စစ်ကောင်စီကို ဆန္ဒပြမှုနှင့် သံတွဲမှ လူငယ်တစ်ဦး ထောင်ချခံရ

March 5th, 2022  •  Author:   Ko Zeyar (Thandwe Township)  •  1 minute read
Featured image

ဖမ်းဆီးထောင်ချခံရသည့် အသက် ၂၈ နှစ်အရွယ် ကမန်အမျိုးသား ကိုဇေယျာ။ (ဓာတ်ပုံ-ကိုဇေယျာ Facebook)  

ဆန္ဒပြသည်ဆိုသော သံတွဲမှ လူငယ်တစ်ဦး၏အမှုကို အမြန်ဆုံးစစ်ဆေးပြီး ထွေအုပ်၏ထွက်ဆိုချက်တစ်ခုတည်းနှင့် ထောင်ချလိုက်သည်။

By Myanmar Now

ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲမြို့တွင် ပြုလုပ်ခဲ့သည့် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲတွင် ဦးဆောင်ပါဝင်သည်ဟူသော စွပ်စွဲချက်ဖြင့် ကမန်အမျိုးသားလူငယ်တစ်ဦး ဖမ်းဆီးခံရပြီး တစ်လမပြည့်မီမှာပင် ပုဒ်မ ၂ ခုဖြင့် ထောင် ၁ နှစ်နှင့် ၁ လ ချမှတ်ခံရသည်။

သံတွဲမြို့အမှတ် (၁)ရပ်ကွက်၊ စံပယ်လမ်းတွင် နေထိုင်သော ၂၈ နှစ်အရွယ် ကိုဇေယျာသည် ယမန်နှစ်ကတည်းက ဖမ်းဝရမ်းထုတ်ခံထားရသော်လည်း ရဲတို့က ယခုနှစ် ဖေဖော်ဝါရီ ၁၆ မှ နေအိမ်၌လာရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

၎င်းကို ပထမဆုံး ရုံးထုတ်သည့် မတ် ၃ တွင် ရှေ့နေငှားခွင့်မရဘဲ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဥပဒေဖြင့် ထောင် ၁ နှစ်၊ ခွင့်ပြုချက်မဲ့ ဆန္ဒပြသည်ဟုဆိုကာ ငြိမ်းစုစီဥပဒေဖြင့် ထောင် ၁ လ ချမှတ်လိုက်ခြင်းဖြစ်သည်ဟု သံတွဲမြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

“၃ ရက်နေ့ ရုံးချိန်းဆိုတော့ အစောပိုင်းက ရှေ့နေငှားဖို့ မိသားစုတွေကို တိုက်တွန်းကြတယ်။ အဲဒီမှာ မိသားစုက ဘာပြောလဲဆိုရင် သူတို့ကို စခန်းမှူးက ပြောလိုက်တယ်တဲ့၊ ရှေ့နေငှားထားရင် အချိန်ကြာမယ်၊ ပိုက်ဆံလည်း အများကြီးကုန်မယ်လို့ ပြောတယ်တဲ့”ဟု ထိုမြို့ခံအမျိုးသမီးက ဆိုသည်။

“အဲဒါကြောင့် ရှေ့နေမငှားဘဲနဲ့ အမှုကိုမြန်မြန်ဆုံးဖြတ်မယ်ဆိုပြီးတော့ ပထမဆုံး ရုံးချိန်းမှာပဲ ရှေ့နေမငှားလိုက်ရဘဲ ထောင်ချလိုက်တာလို့ သိရပါတယ်”

ဖမ်းဆီးစဉ်က ကိုဇေယျာ ကိုဗစ်နိုင်တင်းဖြစ်ပွားနေကြောင်း စစ်ဆေးတွေ့ရသည်ဟု ဆိုကာ သံတွဲဆေးရုံ ကို ပို့ဆောင်လိုက်သလို မိသားစုဝင်များကို အသွားအလာကန့်သတ်ခဲ့သည်။

အမှုနှင့်ပတ်သက်ပြီး မှတ်ချက်ပေးစရာ မရှိဟု ကိုဇေယျာ၏ ဖခင်က ပြောသည်။

“ဘာမှ ပြောစရာမလိုတော့ဘူး။ ပြီးသွားပြီ။ ဘာပြောလို့ရတော့မလဲ” ဟု သူ၏ ဖခင်က ဆိုသည်။

မူလက နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ)  ဖြင့် ဖမ်းဆီးခံရသည်ဟု သတင်းများကြားရသော်လည်း လက်ရှိတွင် ထိုပုဒ်မ ၂ ခုဖြင့် ထောင်ချလိုက်ခြင်း ဖြစ်သည်။

ကိုဇေယျာ တစ်နှစ်နီးပါးခန့် ရှောင်းပုန်းနေခဲ့ရာမှ နေအိမ်သို့ ပြန်လာစဉ် ဖေဖော်ဝါရီ ၁၆ တွင် အဖမ်းခံလိုက်ရသည်။

တရားလိုဖြစ်သူ သံတွဲဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမင်းလတ်၏ ထွက်ဆိုချက်တစ်ခုတည်းဖြင့် ထောင်ချလိုက်ခြင်းဖြစ်သည်ဟု အထက်ပါမြို့ခံအမျိုးသမီးက ဆိုသည်။

“သံတွဲမြို့နယ်စခန်းမှူးက အမှုကို စွဲချက်တင်တယ်။ ပြီးလို့ရှိရင် သံတွဲ အထွေထွေအုပ်ချုပ်ရေးဦး စီးဌာန က ဒုဦးစီး ဦးချမ်းမင်းလတ်က သက်သေထွက်ဆိုတယ်။ ဒီအမှုကို တရားလိုအနေနဲ့ အမှုစွဲပေးပါလို့ ပြောတဲ့အတွက် သူက တရားစွဲရတယ်ဆိုတဲ့ဟာ တစ်ခု ထွက်ဆိုသွားတယ်လို့ သိရတယ်” ဟု ပြောသည်။

သံတွဲတွင် ဖမ်းဆီးခံရသူများ

အလားတူ သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တောရပ်ကွက်မှ အသက် ၂၆ နှစ်အရွယ် ကိုဟန်မျိုးသူရိန် ကိုလည်း ဖေဖော်ဝါ ရီ ၁၃ တွင် ဖမ်းဆီးလိုက်ပြီး ဦးချမ်းမင်းလတ်ကပင် ပုဒ်မ ၅၀၅ (ခ) နှင့် အမှုဖွင့်တရားစွဲဆိုထားသည်။

စစ်တပ်အာဏာသိမ်းစက သံတွဲတွင် ဆန့်ကျင်ဆန္ဒပြကြသည့်နေရာအနီး အဖမ်းခံရသော စျေးသည်တစ်ဦး လွတ်မြောက်ရေး ညှိနှိုင်းဆောင်ရွက်စဉ် ရဲတပ်ဖွဲ့ဝင်များကို လူအင်အားသုံးပြီး ဟန့်တားခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ကိုဟန်မျိုးသူရိန်  အထိန်းသိမ်းခံရဖူးသည်။

ကိုဟန်မျိုးသူရိန် အာမခံနှင့် ပြန်လွတ်ပြီး တစ်နှစ်ခန့်အကြာ ဂျိတ္တောရပ်ကွက် ဒေသခံတစ်ဦး၏ ဆိုင်ကယ်ပျောက်ဆုံးမှု လိုက်ပါကူညီပေးစဉ် ရဲဝန်ထမ်းတစ်ဦးနှင့် အချင်းများရာမှ ယခင်အမှုဟောင်းဖြင့် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

၎င်း၏ ရုံးချိန်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ တွင် မြို့နယ်တရားရုံး၌ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်ဟု မိသားစုဝင်များထံမှ သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ဆက်စပ်သည်ဟုဆိုကာ အမျိုးသမီး ၃ ဦး အပါအဝင် သံတွဲဒေသခံ ၅ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က)၊ ၅၂(ည)တို့ဖြင့် စစ်ကောင်စီက တရားစွဲဆိုကာ သံတွဲထောင်၌ ချုပ်နှောင်ထားသည်။

အထိန်းသိမ်းခံနေရသူတစ်ဦးဖြစ်သည့် ကိုဟန်မျိုးသူရိန်၏ အစ်မဖြစ်သူ မမျိုးတင်ဇာထွန်းက အမှုအတွက် ရှေ့နေငှားမည်ဟု ပြောသည်။

“၂၈ ရက်နေ့က ရုံးချိန်းမှာ အာမခံလျှောက်လဲချက်တင်တယ်။ အာမခံတော့ မရခဲ့ပါဘူး။ အခုလာမယ့် ၇ ရက်နေ့ ရုံးချိန်းပါတယ်။ တနင်္လာနေ့တိုင်းကို ချိန်းထားပါတယ်။ ကျွန်မတို့ဘက်ကတော့ ရှေ့နေငှားရမ်းပြီးတော့ လိုက်ပါဆောင်ရွက်သွားဖို့ရှိတယ်။ သူ့ကျန်းမာရေးကတော့ ကောင်းပါတယ်ရှင့်” မမျိုးတင်ဇာထွန်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် အရပ်သားအများအပြား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံရသော စစ်ပွဲ ၂ နှစ်ကြာ ဖြစ်ပွားနေစဉ် စစ်တပ်က ရုတ်တရက် အပစ်ရပ်ရေးကမ်းလှမ်းပြီးနောက် အာဏာသိမ်းခဲ့ခြင်း ဖြစ်သည်။


Original Post: Myanmar Now