ၏ အရိပ်အယောင်ကို မတွေ့တော့သည့်အခါ နေအိမ်တစ်လုံးဆီသို့ မောင်ပန်ဒါ ပြေးဝင်သွားတော့သည်။
နေအိမ်အတွင်းရှိ လူအကုန်ကို မောင်ပန်ဒါတစ်ယောက် လက်အုပ်ချီ၍ အကြိမ်များစွာကန်တော့သည်။ ပစ္စတို သေနတ် တစ်လက် ၊
ပိုက်ဆံအိတ်နှင့် ဖုန်းကို ရှေ့သို့ချကာ
“ကျွန်တော် တော်လှန်ရေးသမားတစ်ယောက်ပါ။ ရေချိုးခွင့်ပြုပါ။ ကူညီပါ” ဟူ၍ ပါးစပ်ကလည်း ဆက်တိုက်ပြောနေခဲ့သည်။
အိမ်ရှင်များက အကြောက်လွန်နေခဲ့သော်လည်း မောင်ပန်ဒါတောင်းဆိုသည်ကို ခွင့်ပြုခဲ့သည်။
ညနေ ၃ နာရီခန့် တွင် မောင်ပန်ဒါတစ်ယောက်
အလပ်ချောင်းကျေးရွာမှတစ်ဆင့် ရန်ကုန်ဘက်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မကြာခဏ
ပြောလေ့ရှိသည့် နိုင်ငံတကာအဆင့်မီ စစ်တပ်ကြီး၏ တပ်ဖွဲ့ဝင်များ ကမူ တော်လှန်ရေးသမား
နှစ်ဦးကို ရှာဖွေရန် အလပ်ချောင်းကျေးရွာ၌ ကျန်ရစ်ခဲ့သည်။
ထို့နောက် ဧပြီလ ၂၇ ရက် ညပိုင်းတွင် ကြည့်မြင်တိုင်တစ်ဖက်ကမ်း၌ တော်လှန်ရေးသမား
၁၄ ဦးကျဆုံးခဲ့သည်ဟု သတင်းအမှားများ ထွက်ပေါ်လာသည်။
“ရန်ကုန်ပြန်ရောက်တော့ UG (မြေအောက်တော်လှန်ရေးသမားများ) တွေကို ဒုက္ခရောက်မှာစိုးလို့ မချိတ်ဘဲနဲ့ အခြားသူငယ်ချင်းတွေကို ချိတ်ပြီး နေရေးထိုင်ရေးကို စီစဉ်တာ ဘယ်သူမှမကူညီဘူးဗျာ” ဟု မောင်ပန်ဒါက ပြောသည်။
မောင်ပန်ဒါဆိုသည်မှာ Dark Shadow အမည်ရှိ မြေအောက်တော်လှန်ရေးအဖွဲ့ကို စတင်
တည်ထောင်ခဲ့သူဖြစ်ပြီး လက်ရှိအချိန်၌ ကရင်ပြည်နယ်ရှိ နာမည်ကျော်ကော်ဘရာစစ်ကြောင်းတွင် တာဝန်ထမ်းဆောင်နေသည့်
တော် လှန်ရေး ရဲဘော်ဖြစ်သည်။
သူ့ကို ၂၀၀၁ ခုနှစ်တွင် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၌ မွေးဖွားခဲ့သည်။ တက္ကသိုလ်ဝင်တန်း
ဖြေဆိုရာတွင် မ အောင်မြင်ခဲ့သည့်နောက် ဆက်လက်ဖြေဆိုခြင်းမရှိတော့ဘဲ လက်လုပ်လက်စားဖြစ်သည့် မိသားစုအတွက်
ဆိုက် ကားနင်းသည့် အလုပ်ကို စတင်လုပ်ကိုင်ခဲ့သည်။
ထို့နောက် အဲကွန်းပြုပြင်ရေးလုပ်ငန်းသို့ရောက်ရှိသွားသည်။ နောက်ဆုံး၌ Foodpanda Rider
တစ် ယောက်အနေ ဖြင့် စားသောက်ဖွယ်ရာများကို စက်ဘီးနင်း၍ အိမ်အရောက် လိုက်လံပို့ဆောင်ပေးသည့် လုပ်ငန်းကို လုပ်ကိုင်ခဲ့ သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်း
တွင် စစ်တပ်က ရွေးကောက်ခံအရပ်သားအစိုးရထံမှ နိုင်ငံတော်၏ အာဏာကို သိမ်းယူခဲ့သည်။
နိုင်ငံရေးဆိုသည်ကို အနည်းငယ်မျှစိတ်ဝင်စားခြင်းမရှိသည့် မောင်ပန်ဒါအတွက် နိုင်ငံတော်၏
အာဏာအသိမ်းခံလိုက်ရသည်ကို ကိုယ်နှင့်
မဆိုင်ဟု ခံယူထားသည်။
အာဏာသိမ်းခံရပြီး နောက်တစ်ရက်တွင် သူသည်
ပုံမှန်အတိုင်း စားသောက်ဖွယ်ရာများကို လိုက်လံပို့ဆောင်ပေး နေခဲ့သည်။
“ဆန္ဒတွေပြတော့ ကျွန်တော်စိတ်က ထိန်းမရတော့ဘူး။ စက်ဘီးနဲ့ ပုံးကို လှည်းတန်းတံတားခြေမှာ ထားခဲ့ပြီး လူအုပ်ထဲပါသွားကော” ဟု
မောင်ပန်ဒါက ပြောသည်။
ထို့နေ့မှစတင်၍ မောင်ပန်ဒါတစ်ယောက် နေ့တိုင်းဆန္ဒပြတော့သည်။ စစ်သားများက လက်နက်မဲ့
ပြည်သူများကို ရိုက်နှက်ဖမ်းဆီးခြင်း ၊ သေနတ်ဖြင့်ပစ်သက်ခြင်းများကို မြင်တွေ့လာရသည့်အခါ မောင်ပန်ဒါ၏ စိတ်သည် ယခင်နှင့်မတူဘဲ များစွာပြောင်းလဲသွားတော့သည်။
“အဆုံးထိတော်လှန်တော့မယ်လို့ ခံယူပစ်လိုက်တယ်” ဟု သူကပြောသည်။
မောင်ပန်ဒါသည် ဆန္ဒပြခြင်းကို စမ်းချောင်းမြို့နယ်ရှိ လမ်းထိပ်တစ်ခုတွင် အခြေချခဲ့သည်။ နေ့စဉ်ဆန္ဒပြသည်။ သတင်းစာများတွင် ဖော်ပြခဲ့သည့် ထဘီ (အမျိုးသမီးဝတ် လုံချည်) ခံတပ်ကိုလည်း သူငယ်ချင်းများနှင့်အတူ ဖန်တီးခဲ့သည်။
နောက်ဆုံးတွင် မောင်ပန်ဒါတို့၏ ဆန္ဒပြသည့်ခံတပ်ကို စစ်သားများက ရက် စက်စွာဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့သည်။ ထို့နေ့မှစတင်၍ သူသည် ပြောက်ကျားစနစ်ဖြင့်ပြုလုပ်သည့် ဆန္ဒပြပွဲများကိုသာ လိုက်လံရှာဖွေကာ ပူးပေါင်းခဲ့သည်။
၂၀၂၁ ခုနှစ် မေလ ၃၀ ရက်နေ့တွင် မောင်ပန်ဒါဆီသို့ စားသုံးသူတစ်ဦးက ပီဇာနှစ်ချပ်မှာယူခဲ့သည်။ Pizzamaru ဆိုင်မှ ပီဇာနှစ်ချပ်ကိုယူဆောင်ကာ စမ်းချောင်းမြို့နယ် မြင့်မိုရ်လမ်းရှိ တိုက်တစ်လုံးဆီသို့ သူက သွားရောက်ပို့ ဆောင်ခဲ့သည်။
စားသုံးသူသည် သုံးလွှာသို့တက်ခဲ့ရန် ပြောဆိုခဲ့သည်။ မောင်ပန်ဒါတစ်ယောက် သုံးလွှာသို့ရောက်ရှိသည့် အခါ အောက်ထပ်၌ စောင့်နေသည့် ရဲနှင့်စစ်သားများက ပိတ်၍ဖမ်းတော့သည်။
လက်ထိပ်နောက်ပြန်ခတ်၍ ထိုးကြိတ် ကန်ကြောက်ပြီးနောက် ကားတစ်စီးပေါ်သို့တင်ကာ စမ်းချောင်းရဲစခန်းသို့ သူ့ကိုခေါ်ဆောင်သွားခြင်းဖြစ်သည်။
ရဲစခန်းသို့ရောက်သည့်အခါ ဘယ်သူတွေကိုသိလဲ၊ ခေါင်းဆောင်တွေက ဘယ်သူတွေလဲ စသည်ဖြင့် မေးမြန်းကာ မောင်ပန်ဒါကို ထုကြ၊ ထောင်းကြ၊ ရိုက်ကြ၊ နှက်ကြတော့သည်။
“သေနတ်နဲ့ ခဏခဏချိန်ပြီး ပစ်သတ်လိုက်မယ်လည်းပြောတယ်။ ကျွန်တော်လည်း ကြောက်တာပေါ့ဗျာ။ ဒါပေ မယ့် ဘာမေးမေး မသိဘူးပဲ ပြောနေမိတယ်”ဟု ဖမ်းဆီးစစ်ဆေးခံရသည့်အကြောင်းကို ပြန်လည်ပြောပြသည်။
မောင်ပန်ဒါကို တစ်ရက်အကြာ စိတ်ကြိုက်နှိပ်စက်ပြီးသည့်နောက် ရဲသားများသည် စမ်းချောင်းမြို့နယ် တရားရုံး၌ ၅၀၅ (က) ဖြင့် စွဲချက်တင်ကာ အင်းစိန်ထောင်သို့ ပို့လိုက်တော့သည်။ Foodpanda ဝတ်စုံနှင့်အတူ အင်းစိန် ထောင်သို့ ရောက်ရှိသွားခဲ့သည့် ချမ်းငြိမ်းသူကို နိုင်ငံရေးအကျဉ်းသားများက ပန်ဒါလေးဟု ခေါ်ဆိုခဲ့သည်။
“ထောင်ထဲရောက်တော့ အိမ်ပြန်ချင်တာအရမ်းပဲ။ ထောင်ထဲရောက်ကာစက ချီးပုံးတွေလည်းသယ်ရတယ်။ မနိုင်တဲ့ဝန်တွေ ထမ်းရသလို အလုပ်ကြမ်းတွေခိုင်းတာလည်း လုပ်ရတယ်။ စားတော့လည်း ဟင်း မပါဘူး။ ဆန်ကလည်း ရေနဲ့မျှောချရတာ” ဟု မောင်ပန်ဒါက ထောင်တွင်းအတွေ့အကြုံကို ပြောသည်။
အကျဉ်းထောင်ရှိ ဝန်ထမ်းများသည် နိုင်ငံရေးအကျဉ်းသားများကို ကိုယ်ခန္ဓာအပေါ်ဒုက္ခပေးရုံသာမက စိတ်ပိုင်း ဆိုင်ရာကိုလည်း ဒုက္ခပေးသည်။ မောင်ပန်ဒါတို့ကို “လွတ်မည်၊ လွတ်မည်” ဟု ပြောဆိုပြီး မလွှတ်ပေးသည့် အကြိမ်ပေါင်း မြောက်များစွာရှိခဲ့သည်။
၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့တွင် မောင်ပန်ဒါတစ်ယောက် ထောင်မှလွတ်မြောက်ခဲ့သည်။
“ထောင်ကလွတ်တဲ့နေ့ဆိုတာ တကယ်ပျော်ရတဲ့နေ့ဗျ။ ငိုနေတဲ့အမေကို ချော့ရတာလည်း အခုထိမှတ်မိနေ တုန်းပဲ” ဟု သူကပြောသည်။
ထောင်မှလွတ်လာခဲ့သည့်နောက် မိသားစုအတွက် အလုပ်လုပ်မည်ဟု မောင်ပန်ဒါတစ်ယောက်စိတ်ကူး ထားခဲ့ သော်လည်း လက်တွေ့တွင် လုပ်ဆောင်နိုင်ခြင်းမရှိခဲ့ပေ။ “ထောင်ထဲမှာ လူရုပ်မပေါ်အောင် နှိပ်စက်ခံထားရတဲ့ တော်လှန် ရေးသမားအကိုတွေရဲ့ အသံတွေပြန်ကြားယောင်နေတာဗျာ” ဟု သူကပြော သည်။
ထောင်အတွင်း၌ လွတ်မြောက်ခြင်းမရှိသေးသည့် တော်လှန်ရေးသမားများက “ပန်ဒါလေး မင်းကိုယုံတယ်။ မင်းကို အားကိုးတယ်။ ငါတို့အတွက် ပိုချပေးစမ်းပါ” ဟု မှာကြားသံများကို မောင်ပန်ဒါတစ်ယောက် အမြဲကြားယောင်နေခဲ့သည်။
ထို့နောက် မောင်ပန်ဒါသည် စစ်ကောင်စီကို တော်လှန်ရန်အတွက် နည်းလမ်းမျိုးစုံစဉ်းစားတော့သည်။ မြေ အောက်တော်လှန်ရေးအဖွဲ့များနှင့် ဆက်သွယ်ကာ အဖွဲ့ဝင်ဖြစ်ခွင့်ပေးရန် တောင်းဆိုခဲ့သော်လည်း အကြောင်းသိမဟုတ်သော ကြောင့် မည်သည့်အဖွဲ့ကမှ သူ့ကို လက်ခံခဲ့ခြင်းမရှိပေ။
“တစ်ရက်တော့ ကျွန်တော်အသိဦးလေးတစ်ယောက်ဆီသွားတာဗျ။ သူက ကျွန် တော်ကို မုန့်ဖိုးပေးတယ်။ ကျွန် တော်က မုန့်ဖိုးမယူဘဲ ဗုံးနှစ်လုံးတောင်းတာ …. သူကလည်း ပေးလိုက်တယ်” ဟု မောင်ပန်ဒါက ပြောသည်။
ဗုံးနှင့်ပတ်သက်၍ ဟိုကြိုးနှင့် ဒီကြိုးချိတ်ရသည်ဟုသာ သိထားသည့် မောင်ပန်ဒါသည် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ရန် စိတ်လောနေခဲ့သည်။
“ဒီဇင်ဘာလ (၂၀၂၁) ကတည်း ကျွန်တော်လူစုတယ်။ အမည်ကိုလည်း Dark Shadow လို့ပေးလိုက်တယ်။ ရန်ပုံငွေလည်း ရှာရသေးတယ်” ဟု မောင်ပန်ဒါက ပြောသည်။
Dark Shadow အဖွဲ့သည် လူငယ်များနှင့်ဖွဲ့စည်းထားသည့် အဖွဲ့ငယ်တစ်ခုဖြစ်ပြီး အမျိုးသမီးငယ်တစ်ဦးလည်းပါဝင်သည်။ ၎င်းအဖွဲ့သည် ပထမဦးဆုံးသော မစ်ရှင်ကို ရန်ကုန်မြို့လယ်ခေါင်တွင်ရှိသည့် လမ်းမတော်ရဲစခန်း ရှေ့၌ စတင်ခဲ့သည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၈ ရက်တွင် မသင်္ကာစရာအထုပ်တစ်ခု တွေ့သည်ဟုဆိုကာ ရဲစခန်းကိုဖုန်းဆက်ပြီးနောက် လာရောက်စစ်ဆေးစဉ် ဖောက်ခွဲခဲ့ခြင်းဖြစ်သည်။ Dark Shadow ၏ နောက်ဆုံးမစ်ရှင်သည် ဧပြီလ ၂၅ ရက်နေ့၌ ဗဟန်းမြို့နယ် မဟာစည်သာသနာ့ရိပ်သားလမ်းရှိ ရေတပ်အိမ်ယာဝင်းတွင် ဖောက်ခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
သုံးလကျော်ကာလအတွင်း မစ်ရှင် ၂၀ ကျော် ကိုပြုလုပ်ခဲ့ပြီး စစ်ကောင်စီဒေါက်တိုင်များအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်ကိုလည်း ရှင်းလင်းနိုင်ခဲ့သည်ဟု မောင်ပန်ဒါကပြောသည်။
“ကျွန်တော်တို့ က ဗုံးတွေသယ်ပြီး ရန်ကုန်မြို့ထဲလျောက်သွားနေကြတာ။ လစ်တဲ့နေရာ ခွဲတာပဲ” ဟု သူကပြောသည်။
တော်လှန်ရေးအတွက် ရန်ပုံငွေကိုမူ ပြည်တွင်းရှိ ပြည်သူများနှင့် ပြည်ပရောက်မြန်မာနိုင်ငံသားများက ကူညီပေးခဲ့သည်ဟု မောင်ပန်ဒါကပြောသည်။ လက်ရှိအချိန်တွင် မောင်ပန်ဒါအပါအဝင် Dark Shadow အဖွဲ့အဝင်အများစုသည် ကော်ဘရာစစ်ကြောင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။
လူကောင် ပိန်ပိန်သေးသေးနှင့် လူပျော့တစ် ယောက်ဟု ထင်မှတ်ရသည့် မောင်ပန်ဒါသည် မင်းအောင်လှိုင်အတွက်မူ ရန်သူတော်များစွာအနက်မှ တစ်ယောက်အပါအဝင်ဖြစ်ခဲ့သည်။ သူသည် လက်ရှိအချိန်၌ မင်းအောင်လှိုင်ကို ဆက် လက်၍ ဒုက္ခပေးနိုင်ရန် စစ်ပညာကိုကြိုးစားသင်ယူနေသည်။
အာဏာရှင်ကို အမြစ်ပြုတ်သည်အထိ တော် လှန်မည်ဟု ဆုံးဖြတ်ချက်ချထားသည့် မောင် ပန်ဒါသည် တော်လှန်ရေးအောင်မြင်သည့် အခါ စစ်သားတစ်ယောက်အနေဖြင့် ဆက်လက်ရပ်တည်မည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။
“မိသားစုအပေါ်ကျွန်တော်တာဝန်မကျေသေးဘူး။ တော်လှန်ရေးပြီးရင် သာမန်ဘ၀ကို ပြန်သွားမယ်။ မိသားစုနဲ့ စားသောက်ဆိုင်လေး ဖွင့်ချင်တယ်”ဟု မောင်ပန်ဒါက သူ၏ဆန္ဒကို ပြောပြရင်း……….။
Original post: We Support Heroes
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
25 February 2025
25 February 2025
21 February 2025
CSO Working Group on Independent National Human Rights Institution (Burma/Myanmar) , Asian NGO Network on National Human Rights Institutions (ANNI)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.