ဒိုက်ဦးတွင် လမ်းပေါ် ဖုန်းစစ်သည့် စစ်ကောင်စီတပ်က လူငယ်တစ်ဦးကို ဖမ်းဆီး

February 11th, 2022  •  Author:   Ko Aung Moe Hein (Daik-U Township)  •  1 minute read
Featured image

အာဏာသိမ်းသည့်နေ့မှစ၍ ယနေ့တိုင် ရဲနှင့် စစ်သားများကို လမ်းပေါ်တွင် တွေ့နေရသည်  

ဆိုင်ကယ်မောင်းလာသည့် ကိုအောင်မိုးဟိန်း၏ ဖုန်းထဲတွင် သေနတ်ပုံများ တွေ့သည်ဟု ဆိုကာ ရဲနှင့် စစ်သားတို့က ဖမ်းခေါ်သွားသည်ဟု ဒိုက်ဦးမြို့ ဗျက်ကြီးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။ 

By Myanmar Now

ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖုန်းအတွင်း သေနတ်ပုံများ တွေ့သည်ဟုဆိုကာ ဖမ်းဆီးလိုက်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ဖေဖော်ဝါရီ ၈ နံနက်ပိုင်းက ဆိုင်ကယ်မောင်းလာသည့် ကိုအောင်မိုးဟိန်းကို ဗျက်ကြီးကျေးရွာ အထက်တန်းကျောင်းရှေ့တွင် တားဆီး စစ်ဆေးစဉ် ထိုဓာတ်ပုံများ တွေ့ရကြောင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြောခဲ့သည်ဟု ဆိုသည်။

“သူတို့က ပြောတာပဲ၊ ကျွန်တော်တို့က နားမလည်ဘူး၊ လက်နက်ပုံတွေနဲ့ တူတယ်။ ဒိုက်ဦးရဲစခန်းကို (ဖမ်းခေါ်သွားတာ) ပဲ ကျွန်တော်တို့ သိတယ်။ ကျွန်တော်တို့သိတာက ရဲစစ်တယ်၊ ရဲစစ်တော့ အဲ့ပုံတွေတွေ့လို့ ဖမ်းတယ်၊ အဲဒါပဲသိတယ်” ဟု ဗျက်ကြီးရွာ အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းက ပြောသည်။

“အရေးပေါ်စစ်တဲ့နေရာ။ ကျောင်းလုံခြုံရေးအတွက်ပေါ့၊ ကျောင်းမှာ နည်းနည်းလေး အခြေအနေအရဖြစ်လို့ စစ်ခိုင်းတဲ့နေရာ။ တစ်ခါမှ မဖြစ်ဖူးဘူး၊ ရုံးစုရုံးစုဖြစ်လို့ အရေးပေါ် ကင်းချပေးရင်းနဲ့ စစ်တာ”

ဒိုက်ဦးရဲစခန်းသို့ ဖမ်းခေါ်သွားသည်ဟုသာ သိရပြီး နောက်ဆက်တွဲ သတင်းမကြားရကြောင်း အုပ်ချုပ်ရေးမှူးက ဆိုသည်။

စစ်သား ၂ ယောက်နှင့် ရဲ ယောက် ရှောင်တခင်ရောက်လာကာ ဖြတ်သန်းသွားလာသူများ၏ လက်ကိုင်ဖုန်းကို စစ်ဆေးကြသည်ဟု ကိုအောင်မိုးဟိန်း ဖမ်းဆီးခံရသည်ကို မျက်မြင်တွေ့သူ အဆိုပါ အုပ်ချုပ်ရေးမှူးက ဆက်ပြောသည်။

စာသင်ကျောင်းပိတ်ရန်၊ အုပ်ချုပ်ရေးမှူးများ နုတ်ထွက်ရန် သတိပေးစာများ လာကပ်ထားသည်ဟု သတင်းကြားရပြီး ငါးရက်ခန့်အကြာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်လာခြင်းဖြစ်ကြောင်း ဗျက်ကြီးရွာခံအမျိုးသားတစ်ဦးကပြောသည်။

“(စာကပ်တာ) နှစ်ကြိမ်ရှိသွားပြီ။ သူတို့က ဒီနားမှာပဲ ရှိနေတယ်ပေါ့ PDF က၊ သုံးခါမြောက်ဆိုရင် သူတို့ကို အဆိုးမဆိုနဲ့ပေါ့။ အဲဒါကြောင့်လည်း စစ်တာဆေးတာလုပ်တော့ ဖုန်းလည်းယူစစ်တော့ ပါသွားတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့” ဟု ၎င်းက ဆိုသည်။

ဖမ်းဆီးခံရသူ ကိုအောင်မိုးဟိန်းသည် ဆယ်တန်းကျောင်းသားတစ်ဦးဖြစ်ပြီး ဗျက်ကြီးရွာတွင်ပင် နေထိုင်သည်ဟု ဆိုသည်။

ယခင်ကလည်း စာသင်ကျောင်းရှေ့တွင် ထိုသို့ စစ်ဆေးလေ့ရှိကြောင်း ရွာခံအမျိုးသားက ပြောသည်။

စစ်တပ်က အာဏာသိမ်းသည့်နေ့တွင် နိုင်ငံအနှံ့အပြားမှ အစိုးရခေါင်းဆောင်များ၊ ဌာနဆိုင်ရာနှင့် ပြင်ပအဖွဲ့အစည်းအသီးသီးတွင် လုပ်ကိုင်နေသူများကို ဖမ်းဆီးခဲ့သည်။

အခါအားလျော်စွာ အစုလိုက်အပြုံလိုက် ပြန်လွှတ်ပေးသော်လည်း ဖမ်းဆီးမှုများ နေ့စဉ်ရှိနေသည်။

စစ်ဆေးမေးမြန်းစဉ် ပြင်းပြင်းထန်ထန် နှိပ်စက်မှု၊ လမ်းပေါ်တွင် ပစ်သတ်ခံမှု၊ အမြောက်ကျည် ကျရောက်ပေါက်ကွဲမှု၊ လေကြောင်းတိုက်ခိုက်မှု စသည့် ဖြစ်ရပ်များကြောင့်လည်း အရပ်သားများ နေ့စဉ် ဒဏ်ရာရ သေဆုံးနေသည်။

စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားသူ အရေအတွက် ၉၀၅၆ ဦး အနည်းဆုံးရှိသလို စစ်ကောင်စီတပ်သားတို့၏ လက်ချက်ကြောင့် သေဆုံးသူ ၁၅၄ဝ ထက်မနည်း ရှိနေသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဖေဖော်ဝါရီ  ၉ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


Original Post: Myanmar Now