19 March 2022
မန္တလေးမြို့မြင်ကွင်း။ ဓာတ်ပုံ-Myanmar Now
အသက် ၃၄ နှစ်အရွယ် သားကို မမိ၍ ဒုတိယအကြိမ် ဖမ်းဆီးခံရသည့် အသက် ၅၄ နှစ်အရွယ် မိခင်ကို စစ်ကောင်စီက အိုးဘိုထောင်သို့ ပို့လိုက်ပြီဟု ဒေသခံတို့ထံမှ သိရသည်။
By Myanmar Now
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)အဖွဲ့ဝင်ဟု စွပ်စွဲခံရသည့် မန္တလေးမြို့နေ အမျိုးသားတစ်ဦးကို နေအိမ်တွင် မတွေ့၍ မတ် ၂ ရက်က ဓားစာခံအဖြစ် အဖမ်းခံရသည့် သူ့မိခင် အိုးဘိုထောင်သို့ ရောက်သွားသည်ဟု ဒေသခံအချို့က အတည်ပြုသည်။
ချမ်းအေးသာစံမြို့နယ်၊ ရတနာစုရပ်ကွက်ရှိ ၃၄ နှစ်အရွယ် ကိုဝေယံစိုး၏ နေအိမ်သို့ စစ်ကောင်စီက ဖေဖော်ဝါရီလတွင် တစ်ကြိမ် လာရောက်ရှာဖွေဖူးသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ရပ်ကွက်နေသူ နှစ်ဦးထံမှ စုံစမ်းသိရှိရသည်။
ထိုစဉ်က ၅၄ နှစ်အရွယ် မိခင် ဒေါ်နီလာနှင့် ညီမဖြစ်သူတို့ကို မန္တလေးတိုင်းရဲရုံးတွင် တစ်ရက်ကြာစစ်ဆေးပြီးနောက် ပြန်လွှတ်ပေးခဲ့သည်ဟု ၎င်းတို့က ဆိုသည်။
မတ် ၂ ရက်နေ့တွင်မူ ကား ၄ စီးဖြင့် ရောက်လာသည့် ရဲနှင့် စစ်သား ၅၀ ခန့်က ဒေါ်နီလာကို ဒုတိယအကြိမ် ဖမ်းသွားခြင်း ဖြစ်သည်ဟု အထက်ပါ သတင်းရင်းမြစ်များက ပြောသည်။
မည်သည့်နေရာတွင် မည်သို့ စစ်ဆေးခံရသည်၊ မည်သည့်ပုဒ်မတပ်ထားသည် မသိရ၍ စိုးရိမ်မိကြောင်း ၎င်းတို့က ပြောသည်။
ဒေါ်နီလာ အိုးဘိုးထောင်သို့ ရောက်နေပြီကို မိသားစုနီးစပ်သူက မန္တလေးမြို့ ရဲတပ်ဖွဲ့ဝင်တစ်ဦးထံမှ ကြားသိအတည်ပြုနိုင်ခဲ့ကြောင်း၊ အသေးစိတ်ကိစ္စများ မသိရသေးကြောင်း ထိုသတင်းရင်းမြစ်တို့က ဆိုသည်။
“သူ့သားဖြစ်သူနဲ့ ပတ်သက်ပြီး ခေါ်စစ်ဆေးစရာရှိတယ်ဆိုပြီး ဖမ်းသွားတာ။ ခုထိ ပြန်လွတ်မလာဘူး။ အန်တီက ကျန်းမာရေးလည်းမကောင်းဘူး။ နောက်ပြီးတော့ အဆက်အသွယ်လည်း မရဘူးကြားတယ်” ဟု ရပ်ကွက်သူတစ်ဦးက ပြောသည်။
“သူတို့ဘာသာ အေးအေးဆေးဆေးနေတဲ့မိသားစုပါ”
ခင်ပွန်းသည် ကွယ်လွန်သွားပြီဖြစ်သည့် ထိုမိသားစုတွင် မိခင်နှင့် သား၊ သမီး သုံးဦးသာ ရှိကြပြီး စစ်ကောင်စီ အလိုရှိနေသည့် ကိုဝေယံစိုးမှာ ခရီးသွားနေသည်ဟု သိထားကြောင်း ထိုသူက ဆက်ပြောသည်။
စစ်ကောင်စီတပ် ဒုတိယအကြိမ် လာရှာစဉ် နေအိမ်တွင် မရှိ၍ လွတ်မြောက်သွားသည့် ဒေါ်နီလာ၏ သမီးဖြစ်သူနှင့် စပ်လျဉ်း၍မူ အသေးစိတ်မသိရသေးပေ။
အလိုရှိသူကို မမိ၍ တွေ့ရာမိသားစုဝင်ကို ဖမ်းသည့် စစ်ကောင်စီ၏ လုပ်ရပ်မှာ စက်ဆုပ်ရွံရှာဖွယ်ဖြစ်သည်ဟု ၎င်းက မှတ်ချက်ပြုသည်။
“ဒါမျိုးကြီးက အခု အမြဲတမ်းကြားနေရတယ်။ ဒီလိုလုပ်ရပ်က ခေတ်အဆက်ဆက် ဘယ်မှာမှလည်း မကြားဖူးဘူး။ အင်မတန်အောက်တန်းကျတယ်” ဟု ထိုသူက ပြောသည်။
အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီထံ မေး၍ မရသေးပါ။
မန္တလေးတွင် ၂၀၂၁၊ နိုဝင်ဘာလအတွင်း အလားတူဖြစ်စဉ် ပေါ်ပေါက်ဖူးပြီး အင်ဂျင်နီယာကျောင်းသား ကိုဟိန်းထက်ကို မတွေ့၍ အသက် ၅၀ ကျော်အရွယ် မိခင်ဖြစ်သူကို စစ်ကောင်စီက လက်ပြန်ကြိုးတုပ်၍ ဖမ်းဖူးသည်။
ထိုသို့ ဖြစ်ပြီး နှစ်ပတ်ဝန်းကျင်အကြာ သားဖြစ်သူကို ဖမ်းမိသော်လည်း မိခင် ဒေါ်ခင်အေးမော်ကို ပြန်မလွှတ်ဘဲ အကြမ်းဖက်ပုဒ်မဖြင့် တရားစွဲပြီး အိုးဘိုထောင်၌ ချုပ်နှောင်ခံရကာ တရားရင်ဆိုင်နေရသည်။ ၎င်းတို့၏နေအိမ် ချိပ်ပိတ်ခံရသည်။
အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း စစ်ကောင်စီက ၎င်းတို့ကို ဆန့်ကျင်သူများ၏ အသက်၊ အိုးအိမ် စည်းစိမ်တို့ကို နည်းလမ်းမျိုးစုံ အနှောင့်အယှက်ပေးသည့်နည်းလမ်းများနှင့် တုံ့ပြန်နေသည်။
အလိုရှိသူကို မမိ၍ ဓားစာခံအဖြစ် ဖမ်းဆီးခံရသည့် ဖြစ်စဉ်များ၊ နေအိမ်ချိပ်ပိတ်မှုများ၊ ဆန္ဒပြလျှင်ပင် သေနတ်နှင့်ပစ်၊ ကားနှင့်တိုက်သည်အထိ စစ်ကောင်စီက ပြုမူနေသည်။
စစ်ကောင်စီကမူ ၎င်းတို့သည် ပြည်သူလူထုကို အကြမ်းဖက်သမားများ၏ရန်မှ အကာအကွယ်ပေးနေသည်ဟု ပြောဆိုလေ့ရှိသည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.