ခင်ဦးမြို့ တိုက်ပွဲတွင် လူငယ် ၁၄ ဦး သေဆုံး

February 18th, 2022  •  Author:   Fallen Heroes (Khin-U Township)  •  1 minute read
Featured image

သေဆုံးခဲ့သည့် ဒေသခံ ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်များကို ဖေဖော်ဝါရီ ၁၇ ညနေက မြို့သစ်ရွာသုသာန်တွင် မီးရှို့သင်္ဂြိုဟ်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့တွင် စစ်တပ်နှင့် တွေ့စဉ် တိုက်ပွဲဝင်လက်နက်မရှိသော ဒေသခံတို့ဘက်မှ အများအပြား သေဆုံးသွားသည့်ထဲတွင် ၁၅ နှစ်အရွယ် ၂ ဦး ပါဝင်သည်ဟု သိရသည်။

By Myanmar Now

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြို့သစ်ရွာအနီး ယမန်နေ့ (ဖေဖော်ဝါရီ ၁၇) က ဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်က အရပ်သားအသွင်ယူတိုက်ခိုက်ရာ အငိုက်မိသွားသော ဒေသခံ ကျေးရွာကာကွယ်ရေးအဖွဲ့ (ပကဖ) ဘက်မှ ၁၄ ဦး သေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရရှိခဲ့သည်။

သေဆုံးသူများထဲတွင် ၁၅ နှစ်အရွယ် ၂ ဦး ပါဝင်သည်ဟု ဒေသခံတို့ထံမှ သိရသည်။

ကျန် ၁၂ ဦးမှာ ၁၈ နှစ်အရွယ် ၂ ဦး၊ ၁၉ နှစ်အရွယ် ၂ ဦး၊ ၂၀ ကျော် ၅ ဦး၊ ၃၀ ကျော် ၁ ဦး၊ ၄၀ ကျော် ၂ ဦးတို့ ဖြစ်သည်ဟု ဆိုသည်။

ယမန်နေ့ နံနက်၌ ခင်ဦး – ရေဦးကားလမ်းတောင်ဘက် ၄ မိုင်ခန့်အကွာ မြို့သစ်ရွာအတွင်း အင်အား ၈၀ နီးပါးရှိ စစ်သားများ၊ ၎င်းတို့ လေ့ကျင့် လက်နက်တပ်ဆင်ပေးထားသော ပျူစောထီးအဖွဲ့ဝင်များသည် ကား ၄ စီး၊ ဆိုင်ကယ် ၈ စီးဖြင့် ရောက်ရှိလာပြီး တပ်စွဲလိုက်ကြသည်။

ဒေသခံတို့ထံမှ စပါးယူဆောင်နေသည်ဟု ကြားသိရသည့်အတွက် ပကဖအဖွဲ့ဝင်များက အခြေအနေစောင့်ကြည့်ရန် သွားရောက်ကြစဉ် ထိုသို့ အငိုက်တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု တိုက်ပွဲဖြစ်စဉ်ကိုသိသည့် အသက် ၃၅ နှစ်အရွယ် မြို့သစ်ရွာသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သားတို့က ရွာအရှေ့တောင်ပိုင်းရှိ ဘုန်းကြီးကျောင်း၊ ရွာအနောက်တောင်ဘက်ရှိ ရွာခြံစည်းရိုးအနီးနှင့် ရွာတောင်ဘက်တည့်တည့်တစ်နေရာတို့တွင် တပ်စွဲထားကြသည်ဟု ၎င်းက ပြောပြသည်။

ဒေသကာကွယ်ရေးအဖွဲ့ဝင်များကဲ့သို့ အနက်ရောင်အားကစားဘောင်းဘီများ ဝတ်ဆင်ထားကာ ဘုန်းကြီးကျောင်းတွင် နေရာယူထားသည့် စစ်သားများက ရွာတောင်ဘက်၌ ရောက်ရှိနေသည့် ပကဖ အင်အား ၁၀၀ ခန့်ကို လက်ဝှေ့ယမ်းပြပြီး လှမ်းခေါ်သည်ဟု ၎င်းက ဆိုသည်။

ကိုယ့်ဘက်မှ အဖွဲ့ဝင်များဖြစ်မည်ဟု ပကဖများက ယူဆ၍ ရှေ့တိုးစဉ် ရွာတောင်ဘက်တွင် နေရာယူထားနှင့်ပြီးဖြစ်သည့် အင်အား ၃၀ ခန့် စစ်သားများနှင့် ဘုန်းကြီးကျောင်းရှိ လက်နက်ကိုင်များက ပစ်ခတ်ခြင်းဖြစ်ကြောင်း ထိုရွာခံအမျိုးသားက ပြောသည်။

“လက်နက်ချင်းလည်း မမျှတော့ ခုခံဖို့ ဘယ်လိုမှ စဉ်းစားလို့မရတဲ့အလုပ်ပါ။ အရပ်ဝတ်နဲ့ဆိုတော့ ကိုယ့်လူတွေ မှတ်လိုက်တာ။ အဲဒီမှာ နှစ်ဖက်ညှပ်ပြီး အပစ်ခံရတာ” ဟု ၎င်းက Myanmar Now ကို ပြောသည်။

ပကဖ ၆ ဦး နေရာမှာတင် ပွဲချင်းပြီးသေဆုံးသည်။ ထို့နောက် ရွာ၏အနောက်တောင်ဘက် ခြံစည်းရိုးအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်လည်း ပစ်ခတ်ကြရာ ပကဖအဖွဲ့ဝင် ၈ ဦး သေဆုံးသည်ဟု ၎င်းက ဆိုသည်။

ပကဖအဖွဲ့ဝင်များမှာ ပုန်းခိုစရာမရှိသော လယ်ကွင်းအတွင်း ရောက်ရှိသွားပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

“လုံးဝကို အကာအကွယ်မရှိတဲ့နေရာ။ သစ်ပင်ကို မရှိတာ။ ပြဿနာက တစ်ချက်တည်းပဲ လက်ယမ်း (လက်ပြ) ခေါ်တာကို တိုးလိုက်တာ။ လူမှားသွားတာပေါ့ဗျာ။ အဲဒီလိုမဟုတ်ရင် တိုးဖို့က ဘယ်လိုမှ စဉ်းစားမရဘူး။ ဘယ်သူမှလည်း တိုးမှာ မဟုတ်ဘူး” ဟု အထက်ပါရွာခံက ဆိုသည်။

“သူတို့က မာယာသုံးလိုက်တာ၊ အများအပြားထိခိုက်သွားတာ”

ထို့ပြင် ရွာခြံစည်းရိုးအစပ်တွင်သာ နေရာယူထားကြသည့် စစ်သားများ၊ ပျူစောထီးများနှင့် ပကဖများ အပြန်အလှန်ပစ်ခတ်သည့် အကွာအဝေးမှာ ပေ ၁,၇၀၀ နှင့် ၂,၀၀၀ အထိ ရှိနိုင်သည့်အတွက် စစ်ကောင်စီတပ်သားများသည် တိုက်ပွဲအတွင်း စနိုက်ပါ သို့မဟုတ် အဝေးပစ်သေနတ်များပါ သုံးခဲ့နိုင်သည်ဟု အဆိုပါအမျိုးသားက ခန့်မှန်းသည်။

“(စကစ) ပစ်တဲ့ကျည်တွေက 5.56 ကျည်၊ 7.62 ကျည်တို့ အလှမ်းမီတာထက် ပိုရောက်တယ်။ ရွာအနောက်တောင်ဘက်မှာ ကျတဲ့သူတွေက အဲဒီလိုကျည်တွေ မီနိုင်တဲ့အကွာအဝေးမှာ မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။

သေဆုံးခဲ့သည့် ဒေသခံကာကွယ်ရေးအဖွဲ့ဝင်များ စာရင်း။ (ဒီဇိုင်း – မိုဇာလျန်း/ Myanmar Now)

မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအထိ နှစ်နာရီနီးပါးကြာတိုက်ပွဲတွင် မြို့သစ်ရွာ ပကဖအဖွဲ့ဝင်များကို ဒေသတွင်းအခြေစိုက် ကာကွယ်ရေးအဖွဲ့များ၊ ပြောက်ကျားတပ်ဖွဲ့များလည်း အများအပြားလာရောက် စစ်ကူပေးခဲ့ကြကြောင်း ပါဝင်တိုက်ခိုက်ခဲ့ကြသည့် ဒေသခံကာကွယ်ရေးအဖွဲ့လေးခုက ဆိုသည်။

သို့သော် တိုက်ပွဲအတွင်း အနီးကပ်ပစ်ခတ်မှုအတွက်သာ အသုံးဝင်သည့် လက်လုပ်တစ်တောင့်ထိုးသေနတ်များ၊ တူမီးသေနတ်များဖြင့် ခုခံခဲ့ရသည်ဟု အဆိုပါဒေသကာကွယ်ရေးအဖွဲ့တာဝန်ရှိသူများက ဆိုသည်။

“တိုက်ပွဲက အရမ်းပြင်းထန်တယ်ဗျာ။ လက်နက်ကြီးတွေ၊ အော်တိုဂန်းတွေနဲ့ အသေဆွဲတော့၊ (လယ်) ကန်သင်းကလည်း မြင်တဲ့အတိုင်းပဲ၊ တော်တော်နိမ့်တော့ ကျွန်တော်တို့အဖွဲ့တွေ ခေါင်းတောင်မထောင်နိုင်ဘူး” ဟု တိုက်ပွဲအတွင်း ပါဝင်ခဲ့သည့် Khin U local Guerrilla Force ခေါင်းဆောင် ကိုဂျက်စတင် ဆိုသူက ပြောသည်။

ညနေ ၅ နာရီခန့်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ရွာမှ ပြန်ထွက်ခွာသွားသဖြင့် ပကဖအဖွဲ့ဝင်များ ရွာအတွင်း ဝင်ရောက်၍ ဒဏ်ရာဗရပွနှင့် ရုပ်အလောင်းများကို ကောက်ယူခဲ့ကာ ရွာသုသာန်၌ မီးသင်္ဂြိုဟ်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

သေဆုံးသွားသည့် ပကဖ ၁၄ ဦးအနက် ရွှေဘိုတက္ကသိုလ်၊ ဘူမိဗေဒ တတိယနှစ်ကျောင်းသား ကိုဇော်လှိုင်မိုးလည်း ပါဝင်ကြောင်း ရွှေဘိုတက္ကသိုလ်ဘူမိဗေဒမိသားစုက ယမန်နေ့၌ ထုတ်ပြန်သည်။

တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဒေသခံကာကွယ်ရေးအဖွဲ့ဝင် ၅ ဦးမှာမူ ဆေးကုသမှုခံယူနေရဆဲဖြစ်သည်။

ထိုတိုက်ပွဲကြောင့် မြို့သစ်ရွာအပါအဝင် အနီးအနားမှ ကံကြီးကုန်း၊ ရွှေယမင်းရွာတို့မှ ဒေသခံများသည် ဘေးလွတ်ရာ ထွက်ပြေးနေရသည်။

လက်နက်အင်အားသာလွန်သည့် စစ်ကောင်စီတပ်ကို လက်လုပ်လက်နက်များဖြင့် ခုခံရသဖြင့် ထိုသို့ အကျအဆုံးများပြားနေသည့်အတွက် လက်နက်များ ထောက်ပံ့ပေးရန် ဒေသခံကာကွယ်ရေးအဖွဲ့များက လိုလားနေကြသည်။

“မနေ့ကဖြစ်စဉ်ဆိုရင် ကျွန်တော်တို့ဘက်က ကျည်ပြတ်သွားတဲ့အနေအထား ကြုံခဲ့ရတယ်။ ကျည်ဆန်ပြတ်သွားတဲ့အချိန်မှာ ပိတ်မိသလိုဖြစ်တာလည်း ပါတယ် … ကျွန်တော်တို့ကတော့ စစ်အာဏာရှင်အမြစ်ပြတ်အောင် တိုက်ပွဲဝင်ဦးမှာပဲ။ တာဝန်ရှိတဲ့သူတွေအနေနဲ့လည်း စစ်ကိုင်းတိုင်းကို အကူအညီပေးစေချင်ပါ တယ်” ဟု ဒေသအခြေစိုက် Armed Revolutionary Force (ARF) အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုကရာတို ဆိုသူက ပြောသည်။

စစ်တပ်၏ အာဏာသိမ်းမှုကို လက်နက်ကိုင်ခုခံမှုအားကောင်းသည့် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် တစ်နှစ်နီးပါးကြာကာလအတွင်း တိုက်ပွဲပေါင်း ၅၀ ခန့်ဖြစ်ပွားခဲ့ပြီး အရပ်သားနှင့် ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင် စုစုပေါင်း၈၀ ကျော် သေဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ် ဒေသခံကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

(ခင်ရီရီဇော်၊ မောင်ရွှေဝါ၊ မိုးဦးနှင့် သူရမောင် ပူးပေါင်းရေးသားသည်)  


Original Post: Myanmar Now