Statement 227 Views

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ ဆိုးရွားလှသော ရာဇဝတ်မှုများကို တရားစွဲဆိုနိုင်ရန်အတွက် တရားစီရင်ရေးစနစ် တည်ထောင်ရေး နည်းလမ်းများ ရှာဖွေရန်

March 7th, 2022  •  Author:   116 Myanmar Civil Society Organizations  •  4 minute read
Featured image

သို့

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ အဖွဲ့ဝင်နိုင်ငံများ နှင့် လေ့လာသည့်နိုင်ငံများ

အိတ်ဖွင့်ပေးစာ 

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ ဆိုးရွားလှသော ရာဇဝတ်မှုများကို တရားစွဲဆိုနိုင်ရန်အတွက် တရားစီရင်ရေးစနစ် တည်ထောင်ရေး နည်းလမ်းများ ရှာဖွေရန်

၂၀၂၂ ခုနှစ် မတ်လ ၇ ရက်

လေးစားရပါသော ဂုဏ်သရေရှိလူကြီးမင်းများရှင်/ခင်ဗျား

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ဆိုးရွားလှသည့် ရာဇဝတ်မှုများအတွက် ကုလသမဂ္ဂမှ လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းထားသော တရားစီရင်ရေးတစ်ရပ် တည်ဆောက်ပြီး တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရေး ဖြစ်နိုင်သော လမ်းကြောင်းများအားလုံးကို ရှာဖွေရေး ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (United Nation Human Rights Council – UNHRC) မှ ရှာဖွေဖော်ထုတ်သွားရန် အောက်တွင်လက်မှတ်ရေးထိုးထားသော မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်း (CSO) ၁၁၆ ဖွဲ့မှ အရေးတကြီး တောင်းဆိုလိုက်သည်။

မိမိတို့အနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပြုလုပ်သည့် အထူးအစည်းအဝေး၏ ဆုံးဖြတ်ချက် နှင့် ၂၀၂၁ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ချမှတ်သည့် UNHRC ၏ ဆုံးဖြတ်ချက် တို့အပေါ် စိတ်ပျက်ရကြောင်း ဖော်ပြလိုပြီး ယခုပြုလုပ်နေသည့် ၄၉ ကြိမ်မြောက် UNHRC ၏ ပုံမှန်အစည်းအဝေးတွင် မြန်မာနိုင်ငံ လက်ရှိရင်ဆိုင်နေရသော အကျပ်အတည်း၏ နက်ရှိုင်းမှုကို ထင်ဟပ်သည့် ခိုင်မာသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ရန်နှင့် မြန်မာနိုင်ငံရှိ နိုင်ငံတကာ ရာဇဝတ်မှုများကို တရားစွဲဆိုနိုင်မည့် တရားစီရင်ရေးတစ်ရပ် တည်ဆောက်နိုင်ရေး ကြိုးပမ်းအားထုတ်မှုများအပေါ် အ‌လေးပေးလုပ်‌ဆောင်ရန် တောင်းဆိုသည်။ ကုလသမဂ္ဂသည် တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု မရှိစေခြင်းအားဖြင့် မြန်မာပြည်သူများအပေါ် ဆက်လက်ပျက်ကွက်နေပြီး တချို့ဖြစ်စဥ်များတွင် ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေမှုအပေါ် ထုတ်ဖော်ပြောဆိုရန်ပင် လုံးဝပျက်ကွက်နေခဲ့ခြင်းများကြောင့် မြန်မာစစ်တပ်ကို ပိုမိုအတင့်ရဲလာစေသည်။

လွန်ခဲ့သည့် ၁၅ နှစ်ကျော်ကာလအတွင်း UNHRC သည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ဆုံးဖြတ်ချက် ၂၀ ကျော် ချမှတ်ခဲ့ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး (Office of the High Commissioner for Human Rights – OHCHR) နှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးကိုယ်စားလှယ် (Special Rapporteur on the situation of human rights in Myanmar) တို့အား လူ့အခွင့်အရေး ချိုးဖောက်မှုများကို လေ့လာစောင့်ကြည့်ရန်၊ မှတ်တမ်းတင်ရန် နှင့် အစီရင်ခံရန် တို့အတွက် လုပ်ပိုင်ခွင့်အာဏာ ပေးအပ်ခဲ့သည်။ ထို့အပြင် အရေးကြီးဆုံး အချက်တစ်ခုမှာ ၂၀၁၇ ခုနှစ် မတ်လတွင် UNHRC က မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင် (Independent International Fact-Finding Mission on Myanmar – IIFFMM) ကို ဖွဲ့စည်းပေးခဲ့ပြီး ယင်း IIFFMM က မြန်မာစစ်တပ်မှ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သော ရာဇဝတ်မှုများကို ကျူးလွန်ထားသည်ဟု ယုံကြည်ရနိုင်ဖွယ် အထောက်အထားများကို ရှာဖွေတွေ့ရှိခဲ့သည်။ IIFFMM ၏ တွေ့ရှိချက်များနောက်ပိုင်း ၂၀၁၉ ခုနှစ်တွင် UNHRC သည် မြန်မာနိုင်ငံတွင် အဆိုးရွားဆုံးသော နိုင်ငံတကာရာဇဝတ်မှုများနှင့် နိုင်ငံတကာဥပဒေ ချိုးဖောက်မှုများဆိုင်ရာ အထောက်အထားများကို သိမ်းဆည်းရန်၊ စုစည်းရန်၊ ထိန်းသိမ်းရန်နှင့် ခွဲခြမ်းစိတ်ဖြာသုံးသပ်မှု လုပ်ဆောင်ရန်၊ နှင့် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုမှုများ လုပ်ဆောင်နိုင်ရန်အတွက် အချက်အလက်‌များကို ပြင်ဆင်ထားရန် တို့အတွက် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောနိုင်ငံတကာစုံစမ်းစစ်ဆေးရေယန္တရား (Independent Investigative Mechanism for Myanmar – IIMM) ကို ဖွဲ့စည်းပေးခဲ့သည်။ ဤမတူကွဲပြားသော ယန္တရားများမှ မှတ်တမ်းတင် အစီရင်ခံထားသည့် ပြည့်စုံလုံလောက်သော အချက်အလက်များက မြန်မာစစ်တပ်မှ ကျူးလွန်နေသည့် ဆိုးရွားသော နိုင်ငံတကာ ရာဇဝတ်မှုများသည် ပြစ်ဒဏ်ပေး အရေးယူခြင်း မခံရဘဲ ကင်းလွတ်ခွင့်ရနေမှု အမြစ်တွယ်နေခြင်းကြောင့် ဖြစ်သည်ကို ထောက်ပြနေသည်။ မြန်မာစစ်တပ်သည် ပြစ်ဒဏ်ပေးအရေးယူခံရမှု ကင်းလွတ်စွာဖြင့် ထိုဆိုးရွားသော ရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်နေကြောင်း ခိုင်မာသည့်အထောက်အထားများ ရှိနေသော်လည်း ယင်းယန္တရားများကို စစ်တပ်မှ တာဝန်ယူ တာဝန်ခံလာစေရေး အရေးယူနိုင်သော တရားဥပဒေကြောင်းဆိုင်ရာ လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်သည့် လုပ်ပိုင်ခွင့်အာဏာ သို့မဟုတ် တရားစီရင်ပိုင်ခွင့် ပေးထားခြင်း မရှိပေ။ မြန်မာနိုင်ငံအတွက် ပြည့်ဝသော တရားစီရင်ရေးစနစ်ကို မတည်ဆောက်နိုင်ပါက ကမ္ဘာပေါ်တွင် အဆိုးရွားဆုံးသော ရာဇဝတ်မှုများကို ရင်ဆိုင်ခံစားနေရသည့် ကျူးလွန်ခံရသူများအတွက်  တာဝန်ယူမှု တာဝန်ခံမှုနှင့် တရားမျှတမှု ရရှိနိုင်ရေးမှာ ဆက်လက်အလှမ်းဝေးနေမည် ဖြစ်သည်။

မြန်မာစစ်အုပ်စုသည် မြန်မာပြည်သူများအပေါ် ဥပဒေမဲ့သတ်ဖြတ်ခြင်း၊ လေကြောင်းဖြင့် တိုက်ခိုက်ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ လိင်ပိုင်းဆိုင်ရာနှင့် ကျား-မအခြေပြု အကြမ်းဖက်မှုများ ကျူးလွန်ခြင်း၊ အစုလိုက်အပြုံလိုက် မတရားဖမ်းဆီးချုပ်နှောင်ခြင်း၊ အကျဥ်းထောင်များတွင် ညှဥ်းပန်းနှိပ်စက်ခြင်းနှင့် အခြားသော ရက်စက်ကြမ်းကြုတ်မှုများကို ပြစ်ဒဏ်ပေးအရေးယူခံရမှု ကင်းလွတ်စွာဖြင့် ပုံမှန်ကျူးလွန်နေသည်ဖြစ်ရာ  မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးအခြေအနေသည် အောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာတွမ် အင်ဒရူးစ်က “ခြုံငုံပြီး ပြောရမယ်ဆိုရင် စစ်အုပ်စုဟာ သူ့ရဲ့ တပ်ဖွဲ့တွေကို မြန်မာပြည်သူတွေအပေါ် ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျတိုက်ခိုက်ဖို့ ညွှန်ကြားထားတာ ဖြစ်တယ်။ အဲဒါကြောင့် ဒီဖြစ်ရပ်ဟာ စစ်အုပ်စုအနေနဲ့ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်နေတယ်ဆိုတာ ထင်ရှားတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်တယ်” ဟု ဖော်ပြခဲ့သည်။ ခရစ္စမတ် အကြိုနေ့တွင် ကရင်နီပြည်၌ ကလေးများနှင့် Save The Children အဖွဲ့မှ ဝန်ထမ်းနှစ်ဦး အပါအဝင် အနည်းဆုံး လူ ၄၂ ဦးကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဖြစ်ပွားပြီးနောက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက “၎င်းအပြုအမူအတွက် တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရေး သေချာစွာလုပ်ဆောင်ရန် လိုအပ်သည်” ဟု ဖော်ပြထားသည့် ထုတ်ပြန်ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

UNHRC အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ ဆိုးရွားသော ရာဇဝတ်မှုများအတွက် တရားစွဲဆိုနိုင်ရန် ကုလသမဂ္ဂမှ တရားစီရင်ရေးတစ်ခု တည်ထောင်နိုင်ရေး ဖြစ်နိုင်သမျှ နည်းလမ်းများ ရှာဖွေပြီး ချက်ချင်းလုပ်ဆောင်ရမည်။ IIMM ၏ လုပ်ဆောင်ထားချက်များကို အသုံးပြုရမည်ဖြစ်ပြီး ကျူးလွန်သူများကို အရေးယူမှုများ လုပ်ဆောင်ခြင်းအားဖြင့် ပြစ်ဒဏ်ပေး အရေးယူခံရမှု ကင်းလွတ်ခွင့်ကို အဆုံးသတ်ရမည် ဖြစ်သည်။ ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ယခင်လုပ်နည်းအတိုင်း ချဥ်းကပ်တုံ့ပြန်ခြင်းမျိုး ဆက်မလုပ်ဘဲ လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်ပေးရမည့် ၎င်း၏တာဝန်ဝတ္တရားများကို ဝင်ရောက်လုပ်ဆောင်ရပါမည်။

၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနှင့် တခြားတိုင်းရင်းသား ပြည်သူလူထု အသိုင်းအဝိုင်းများအပေါ် ဆယ်စုနှစ်များစွာ ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်မှုများကို ဤတစ်ခုတည်းသော စစ်တပ်က ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့သည် ယခုအခါ လူသားမျိုးနွယ်အပေါ်ဆန့်ကျင်သော ရာဇ၀တ်မှုများနှင့် စစ်ရာဇ၀တ်မှုများကို နိုင်ငံတစ်ဝှမ်းတွင် ကျူးလွန်နေကြောင်း ထပ်ခါတလဲလဲ ပြောနေရုံဖြင့် လုံလောက်နိုင်မည် မဟုတ်ပေ။

လက်ရှိအချိန်အထိ စစ်အုပ်စုသည် အနည်းဆုံး ကလေး ၁၀၀ ဦးအပါအဝင် လူဦးရေ ၁,၆၀၃ ဦးကို သတ်ဖြတ်ခဲ့ပြီးသည့်အပြင် မြေပြင်တိုက်ခိုက်မှုများနှင့် လေကြောင်းမှတစ်ဆင့် ကြောက်မက်ဖွယ် ပစ်မှတ်ထား တိုက်ခိုက်မှုများကြောင့် နောက်ထပ်သော ရာပေါင်းများစွာမှာလည်း ထပ်မံသေဆုံးကြရသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ် ဇန္နဝါရီလအထိ လက်နက်ကိုင်တိုက်ခိုက်မှုနှင့် အရပ်သားများအပေါ် တိုက်ခိုက်မှု‌ စုစုပေါင်း ၉,၄၄၁ ကြိမ် ဖြစ်ပွားခဲ့ပြီး အရပ်သားပြည်သူများမှာ ၎င်းတို့၏ လုံခြုံရေးအတွက် ထွက်ပြေးတိမ်းရှောင်နေကြရကာ အိန္ဒိယနိုင်ငံ သို့မဟုတ် ထိုင်းနိုင်ငံ အတွင်းများသို့ ထွက်ပြေးတိမ်းရှောင်ရမှုများကို ဖြစ်ပေါ်စေသည်။ ၂၀၂၂ ခုနှစ် ဇန္နဝါရီလ ၃၁ ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ ဦးရေ ၈၁၁,၉၀၀ ကျော်ရှိပြီဟု ခန့်မှန်းသိရှိ ရသည်။

နွေဦးတော်လှန်ရေးအား နှိမ်နှင်းရန် ပြင်းထန်သော ကြိုးပမ်းအားထုတ်မှုများတွင် စစ်အုပ်စုသည် လူပေါင်း ၁၂,၅၃၄ ဦးကိုဖမ်းဆီးခဲ့ပြီး ၉,၅၀၇ ဦးတို့မှာ ဆက်လက်ထိန်းသိမ်းခြင်း ခံရကာ ညှဉ်းပန်းနှိပ်စက်မှု၊ သေဆုံးမှု၊ ငတ်မွတ်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ငြင်းပယ်မှု၊ အစာရေစာဖြတ်တောက်မှုနှင့် လိင်ပိုင်းဆိုင်ရာနှင့် ကျား-မအခြေပြု အကြမ်းဖက်မှုများကို ဆက်လက်ခံစားနေကြရသည်။ ထိုရက်စက်ကြမ်းကြုတ်သည့် ကျူးလွန်မှုများအားလုံးကို လုပ်ဆောင်နေသော်လည်း အားကောင်းပြီး စည်းလုံးညီညွတ်သည့် ခုခံတော်လှန်ရေး လှုပ်ရှားမှုကြောင့် စစ်အုပ်စုသည် နိုင်ငံအပေါ်တွင် နိုင်ငံရေး၊ စီးပွားရေး သို့မဟုတ် နယ်မြေထိန်းချုပ်မှုကို မရနိုင်ဘဲ ဖြစ်နေသည်။

မြန်မာပြည်သူများသည် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးအတွက် လုပ်ဆောင်ရန် စိတ်ပိုင်းဖြတ်ထားကြသည်။ ထိုသို့လုပ်ဆောင်ရာတွင် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အထူးသဖြင့် ကုလသမဂ္ဂ၏ ပံ့ပိုးကူညီမှုသည် အလွန်ပင်အရေးကြီးသည်။ သို့ရာတွင် ယခုအကျပ်အတည်းအတွင်း ဖြစ်ပွားခဲ့သည့် အရာအားလုံး ရှိနေသည့်တိုင် ကုလသမဂ္ဂအနေဖြင့် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်လှုပ်ရှားမှုကို ရပ်တန့်ရန် အဓိပ္ပါယ်ရှိသော အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန် ဆက်လက်ပျက်ကွက်နေခဲ့သည်။

မြန်မာနိုင်ငံနှင့်ပတ်သက်လျှင် ကုလသမဂ္ဂ၏ ထိတွေ့ဆက်ဆံမှုများသည် စနစ်ကျသောပျက်ကွက်မှုများ နှင့် ပြည့်နှက်နေပြီး ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ပေါ်ရန် ဦးတည်နေချိန်နှင့် ဖြစ်နေသည့်ကာလတွင် ထင်ရှားစွာ မြင်တွေ့ရသော ဆယ်စုနှစ်ပေါင်းများစွာ ထိရောက်မှုမရှိသည့် အစဉ်အလာ ဆက်လက်ရှိနေမှုကို Rosenthal အစီရင်ခံစာတွင် အသေးစိတ်ဖော်ပြထားသည်။ အခြားသော ကောက်ချက်ချမှုများထဲတွင် တွေ့ရှိရသည့်အချက်တစ်ခုမှာ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအေဂျင်စီများသည် ၎င်းတို့၏ လုပ်ငန်းအစီအစဉ်များ ရှေ့ဆက်လုပ်ဆောင်နိုင်ရေး မျှော်လင့်ချက်ဖြင့် ရခိုင်ပြည်နယ်တွင် ကျူးလွန်ခဲ့သည့် လူမျိုးတုံးသတ်ဖြတ်မှုမြောက်သော ရက်စက်ကြမ်းကြုတ်မှု များအပေါ် နှုတ်ဆိတ်နေရန် ရွေးချယ်ခဲ့ခြင်းပင် ဖြစ်သည်။ Rosenthal အစီရင်ခံစာထဲတွင် ဖော်ပြထားသော ကိစ္စရပ်များနှင့် အကြံပြုတိုက်တွန်းချက်များကို ကုလသမဂ္ဂအနေဖြင့် ယနေ့တိုင်အောင် ကိုင်တွယ်ဖြေရှင်းသည့် ဆောင်ရွက်မှု မရှိသေးပေ။ သို့ဖြစ်၍ မြန်မာစစ်တပ်၏အတိတ်တွင် ကျူးလွန်ခဲ့သော ရာဇ၀တ်မှုများအပေါ် လျင်မြန်စွာ အရေးယူဆောင်ရွက်မှု လုပ်ဆောင်ရန် ကုလသမဂ္ဂ၏ ပျက်ကွက်ခဲ့မှုများက မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသည့် အကျပ်အတည်း၏ အကြောင်းရင်း တစ်စိတ်တစ်ပိုင်း ဖြစ်သောကြောင့် အစီရင်ခံစာ၏ တွေ့ရှိချက်များကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သော အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန် လိုအပ်ကြောင်းကို ဆက်လက်အစီရင်ခံတင်ပြသွားရန် အလွန်ပင် အရေးကြီးသည်။

ထိုမျှသာမက လက်ရှိအကျပ်အတည်း ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် မြန်မာပြည်သူများအတွက် ကုလသမဂ္ဂတွင် ၎င်းတို့၏ တရားဝင်ကိုယ်စားလှယ် ထားရှိနိုင်ရန်မှာ အလွန်ပင်အရေးကြီးသည်။ ကုလသမဂ္ဂ အထွေထွေညီလာခံသည် မြန်မာနိုင်ငံ၏ ကိုယ်စားလှယ် စိစစ်လက်ခံရေး ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းလိုက်ပြီး မြန်မာစစ်အုပ်စု၏ နေရာရယူရေး ကြိုးပမ်းမှုကို ပြတ်ပြတ်သားသား ပယ်ချကာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံ၏ ကုလသမဂ္ဂ ကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိခဲ့သည်။ သံအမတ်ကြီးကို အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government – NUG) က ခန့်အပ်ထားခြင်းဖြစ်ပြီး ၎င်း၏ တရားဝင်ရပိုင်ခွင့်ဖြစ်သော UNHRC တွင် မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့် ပေးရမည်ဖြစ်သည်။ UNHRC ၏ လက်ရှိ ၄၉ ကြိမ်မြောက် အစည်းအဝေးတွင် ဦးကျော်မိုးထွန်းမှ မြန်မာနိုင်ငံအား ကိုယ်စားပြုရေးကို ဖယ်ချန်ထားခြင်းမှာ လက်ခံနိုင်စရာမရှိဘဲ ယင်းမှာ မြန်မာပြည်သူများ၏ တရားဝင်ကိုယ်စားလှယ်ကို ငြင်းပယ်လိုက်ရာရောက်သည်။

ဖက်ဒရယ်ဒီမိုကရေစီအတွက် မြန်မာပြည်သူများ၏ သဘောထားဆန္ဒ၊ တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရေးလုပ်ဆောင်ရန် နှင့် မြန်မာစစ်တပ်၏ ပြစ်ဒဏ်ပေးအရေးယူခံရမှု ကင်းလွတ်နေခြင်းကို အဆုံးသတ်ရန် တို့အတွက် ကုလသမဂ္ဂမှ အပြည့်အဝ ပံ့ပိုးကူညီ‌ရမည်။

သို့ဖြစ်ရာ မိမိတို့သည် လူ့အခွင့်အရေးကောင်စီအား အောက်ပါအချက်များကို တောင်းဆိုလိုက်သည်။

  • မြန်မာနိုင်ငံရှိ ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများအတွက် ကုလသမဂ္ဂမှ လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းထားသော တရားစီရင်ရေးကို တည်ထောင်ခြင်းမှတစ်ဆင့် မြန်မာနိုင်ငံအတွက် တာဝန်ယူမှု တာဝန်ခံမှု ဖော်ဆောင်နိုင်ရန် ဖြစ်နိုင်ခြေရှိသော လမ်းကြောင်းများအားလုံးကို ရှာဖွေရန်၊
  • မြန်မာနိုင်ငံ၏ အခြေအနေကို ICC သို့ လွှဲပြောင်းနိုင်ရန်အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရေး အကြံပြုတိုက်တွန်းရန်၊
  • ၂၀၀၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံပိုင်နက်အတွင်း ကျူးလွန်ခဲ့သော နိုင်ငံတကာ ရာဇ၀တ်မှုများနှင့်စပ်လျဉ်း၍ ICC တရားရုံး၏ တရားစီရင်ပိုင်ခွင့်အာဏာကို လက်ခံခြင်းအားဖြင့် ရောမသဘောတူစာချုပ် အပိုဒ် ၁၂(၃) အရ မြန်မာအစိုးရဖြစ်သော NUG မှ တင်သွင်းသည့် ကြေညာစာတမ်းကို လက်ခံရေး ICC အား တောင်းဆိုရန်၊
  • ကုလသမဂ္ဂအထွေထွေညီလာခံမှ ဆက်လက်အတည်ပြုထားသော NUG မှ ခန့်အပ်ထားသည့် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လူ့အခွင့်အရေးကောင်စီတွင် မြန်မာနိုင်ငံကို ကိုယ်စားပြုနိုင်ရန်အတွက်  ပံ့ပိုးပေးရန်။

ပိုမို သိရှိလိုပါက ဆက်သွယ်ရန်

  • ခင်ဥမ္မာ၊ ရှေ့ပြေးအသံအဖွဲ့၊ info@progressive-voice.org
  • နော်ထူးထူး၊ ကရင်လူ့အခွင့်အရေးအဖွဲ့၊ htoothu@khrg.org
  • မူလန်၊ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု၊ bloodmoneycampaign21@gmail.com

လက်မှတ်ရေးထိုးထားသော အဖွဲ့အစည်းများ

  1. Action Committee for Democracy Development (ACDD)
  2. All Arakan Students’ and Youths’ Congress (AASYC)
  3. All Burma Federation of Trade Unions – ABFTU
  4. All Kachin Youth Union – AKYU
  5. Assistance Association for Political Prisoners (AAPP)
  6. Association of Human Rights Defenders and Promoters (HRDP)
  7. Athan – Freedom of Expression Activist Organization
  8. Ayeyarwaddy Karen Youth
  9. Backpack Health Workers Team (BPHWT)
  10. Blood Money Campaign (BMC)
  11. Brilliant Future of Myanmar (BFM)
  12. Burma Civil War Museum
  13. Burma Human Rights Network (BHRN)
  14. Burma Medical-Association (BMA)
  15. Burmese Rohingya Organisation UK (BROUK)
  16. Burmese Women’s Union (BWU)
  17. Child Protection Organization
  18. Chin Human Rights Organization (CHRO)
  19. Civic Engagement Development Network
  20. CSO Committee for Peace (Tanintharyi)
  21. Danu Youth Organization
  22. Dawei Probono Lawyers Network
  23. Dawei Youth’s Revolutionary Movement Strike Committee (DYRMSC)
  24. Democracy for Ethnic Minorities Organization (DEMO)
  25. Democracy Movement Strike Committee – Dawei (DDMSC)
  26. Democracy, Peace and Women’s Organization – DPW
  27. Equality Myanmar
  28. Federal FM Mandalay
  29. Future Light Center
  30. Future Light Women and Child Protection Organization
  31. Future Star Organization
  32. Future Thanlwin (FT)
  33. General Strike Committee of Nationalities – GSCN
  34. Generation Wave (GW)
  35. Green Development Network
  36. Human Rights Foundation of Monland (HURFOM)
  37. Independent Revolution Media Network
  38. Interfaith Youth Coalition on Aids in Myanmar (IYCA-Myanmar)
  39. International Society of Myanmar Scholars and Professional
  40. iPACE Alumni Myanmar (iAM)
  41. JIVAKA Medic Team
  42. Justice For Myanmar
  43. Kachin Peace Network
  44. Kachin Women’s Association Thailand (KWAT)
  45. Karen Environmental and Social Action Network (KESAN)
  46. Karen Human Rights Group (KHRG)
  47. Karen Peace Support Network (KPSN)
  48. Karen Rivers Watch (KRW)
  49. Karen Women’s Organization (KWO)
  50. Karen Youth – Rangoon
  51. Karenni Civil Society Network (KCSN)
  52. Karenni Human Rights Group (KnHRG)
  53. Karenni National Women’s Organization (KNWO)
  54. Kayaw Women’s Association
  55. Keng Tung Youth
  56. Kyaukse University Interim Administrative Council
  57. Kyaukse University Students’ Union
  58. Let’s Help Each Other (LHEO)
  59. LGBT Alliance Myanmar
  60. LGBT Union Mandalay
  61. Ma Thone Nae
  62. Mandalay Youth Association
  63. Metta Campaign Mandalay
  64. Mon MATA
  65. Muslim Youth Network
  66. Myanmar Alliance for Transparency and Accountability (MATA)
  67. Myanmar Cultural Research Society (MCRS)
  68. Myanmar Digital Rescue (MDR)
  69. Myanmar People Alliance (Shan State)
  70. Network for Advocacy Action
  71. Network for Human Rights Documentation – Burma (ND-Burma)
  72. Nyan Lynn Thit Analytica
  73. OCTOPUS – ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)
  74. Olive Organization
  75. Pa-O Women’s Union (PWU)
  76. People’s Goal (former people’s soldiers)
  77. People’s Voice of Tanintharyi
  78. Progressive Myanmar Muslim Network
  79. Progressive Voice
  80. Representative of South Okkalapa Youth Strike Committee
  81. Right for Life & Women Engineers Chapter
  82. SaNaR (Save the Natural Resource)
  83. Save and Care Organization for Ethnic Women at Border Areas (SCOEWBA)
  84. Second Tap Root Organization
  85. Shan MATA
  86. Sisters 2 Sisters
  87. Sitt Nyein Pann Foundation
  88. Southern Youth Development Organization
  89. Spouses of People’s Soldiers (CDM)
  90. Spring Revolution Myanmar Deaf (SRMD)
  91. Synergy – Social Harmony Organization
  92. Ta’ang Women’s Organization (TWO)
  93. Tanintharyi MATA
  94. Taunggyi Youth Center
  95. Thint Myat Lo Thu Myar Organization
  96. Twitter Team for Revolution
  97. Union of Karenni State Youth (UKSY)
  98. University Student’s Unions Alumni Forces
  99. Volunteers in Myanmar
  100. Way Way Nay
  101. We Change
  102. White Coat Society Yangon
  103. Women Advocacy Coalition-Myanmar (WAC-M)
  104. Women Alliance Burma (WAB)
  105. Women for Justice
  106. Women’s League of Burma (WLB)
  107. Yangon Deaf Association
  108. Yangon Medical Network
  109. Yangon Revolution Force
  110. [ Name undisclosed ]
  111. [ Name undisclosed ]
  112. [ Name undisclosed ]
  113. ကလေးမြို့ ပင်မသပိတ် အင်အားစု
  114. စိန်ပန်း သပိတ်စစ်ကြောင်း (မန္တလေး)
  115. မြို့နယ်ပညာရေးဘုတ်အဖွဲ့-မတ္တရာ
  116. မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ

ထပ်မံလက်မှတ်ရေးထိုး ပေးပို့လာသောအဖွဲ့အစည်းများ

  1. Women’s Peace Network
  2. All Burma Indigenous People Alliance
  3. Myanmar Ethnic Rohingya Human Rights Organization in Malaysia (MERHROM)

English version.


PDF ဖိုင်ကိုရယူရန်