စစ်ကောင်စီက မြသွဲ့သွဲ့ခိုင်ကို ပစ်သတ်ခဲ့တာ ၁ နှစ်ပြည့်ပြီ

စစ်ကောင်စီက မြသွဲ့သွဲ့ခိုင်ကို ပစ်သတ်ခဲ့တာ ၁ နှစ်ပြည့်ပြီ

By ဧရာဝတီ

အာဏာသိမ်း စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်ခဲ့သည့် အသက် ၁၉ နှစ်အရွယ် ကျောင်းသူတဦးဖြစ်သူ မမြသွဲ့သွဲ့ခိုင် ကျဆုံးခြင်း ယနေ့ဆိုလျှင် ၁ နှစ် ပြည့်ပြီ ဖြစ်သည်။

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီ ၉ ရက်၊ စစ်တပ်က အာဏာသိမ်းအပြီး ၉ ရက်မြောက်နေ့ နေပြည်တော် သပြေကုန်း ဗိုလ်ချုပ်ကြေးရုပ်အနီး စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူများကို အကြမ်းဖက် ပစ်ခတ်ဖြိုခွဲခဲ့ရာ မမြသွဲ့သွဲ့ခိုင်မှာ ဦးခေါင်းကို ကျည်ထိမှန်၍ ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။

နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးတွင် ကုသခဲ့သော်လည်း ဦးနှောက်သေသည့် ဝေဒနာဖြင့် ပစ်ခတ်ခံရပြီး ၁၀ ရက်အကြာ ၂၀၂၁ ဖေဖော်ဝါ ရီ ၁၉ ရက်တွင် ကွယ်လွန်သွားခဲ့သည်။

ဓာတ်ပုံပါ ရဲအရာရှိက မမြသွဲ့သွဲ့ခိုင်ကို ပစ်ခတ်သတ်ဖြတ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်နေကြသည်

မမြသွဲ့သွဲ့ခိုင်သည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လူထုလှုပ်ရှားမှုတွင် အကြမ်းဖက် ရဲအရာရှိတဦး၏ လက်ချက် ဖြင့် ပထမဆုံး ဦးခေါင်းကျည်ထိမှန် သေဆုံးခဲ့ရသူ ဖြစ်သည်။

၎င်းအား နွေဦးတော်လှန်ရေး၏ အာဇာနည်တစ်ဦးအဖြစ် ပြည်သူအများက အသိအမှတ်ပြု ဂုဏ်ပြုခဲ့ကြသည်။

၂၀၂၁ ဖေဖော်ဝါရီ ၂၁ ရက်တွင် မြသွဲ့သွဲ့ခိုင်၏ ဈာပနအခမ်းအနားကို နေပြည်တော် ကွေ့ကြီးသုဿန်၌ ပြုလုပ်ခဲ့ပြီး ၎င်းအတွက် ရန်ကုန်နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူက ရတနာကိုးသွယ် ကျွန်းအခေါင်းကို ပို့ဆောင်ပေးခဲ့သည်။

မမြသွဲ့သွဲ့ခိုင် ဦးခေါင်းကို ကျည်ထိမှန် လဲကျသွားပုံ

အဆိုပါ ဈာပနအခမ်းအနားကို အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက လုံခြုံရေး အထူးတင်းကျပ်ခဲ့ပြီး အများပြည် သူ လိုက်ပါပို့ဆောင်ခွင့်ကိုပါ ကန့်သတ်တားမြစ်ခဲ့သည်။

မြသွဲ့သွဲ့ခိုင် ပစ်သတ်ခံရနှင့် ပတ်သက်၍ စစ်တပ်က ရာဘာကျည်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သလို ရဲတပ်ဖွဲ့ကလည်း အခြားပြင်ပက လက်နက်တစုံတရာကြောင့် ဖြစ်နိုင်ကြောင်း ဗြောင်လိမ်ခဲ့ကြသည်။

သို့သော် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံမှ ဆရာဝန်ကြီး ၆ ဦးက မြသွဲ့သွဲ့ခိုင်၏ ရုပ်အလောင်းကို စစ်ဆေးမှု များ ပြုလုပ်ခဲ့ပြီး စစ်ဆေးချက်အရ ဦးခေါင်းတွင် တွေ့ရှိရသည့်အရာမှာ သတ္တုအပိုင်းအစ ဖြစ်၍ ကျည်အစစ်ဖြစ်သည် ဟု ပြောဆိုခဲ့သည်။

ထို့ပြင် ဆန္ဒပြလူအုပ်ကြီးအား သေနတ်ဖြင့် ပစ်ခတ်နေသည့် ရဲမှူးတယောက်၏ ဓာတ်ပုံနှင့် ဗီဒီယိုဖိုင်များလည်း လူမှုကွန်ရက်စာမျက်နှာ၌ ပျံ့နှံ့ခဲ့သည်။

ဦးခေါင်းဒဏ်ရာဖြင့် မမြသွဲ့သွဲ့ခိုင်ကို အရေးပေါ်သယ်ယူကြစဉ်

ထိုစဉ်က မမြသွဲ့သွဲ့ခိုင် ပစ်သတ်ခံရမှုအား ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် က မေးခွန်းထုတ် ပြစ်တင်ဝေဖန်ခဲ့သလို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆန္ဒပြသူများအား အင်အားသုံး နှိမ်နင်းခဲ့သည့် အပေါ်လည်း အထူးစိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂအဖွဲ့အစည်းများက ထုတ်ပြန်ခဲ့ကြသည်။

သို့သော်လည်း အာဏာသိမ်း စစ်ကောင်စီ အနေဖြင့် ၎င်းအား ဆန့်ကျင်သည့် ပြည်သူများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက် နှိမ်နင်းခဲ့ပြီး ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကိုလည်း ယနေ့ထိတိုင် ဆက်လက် ကျူးလွန်လျက် ရှိသည်။

မမြသွဲ့သွဲ့ခိုင် ဈာပနကို လိုက်ပါပို့ဆောင်ကြစဉ်

စစ်တပ်က အာဏာသိမ်းမှု ၁ နှစ်ပြည့်လာချိန်တွင် အာဏာသိမ်း စစ်ကောင်စီ လက်ချက်ဖြင့် သေဆုံးခဲ့ရသူပေါင်း ၁၅၂၉ ဦး ရှိပြီဖြစ်ကာ ၉၀၃၄ ဦးမှာလည်း ဖမ်းဆီးချုပ်နှောင်ခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းများအရ သိရသည်။

မမြသွဲ့သွဲ့ခိုင် သေဆုံးမှု ၁ နှစ်ပြည့်အား ရည်စူး၍ ၎င်း၏ မိသားစုဝင်များက ဆွမ်းကပ်အလှူ ပြုလုပ်သွားရန် ရှိကြောင်း သိရသည်။

ယနေ့တွင်လည်း “ငါတို့ အားလုံးသည် မြသွဲ့သွဲ့ခိုင် (၉.၂.၂၁) တပွင့်ကြေက တပင်လုံးဝေသည် ဒါ ငါတို့ပြည်” ဟူသည့် စာတန်းများ ကိုင်ဆောင်ကာ မတရား ပစ်သတ်ခံလိုက်ရသည့် မမြသွဲ့သွဲ့ခိုင် ကျဆုံးမှု ၁ နှစ်ပြည့်အဖြစ် Free Rangers Depeyin PDF က ချီတက် ဆန္ဒပြခဲ့ကြသည်။


Original Post: The Irrawaddy

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia