နှစ်ဆန်းတစ်ရက်နေ့ စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီကို အကြီးအကျယ်ဆန္ဒပြ

April 17th, 2022  •  Author:   Anti-coup protesters (Monywa)  •  1 minute read
Featured image

မုံရွာပင်မသပိတ်စစ်ကြောင်း မုံရွာ – မန္တလေးလမ်းမကြီးပေါ် တွင် ဆန္ဒပြနေသည်ကို ဧပြီ ၁၇ နံနက်အစောက တွေ့ရစဉ်။ (ဓာတ်ပုံ-သန်းကျော်ဦး)  

အာဏာသိမ်းပြီးကတည်းက နေ့စဉ်ရက်ဆက် ဆန္ဒပြနေသော ကလေး၊ ဆားလင်းကြီးနှင့် ဖားကန့်တို့တွင် ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့ပြီး မုံရွာဆန္ဒပြပွဲဝန်းရံသူ PDF ငါးဦး ပျူစောထီးအဖွဲ့၏ ပစ်သတ်ခံရသည်ဟု သပိတ်ဦးဆောင်သူများက ဆိုသော်လည်း အသေးစိတ် မသိရသေးပေ။​

By Myanmar Now

မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်သော ယနေ့ ဧပြီ ၁၇ တွင် စစ်ကိုင်းတိုင်းမြို့တော် မုံရွာအပါအဝင် ယင်းမာပင်၊ ဆားလင်းကြီးနှင့် ကလေးမြို့တို့တွင် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့သည်။​

ယနေ့ နံနက် ၇ နာရီခန့်က မုံရွာ – မန္တလေးလမ်းမကြီးပေါ် ဆန္ဒပြပွဲတွင် မြို့ပြပြောက်ကျားအဖွဲ့ဝင်များ၊ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင်များက လုံခြုံရေးရယူကာ ဝန်းရံပေးခဲ့သည်ကို တွေ့ရသည်။

မိနစ် ၂၀ ခန့်ကြာ ထိုဆန္ဒပြပွဲမှာ အောင်မြင်စွာဖြင့် လူစုခွဲနိုင်ခဲ့သော်လည်း မုံရွာ – ချောင်းဦးလမ်းပိုင်းတွင် လုံခြုံရေးတာဝန်ယူထားသည့် ဒေသခံ PDF အဖွဲ့ဝင်များကို ပျူစောထီးအဖွဲ့က ဝင်ရောက်ဖမ်းဆီးစဉ် PDF အဖွဲ့ဝင်ငါးဦး ပစ်သတ်ခံရကြောင်း မုံရွာသပိတ်ဦးဆောင်သူများထံမှ သိရသည်။​

ပစ်သတ်ခံရသည့် PDF အဖွဲ့ဝင်များနှင့် ပတ်သက်၍ အသေးစိတ် မသိရှိရသေးပေ။

မုံရွာတစ်ဖက်ကမ်း ဆားလင်းမြို့နယ် လက်ပံတောင်းတောင်ဒေသတွင်လည်း ယနေ့ နှစ်ဆန်းတစ်ရက်နေ့ ၌ စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ မုံရွာ၊ ယင်းမာပင်နှင့် ပုလဲမြို့နယ်တို့ကို ဆက်သွယ်သွားလာရာ လမ်းမပေါ်တွင် အချိန် ၁၀ မိနစ်ခန့် ဆန္ဒဖော်ထုတ်ခြင်းဖြစ်သည်။​

တရုတ် ဝမ်ပေါင်ကုမ္ပဏီ၏ ကြေးနီသတ္တုတူးဖော်ရေးစီမံကိန်းရှိရာ ထိုဒေသတွင် အာဏာသိမ်းပြီးကတည်းက ဒေသခံများက နေ့စဉ်ရက်ဆက် ဆန္ဒပြနေကြခြင်းဖြစ်ကာ နှစ်သစ်ကူးအခါသမယဖြစ်သော ယနေ့တွင်လည်း လမ်းမပေါ်ထွက်ကာ ပြောက်ကျားသပိတ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။​

“ကျွန်တော်တို့ပတ်ပတ်လည်မှာ ရန်သူတွေ ဝိုင်းနေတာလေ။ သတိဝီရိယကြီးကြီးနဲ့  လုပ်ဆောင်ရတာပေါ့။ ဒီနေ့ လုပ်ရတာ ရင်ခုန်တယ်။ လမ်းမကြီးပေါ်မတက်တာလည်း တစ်နှစ်ကျော်ခဲ့ပြီ” ဟု လက်ပံတောင်းတောင်ဒေသ အာဏာရှင်ဆန့်ကျင်ရေးသပိတ်အင်အားစု ဦးဆောင်သူ ကိုမျိုးမင်းက ပြောသည်။

“မြန်မာ နှစ်ဆန်း ၁ ရက်နေ့လည်းဖြစ်တယ်။ တစ်တိုင်းပြည်လုံးမှာရှိတဲ့ လူထုကိုလည်း လှုပ်နှိုးချင်တဲ့ဆန္ဒနဲ့ စစ်အာဏာရှင်ကို လုံးဝလက်မခံနိုင်လို့ရော တစ်နေ့တစ်ရက်မှ စစ်ကောင်စီ အုပ်ချုပ်ခွင့် မရစေရဘူးလို့ ရက်မပျက်ဆန္ဒပြတယ်” ဟု ၎င်းက ဆက်ပြောသည်။

စစ်ကိုင်းတိုင်းအနောက်ခြမ်း ကလေးမြို့တွင် ယနေ့ နှစ်ဆန်းတစ်ရက်နေ့တွင် ဆန္ဒပြခဲ့ကြစဉ်။ (ဓာတ်ပုံ-ပေးပို့)  

အာဏာသိမ်းပြီး တစ်နှစ်ကျော်သည်အထိ နေ့စဉ်မပြတ် ချီတက်ဆန္ဒပြနေသော စစ်ကိုင်းတိုင်းအနောက်ခြမ်း ကလေးမြို့တွင်လည်း ယနေ့ နှစ်ဆန်းတစ်ရက်နေ့တွင် ၄၃၄ ရက်မြောက်အဖြစ် လူအင်အားအများအပြားဖြင့် ဆန္ဒပြပွဲပြုလုပ်ခဲ့သည်။

“လုံခြုံရေးကတော့ ခါတိုင်းလို မြို့ပေါ်မှာ ကားတွေဘာတွေနဲ့ ပတ်တာ သိပ်မတွေ့ရဘူး။ သပိတ်ကတော့ ခါတိုင်းလို အောင်အောင်မြင်မြင်ပဲ အေးအေးချမ်းချမ်းနဲ့ ပြေးရလွှားရတာ မရှိဘဲ လူစုခွဲလိုက်နိုင်တယ်” ဟု ကလေးမြို့သပိတ်ခေါင်းဆောင်တစ်ဦးက Myanmar Now ကို  ပြောသည်။

ကလေးမြို့ နှစ်ဆန်းတစ်ရက်နေ့ ဆန္ဒပြပွဲတွင် လူအင်အားအများအပြား လာရောက်ပူးပေါင်းသည့်အတွက် အားတက်မိသည်ဟုလည်း ၎င်းက ပြောသည်။​

စစ်ကိုင်းတိုင်းတောင်ပိုင်းရှိ ယင်းမာပင်နှင့် ဆားလင်းမြို့နယ်တွင် ကျေးရွာပေါင်းစုံသပိတ်ဆန္ဒပြပွဲကို လမ်းမကြီးထက် ပြုလုပ်ရန် စီစဉ်ထားသော်လည်း လုံခြုံရေးအရ အခြားလမ်းပေါ်မှာသာ ပြုလုပ်ခဲ့ရကြောင်း သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သော ကိုသက်ဦးက ပြောသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ကချင်ပြည်နယ် ဖားကန့်မြို့တွင်မူ ဒေသခံပြည်သူများက “နှစ်သစ်လည်းကြို ဖက်ဆစ်လည်းဖြို” ခေါင်းစဉ်ဖြင့် နှစ်ဆန်းတစ်ရက်နေ့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်ကို တွေ့ရသည်။​

နှစ်ဆန်းတစ်ရက်နေ့တွင် အကျဉ်းသား ၁၅၅၇ ဦးနှင့် နိုင်ငံခြားသားအကျဉ်းသား ၄၂ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

ထို့ပြင် လွတ်လပ်ရေးရပြီးချိန်မှစ၍ ခေတ်အဆက်ဆက် နိုင်ငံ့အကြီးအကဲတာဝန်ထမ်းဆောင်ခဲ့သူများအပါအဝင် စစ်ဗိုလ်ချုပ်ဟောင်းများကို ဘွဲ့ထူးဂုဏ်ထူးများ ပေးအပ်ကြောင်းလည်း ကြေညာသည်။

ထိုဘွဲ့ထူးဂုဏ်ထူး ချီးမြှင့်ခံရသူများတွင် ဝန်ကြီးချုပ်ဟောင်း ဦးနု၊ အာဏာရှင်ဟောင်း ဦးနေဝင်းနှင့် ၎င်းနောက်ဆက်ဆံသူများ၊ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေအပါအဝင် ဝန်ကြီးချုပ်ဟောင်းများ၊ ကာကွယ်ရေးဦးစီးချုပ်ဟောင်းများလည်း ပါဝင်သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးစေဖိုး အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များနှင့် ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်အချို့ကိုလည်း စစ်ကောင်စီက ဝဏ္ဏကျော်ထင်ဘွဲ့ပေးအပ်သည်။​

စစ်ကောင်စီက ပြီးခဲ့သည့် လွတ်လပ်ရေးနေ့နှင့် တပ်မတော်နေ့တွင်လည်း ကွယ်လွန်ပြီးဖြစ်သော အနုပညာရှင်များအပါအဝင် နယ်ပယ်စုံမှ လူပုဂ္ဂိုလ်များနှင့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများအထိ ဘွဲ့ထူးဂုဏ်ထူးများ အလျှံပယ်ပေးအပ်ခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီက အကြီးအကျယ်စည်ကားလေဟန် သင်္ကြန်ပွဲတော်ကို အားသွန်ခွန်စိုက် ကျင်းပခဲ့သော်လည်း ပြည်သူလူထု ပါဝင်ဆင်နွှဲခြင်းမရှိသည့်ပြင် သင်္ကြန်ကာလအတွင်း ဗုံးပေါက်ကွဲမှုများ၊ ကြားဖြတ်တိုက်ခိုက်များ ပေါ်ပေါက်ခဲ့သည်။

ထို့ပြင် နှစ်ဆန်းတစ်ရက်နေ့ဖြစ်သော ယနေ့တွင်လည်း ကယားပြည်နယ်တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည်ကို တွေ့ရသည်။

အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာတွင် စားဝတ်နေရေးအခက်အခဲကြောင့် ဆန္ဒပြပွဲများ အရှိန်လျော့လာသည်ဟု လက်ပံတောင်းတောင်သပိတ် ဦးဆောင်သူ ကိုမျိုးမင်းက ပြောသည်။

“ကျွန်တော်တို့လူထုက စားဝတ်နေရေးခက်ခဲကျပ်တည်းလာပြီ။ CDM တွေလည်း တစ်နေ့ထက်တစ်နေ့ ခက်ခဲလာပြီ။ ဒီနှစ်မကုန်ခင်မှာ တော်လှန်ရေးကြီးကို အဖြေရလဒ်တစ်ခုထွက်အောင်တော့ NUG အနေနဲ့ လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်တယ်။ လုပ်ဆောင်ပေးဖို့လည်း တိုက်တွန်းချင်တယ်”


Original Post: Myanmar Now