သံတိုင်များနောက်က လူ့အခွင့်အရေးကို ယုံကြည်သူ ဒါရိုက်တာ

April 5th, 2022  •  Author:   U Min Htin Ko Ko Gyi (Yangon Region)  •  1 minute read
Featured image

လူ့အခွင့်အရေးကို ယုံကြည်သူ ဒါရိုက်တာ မင်းထင်ကိုကိုကြီးသည် အခုမူ သံတိုင်များ နောက်ကွယ်တွင် ရောက်ရှိနေသည်မှာ တနှစ်ကျော်ကြာခဲ့ပြီ ဖြစ်သည်။  

By ဧရာဝတီ

“ကျနော့် အိမ်ရှေ့ကို စစ်သားတွေ ရောက်နေပြီ” ဟု လူမှုကွန်ရက် Facebook တွင် ရေးသားခဲ့ခြင်းသည် ဒါရိုက်တာ မင်းထင်ကိုကိုကြီး၏ နောက်ဆုံးပို့စ် ဖြစ်သည်။

လူ့အခွင့်အရေးကို ယုံကြည်သူ ဒါရိုက်တာ မင်းထင်ကိုကိုကြီးသည် အခုမူ သံတိုင်များ နောက်ကွယ်တွင် ရောက်ရှိနေသည်မှာ တနှစ်ကျော်ကြာခဲ့ပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်တပ်က မတရား အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် မနက် အစောပိုင်းတွင် မည်သည့် အကြောင်းပြချက်မှ မရှိဘဲ၊ လိုက်လံဖမ်းဆီးခံရသူများထဲတွင် ဒါရိုက်တာ မင်းထင်ကိုကိုကြီး သည်လည်း တဦးအပါအဝင် ဖြစ်သည်။

ထိုနေ့က အာဏာသိမ်းစ မနက်ခင်း အစောပိုင်း ၄ နာရီခွဲ အချိန်ခန့်တွင် ရန်ကုန်မြို့ရှိ မင်းထင်ကိုကိုကြီး နေထိုင်ရာ နေအိမ်အောက်သို့ စစ်သား ၈ ဦးခန့် ပါဝင်သည့် ကားတစီး ရောက်လာပြီး ၎င်း၏ နေအိမ် တံခါးကို အဓမ္မရိုက်ဖွင့်ကာ လာရောက် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

အင်းစိန်ထောင်တွင်း ရောက်မှသာ ထောင်ဝင်စာ တမျိုးတည်းဖြင့် အဆက်အသွယ်ရသည်ဟု မိသားစုဝင်များက ဆိုသည်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးသည် ထိုသို့ အဖမ်းဆီးခံခဲ့ရသည့်နေ့မှ စတင်ကာ ၎င်း၏ မိသားစုဝင်များနှင့် မတွေ့ရတော့သည်မှာ ယနေ့အချိန်ထိ ဖြစ်သည်။ အင်းစိန်ထောင်တွင်း ရောက်မှသာ ထောင်ဝင်စာ တမျိုးတည်းဖြင့် အဆက်အသွယ်ရသည်ဟု မိသားစုဝင်များက ဆိုသည်။ ထောင်တွင်းမှ စာအဆက်အသွယ်ဖြင့် လိုအပ်သည့်အရာများ မှာလေ့ရှိကြောင်းလည်း သိရသည်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးသည် အဖမ်းဆီးခံခဲ့ရသည့်နေ့မှ စတင်ကာ၎င်း၏မိသားစုဝင်များနှင့်မတွေ့ရတော့သည်မှာ ယနေ့အချိန်ထိဖြစ်သည်။  

အကြောင်းမဲ့ ဖမ်းဆီးခံရ

ဒါရိုက်တာ မင်းထင်ကိုကိုကြီးအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်အစောပိုင်းတွင် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားခြင်း ဖြစ်သည်။ လာရောက် ဖမ်းဆီးစဉ်က စစ်ဆေးမေမြန်းစရာရှိ၍ စခန်းသို့ ခဏလိုက်ခဲ့ရန်ဟုသာ ပြောဆို ခေါ်သွားခြင်းဖြစ်ပြီး အဝတ်တထည် ကိုယ်တခုဖြင့် အသာတကြည် လိုက်သွားခဲ့သော မင်းထင်ကိုကိုကြီးသည် ထိုနေ့မှစ၍ အိမ်ပြန်မလာနိုင်ခဲ့ပေ။

ဇန်နဝါရီ ၂၆ ရက်နေ့က တပ်မတော် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ် ဇော်မင်းထွန်း ပြောခဲ့သည့်အပေါ် လူမှုကွန်ရက် စာမျက်နှာထက်၌ ဝေဖန်သရော်သည့် ရေးသားမှုများ ပြုခဲ့သည်။

အာဏာသိမ်းမှု မတိုင်ခင် မင်းထင်ကိုကိုကြီးက သူ၏ လူမှုကွန်ရက်အကောင့်တွင် စစ်တပ်အပေါ် ဝေဖန် ရေးသားမှုများ ရှိခဲ့သည်။ ၎င်းသည် စစ်တပ်က အာဏာမသိမ်းဘူးဟု မှတ်ယူ၍ မရကြောင်း ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်နေ့က တပ်မတော် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ် ဇော်မင်းထွန်း ပြောခဲ့သည့်အပေါ် လူမှုကွန်ရက် စာမျက်နှာထက်၌ ဝေဖန်သရော်သည့် ရေးသားမှုများ ပြုခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို စစ်တပ်က လက်မခံဘဲ၊ မဲလိမ်မဲခိုးသည်ဟု စွပ်စွဲရာတွင် မင်းထင်ကိုကိုကြီးသည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ကို အပြည့်အဝ ထောက်ခံကြောင်း ရပ်တည်ခဲ့သူ ဖြစ်သည်။

မြန်မာနိုင်ငံတဝှမ်း၌ ခရီးသွားရုပ်ရှင်ပွဲတော်များ ကျင်းပခဲ့ရာ ၂၀၁၇ ဒီဇင်ဘာလအထိ ရုပ်ရှင်ပွဲတော်ပေါင်း ၁၂၄ ပွဲကို ကျင်းပခဲ့သည်။  

“အမှုအကြောင်း ဘာမှ မသိရဘူး။ ဆရာ့ကို ဘာကြောင့် ဖမ်းဆီးသွားတာလဲ။ ဘာအမှုနဲ့ တပ်ပြီး ဖမ်းတယ်ဆိုတာ ဘယ်သူက တရားစွဲဆိုတယ်ဆိုတာကအစ တိတိကျကျ မသိခဲ့ရဘူး” ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီး၏ တပည့်တဦးက ဧရာဝတီကို ပြောသည်။

ထောင်ဒဏ် ၂ နှစ် ချခံရ

၂၀၂၁ ခုနှစ်အတွင်းက စတင်ကာ မင်းထင်ကိုကိုကြီးက ၎င်း၏ လူမှုကွန်ရက် အကောင့်တွင် အာဏာရှင်များကို အော့နှလုံးနာကြောင်း ထေ့ငေါ့ ရေးသားသည့်ပို့စ်များကို “ထွီ” ဟု အစချီကာ ရေးသားခဲ့သည်။

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှသည် ယနေ့အထိ အာဏာသိမ်းနေသည့် စစ်တပ်၏ အရှက်မဲ့သည့် လုပ်ရက်ကို ၎င်းက ဝေဖန် ရေးသားမှုများ ပြုခဲ့သည်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးက “NLD သမိုင်းမှာ မဲခိုး မဲလိမ်တဲ့ ရာဇဝင် မရှိဘူး” ဟုလည်း ၎င်း၏ လူမှုကွန်ရက် အကောင့်တွင် ၂၀၂၁ ဇန်နဝါရီ ၂၉ ရက်နေ့က ရေးသားခဲ့သေးသည်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးသည် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလအတွင်းက ဒေါ်အောင်ဆန်းစုကြည် လက်ရေးမူဖြင့် ရေးသားထားသည့် ကဗျာတပုဒ်ကို လေလံတင် ရောင်းချရာ ငွေကျပ် သိန်းပေါင်း ၂၄၀၀ ရရှိခဲ့ပြီး အဆိုပါ ရရှိသည့်ငွေကို NLD ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် လှူဒါန်းခဲ့သည်။

အဆိုပါ လှူဒါန်းမှုနှင့် ပတ်သက်ပြီး အခွန်ဆောင်ခြင်း ရှိ၊ မရှိ သံသယဝင်ခြင်းကြောင့် မင်းထင်ကိုကိုကြီးကို ကနဦး ဖမ်းဆီးသွားခြင်းဖြစ်သည်

ယင်းကဲ့သို့ လှူဒါန်းမှုသည် နိုင်ငံတော်အား တရားဝင် အခွန်ဆောင်ပြီး လှူဒါန်းခြင်းဖြစ်သော်လည်း စစ်တပ်က အဆိုပါ လှူဒါန်းမှုနှင့် ပတ်သက်ပြီး အခွန်ဆောင်ခြင်း ရှိ၊ မရှိ သံသယဝင်ခြင်းကြောင့် မင်းထင်ကိုကိုကြီးကို ကနဦး ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ၎င်းနှင့် နီးစပ်သူများက ဆိုကြသည်။

သို့သော် ယင်းလှူဒါန်းမှုတွင် အပြစ်ရှိကြောင်း တွေ့ရသဖြင့် မင်းထင်ကိုကိုကြီးကို ဖမ်းဆီးပြီးမှသာ ၎င်း၏ Facebook တွင် ဝေဖန် ရေးသားခဲ့သည့် ပို့စ် ၃ ခုကြောင့် ပုဒ်မ ၅၀၅ (ခ) ဖြင့် အရေးယူခြင်း ဖြစ်ကြောင်း ကြားသိရသည်။ ယင်းနောက် မင်းထင်ကိုကိုကြီးအား ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃ဝ ရက်နေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည်။

ပုဒ်မ ၅၀၅ (ခ) သည် “အများပြည်သူ၏ အကျိုးပျက်စီးစေသော ဖော်ပြချက်” ဟူ၍ ရာဇသတ်ကြီးတွင် ပြန်ဆိုထားသည်။ ထိုပုဒ်မသည် ကျူးလွန်ကြောင်း ထင်ရှားပါက ထောင်ဒဏ် ၂ နှစ် ကျခံရမည်ဖြစ်ပြီး ထောင်ဒဏ် တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးသည် ၎င်းရင်ဆိုင်ခဲ့ရသည့်အမှုအတွက် ရှေ့နေ ငှားရမ်းခြင်း မရှိဘဲ၊ အခမဲ့ ကူညီပေးသည့် ရှေ့နေအဖွဲ့ဖြင့်သာ အမှုကို ရင်ဆိုင်ခဲ့ပြီး ယင်းကဲ့သို့ အမိန့်ချမည်ကို ကြိုတင် မျှော်လင့်ထားကြောင်း သိရသည်။

မင်းထင်ကိုကိုကြီး၏ လက်ရှိ ကျန်းမာရေး

အသည်းကင်ဆာ ရောဂါအခံ ရှိသည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီး၏ လက်ရှိ ကျန်းမာရေးသည် ကောင်းမွန်သည်ဟု ကြားသိရပြီး စိုးရိမ်စရာ ရောဂါအခြေအနေမျိုး မရှိသော်လည်း အသည်းနှင့် ပတ်သက်သည့် ပုံမှန် သောက်သုံးနေရသော ဆေးဝါးများရှိသည်ဟု ကြားသိရသည်။

မင်းထင်ကိုကိုကြီးအား ဖမ်းဆီးသွားချိန်မှ စ၍ မိသားစုဝင်များက တခါမှ လူချင်း အဆက်အသွယ် မရခဲ့ဘဲ၊ ဖုန်းအဆက်အသွယ်လည်း မရရှိသလို၊ ထောင်တွင်းရောက်မှသာ စာအဆက်အသွယ်ဖြင့် လိုအပ်သည်များကို မှာကြားသည့် အခြေအနေ ရှိသည်ဟု မင်းထင်ကိုကိုကြီး၏ နီးစပ်သည့် မိသားစုဝင် တဦးထံမှ သိရသည်။

မှတ်တမ်းရုပ်ရှင်ဆုရ ဒါရိုက်တာများစွာ မွေးထုတ်ပေးခဲ့သူ

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်များ ဦးဆောင် ကျင်းပပြီး လူ့ဂုဏ်သိက္ခာ ရုပ်ရှင်သိပ္ပံကို စတင် တည်ထောင်ခဲ့သည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးသည် ၎င်း တတ်ကျွမ်းသည့် မှတ်တမ်းရုပ်ရှင် ရိုက်ကူးခြင်း အတတ်ပညာကို လူငယ်များစွာထံ အခမဲ့ သင်ကြားပေးခဲ့သည်။

မြန်မာနိုင်ငံတဝှမ်း၌ ခရီးသွားရုပ်ရှင်ပွဲတော်များ ကျင်းပခဲ့ရာ ၂၀၁၇ ဒီဇင်ဘာလအထိ ရုပ်ရှင်ပွဲတော်ပေါင်း ၁၂၄ ပွဲကို ကျင်းပခဲ့သည်။

လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို ၂၀၁၃ ခုနှစ်က ရန်ကုန်မြို့၌ စတင် ကျင်းပခဲ့ပြီး ယင်းနောက် မြန်မာနိုင်ငံတဝှမ်း၌ ခရီးသွားရုပ်ရှင်ပွဲတော်များ ကျင်းပခဲ့ရာ ၂၀၁၇ ဒီဇင်ဘာလအထိ ရုပ်ရှင်ပွဲတော်ပေါင်း ၁၂၄ ပွဲကို ကျင်းပခဲ့သည်။

“လူ့ဂုဏ်သိက္ခာ ရုပ်ရှင်သိပ္ပံကျောင်းကနေ ကျောင်းဆင်းတဲ့ ကျောင်းသားတွေရဲ့ လက်ရာတွေက ကမ္ဘာအနှံ့မှာရှိတဲ့ ရုပ်ရှင်ပွဲတော်တွေမှာ ဆုတွေရတယ်။ အဲဒီ ရုပ်ရှင်ကားတွေကို ဆရာက ပရိုဂျူဆာ လုပ်ခဲ့တော့ သူရုပ်ရှင်ပွဲတော်လုပ်တဲ့ ကာလမှာ မျိုးဆက်သစ် လူငယ်ဒါရိုက်တာတွေ အများကြီး မွေးထုတ်နိုင်ခဲ့တယ်” ဟု မင်းထင်ကိုကိုကြီး၏ တပည့်တဦးက ဆိုသည်။

မြန်မာနိုင်ငံရှိ တက္ကသိုလ်ကောလိပ်များ၊ ကျေးရွာများ၊ စစ်ဘေးရှောင်စခန်းများ၊ ရုပ်ရှင်ရုံများ၊ အများပြည်သူ အပန်းဖြေ နေရာများ စသည့် နေရာအနှံ့အပြားတွင် ရုပ်ရှင်ပွဲတော်များ သွားရောက် ကျင်းပခဲ့ပြီး အမေရိကန်၊ အိန္ဒိယနှင့် မလေးရှားနိုင်ငံတို့တွင်လည်း ခရီးသွားရုပ်ရှင်ပွဲတော်များ ကျင်းပခဲ့သည်။

ထိုအချိန်က ၂၀၁၃ မှ ၂၀၁၇ အထိ နိုင်ငံတကာရုပ်ရှင်ပွဲတော် ၅ ကြိမ်အတွင်း ပြည်တွင်းရုပ်ရှင် ၁၇၇ ကားနှင့် ပြည်ပရုပ်ရှင် ၁၃၉ ကား၊ စုစုပေါင်းရုပ်ရှင် ၃၁၆ ကားကို ရွေးချယ်ပြသခဲ့ရာ မြန်မာနိုင်ငံတဝှမ်း ရုပ်ရှင်ပွဲတော်များကို တက်ရောက်ကြည့်ရှုသူ တသိန်းခွဲခန့် ရှိခဲ့သည်။

မင်းထင်ကိုကိုကြီးသည် ရုပ်ရှင်ပွဲတော်ကျင်းပခြင်းနှင့် သင်တန်းပို့ချခြင်းလုပ်ငန်းစဉ်များကို ၂၀၁၇ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် အခြေအနေ အကြောင်းကြောင်းကြောင့် ရပ်ဆိုင်းခဲ့သည်။

၂၀၁၉ ခုနှစ်တုန်းကလည်း ဖမ်းခံရ

ဒါရိုက်တာ မင်းထင်ကိုကိုကြီးသည် ၂၀၁၉ ခုနှစ်၊ NLD အစိုးရ လက်ထက်တုန်းကလည်း ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်ရေးအတွက် စစ်တပ်၏ ရပ်တည်ချက်နှင့် ပတ်သက်ပြီး ဝေဖန်ရေးသားမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ၎င်းအား နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဆီးခံခဲ့ရပြီး ယင်းအပြင် ပုဒ်မ ၆၆ (ဃ) ဖြင့်လည်း တရားစွဲဆိုခံခဲ့ရသည်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီး၏ လူမှုကွန်ရက်တွင် ရေးသားခဲ့သော ပို့စ်များထဲမှ ပို့စ် ၁၀ ခုသည် တပ်မတော်၏ ဂုဏ်သိက္ခာ ထိခိုက်စေသည်ဟုဆိုကာ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီးလင်းထွန်းက ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ငွေကျပ် သိန်းပေါင်း ၂၄၀၀ ကို NLD ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် လှူဒါန်းခဲ့သည်။  

မင်းထင်ကိုကိုကြီးသည် ၂၀၁၉ ဧပြီလအတွင်းက ဖမ်းဆီးခံရခြင်းဖြစ်ပြီး ၎င်းကို တရားစွဲဆိုထားသည့် အမှုများကို အင်းစိန်ထောင်တွင်း၌ အချိန် ၄ လကျော်ကြာ ရင်ဆိုင်ခဲ့ရပြီးနောက် အင်းစိန်တရားရုံးမှ ပုဒ်မ ၅၀၅ (က) ဖြင့် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့တွင် ထောင်ဒဏ် တနှစ် ချမှတ်ခဲ့သည်။

ထိုအချိန်က မင်းထင်ကိုကိုကြီး၏ ကျန်းမာရေးသည် အသည်းကင်ဆာရောဂါ ခံစားနေရပြီး ၎င်း၏ ကျန်းမာရေး အခြေအနေကြောင့် အမှုကို အာမခံ တင်ပြခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။ ယင်းနောက် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ထောင်ရက်စေ့ကာ ပြန်လည် လွတ်မြောက်လာခဲ့သည်။

အနုပညာကို လွတ်လပ်စွာ ဖန်တီးသူ

ရုပ်ရှင် ဖန်တီးသူသာမက ဇာတ်ညွှန်းဆရာ၊ ကဗျာဆရာလည်းဖြစ်သည့် မင်းထင်ကိုကိုကြီးသည် အနုပညာနှင့် ပတ်သက်လာလျှင် လွတ်လပ်စွာ ခံစား ဖန်တီးသူဖြစ်ပြီး အနုပညာနှင့်သာ နေထိုင်သည့် အနုပညာရှင်တဦးဟု ၎င်း၏ တပည့်များက မှတ်ချက် ပြုကြသည်။

ရုပ်ရှင် ဖန်တီးသူသာမက ဇာတ်ညွှန်းဆရာ၊ ကဗျာဆရာလည်းဖြစ်သည့် မင်းထင်ကိုကိုကြီးသည် အနုပညာနှင့် ပတ်သက်လာလျှင် လွတ်လပ်စွာ ခံစား ဖန်တီးသူ

“ဆရာက တကယ့်ကို အနုပညာသမား၊ ခံစားတယ်။ ဇာတ်ညွှန်းဆိုလည်း သူကိုယ်တိုင် ရေးတယ်။ ကဗျာဆိုလည်း သူကိုယ်တိုင် ခံစားရေးတယ်။ သူ့ကို ဘယ်လိုမြင်လဲဆို တကယ့်ကို အနုပညာနဲ့ နေထိုင်တဲ့ အနုပညာသမား တယောက်” ဟု ၎င်း၏ တပည့်အရင်းတဦးက ဆိုသည်။

မင်းထင်ကိုကိုကြီး ရေးသားခဲ့သော ကဗျာများထဲတွင် ၂၀၁၀ ပြည့်နှစ်က အလယ်ရိုးမ ခေတ်ပေါ်ကဗျာဆုရ ကဗျာတပုဒ်ဖြစ်သည့် “ဒီမိုးကရေစီးတယ်” အမည်ရ ကဗျာသည် လူသိများ ထင်ရှားသည်။

မင်းထင်ကိုကိုကြီး၏ ဖန်တီးမှုများနှင့် ပတ်သက်ပြီး “သူ့တပည့် မဖြစ်ခင်ကတည်းက ကျနော်တို့က သူ့လက်ရာတချို့၊ သူ့ဇာတ်ကားတွေကို ကြိုက်တယ်။ သူက ကိုယ်ပိုင်ဟန် ရှိတဲ့ ဒါရိုက်တာ တယောက်ပေါ့” ဟု နောက်ထပ် တပည့်တဦးက မှတ်ချက် ပြုသည်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီး ရိုက်ကူးခဲ့သည့် “အမျှင်” ၊ “အိပ်မက်အလွန်” ၊ “သနပ်ခါး” စသည့် ဇာတ်ကားများသည် လူကြိုက်များခဲ့ပြီး ပဒေါင်လူမျိုးများအကြောင်း ရိုက်ကူးထားသည့် မနုဿလှောင်ချိုင့် “Human Zoo” နှင့် အင်းလေးဒေသ၏ ဂေဟစနစ် ပျက်စီးမှုအကြောင်း ရိုက်ကူးထားသည့် အင်းသီး “The Floating Tomatoes” မှတ်တမ်းရုပ်ရှင်များသည် ထင်ရှားသည်။

အနုပညာရှင်များ ဖမ်းဆီးထားဆဲ

ဒါရိုက်တာ မင်းထင်ကိုကိုကြီး အပါအဝင် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက အကျိုးအကြောင်းမဲ့စွာ ဖမ်းဆီးခံထားရသည့် အနုပညာရှင်များဖြစ်သော အဆိုတော် စောဖိုးခွား၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ စာရေးဆရာမောင်သာချိုနှင့် ဦးထင်လင်းဦးတို့သည်လည်း ယခုအချိန်ထိ လွတ်မြောက်ခြင်း မရှိကြသေးပေ။

မင်းထင်ကိုကိုကြီးသည် ၂၀၁၉ ဧပြီလအတွင်း စစ်တပ်က တရားစွဲဆို ဖမ်းဆီးခံရသည်  

ထို့အတူ မင်းထင်ကိုကိုကြီးနှင့် ရုပ်ရှင်ကားများ လက်တွဲ ရိုက်ကူးခဲ့ဖူးသည့် သရုပ်ဆောင်မင်းသား ရဲတိုက်သည်လည်း အင်းစိန်ထောင်တွင်း ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရပြီး မလွတ်မြောက်သေးပေ။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးကဲ့သို့ လူ့အခွင့်အရေး ရုပ်ရှင်များ ဖန်တီးသူ အနုပညာသမားစစ်စစ်ကို ဖမ်းဆီး ထောင်ချထားပြီး စစ်ကောင်စီက မကြာခင် ရုပ်ရှင်ရုံများ ဖွင့်လှစ်နိုင်ရန် ထုတ်လုပ်သူများနှင့် ရုံပိုင်ရှင်များကို အတင်းဖိအားပေးကာ အသည်းအသန် ကြိုးပမ်းနေသည်။

မင်းထင်ကိုကိုကြီး၏ လူမှုကွန်ရက်တွင် ဝေဖန်ထောက်ပြသော စကားလုံးများသည် စစ်အာဏာရှင်များအတွက် အထိနာအောင် ပြင်းရှလှသည်။

မင်းထင်ကိုကိုကြီး၏ နိုင်ငံရေး ယုံကြည်ချက် ခံယူချက်သည် ပြင်းထန်ပြီး သူမှန်သည် ထင်လျှင် ပြောဆို လုပ်ကိုင်ရဲသူ၊ ခေါင်းမာသူ တဦးဟု ၎င်း၏ ရင်းနှီးသူများက မှတ်ချက်ပြုကြသည်။

သူယုံကြည်သည့် အကြောင်းအရာကို လွတ်လပ်စွာ ထုတ်ဖော်ပြောရဲသည့် မင်းထင်ကိုကိုကြီး၏ လူမှုကွန်ရက်တွင် ဝေဖန်ထောက်ပြသော စကားလုံးများသည် စစ်အာဏာရှင်များအတွက် အထိနာအောင် ပြင်းရှလှသည်။

“သူ့ရဲ့ နိုင်ငံရေး ခံယူချက်က လူ့အခွင့်အရေးနဲ့ ဆက်နွှယ်တယ်။ နိုင်ငံသားတိုင်းကို လူ့အခွင့်အရေး ပြည့်ပြည့်ဝဝ ရစေချင်တယ်။ အဲဒီလို ဖြစ်ဖို့အတွက် တတ်နိုင်တဲ့ဘက်ကနေ ဝင်ထမ်းတယ်။ အဲဒါ သူ့ရဲ့ ခံယူချက်ပဲ” ဟု မင်းထင်ကိုကိုကြီးနှင့် ရင်းနှီးသည့် အသိုင်းအဝိုင်းက မှတ်ချက်ပြုသည်။

ယခုအချိန်တွင် လူ့အခွင့်အရေးကို အပြည့်အဝ ယုံကြည်သည့် ဒါရိုက်တာသည် လူ့အခွင့်အရေးကို မေးခွန်း ထုတ်ရသည့် စနစ်တခုအောက်တွင် လူ့အခွင့်အရေးဆိုသည်ကို အလေးထားမှု မရှိသည့် သံတိုင်များ နောက်တွင် ခေတ်တခုကို ဖြတ်သန်းနေသည်။

ကျန်းမာရေး မကောင်းသည့်ကြားက ကျော်ဖြတ်နေသည်။ အနုပညာသမားနှင့် မသက်ဆိုင်သည့် သံတိုင်များနောက်တွင် အနုပညာများ ဖန်တီးရန် တွေးနေမလား မဆိုနိုင်ပေ။


Original Post: The Irrawaddy