05 February 2022
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ကိုယ့်ကိုယ်ကိုယ် မီးရှို့ဆန္ဒပြသူ – K MEDIA
By BBC
စစ်အာဏာသိမ်းတာ တနှစ်ပြည့်တဲ့နေ့ နိုင်ငံတဝန်း အသံတိတ် သပိတ်ဆင်နွှဲနေကြတဲ့ နေ့လယ် ၁၂ နာရီဝန်းကျင်မှာ လူသူကင်းရှင်းနေတဲ့ ကျောက်ပန်းတောင်းမြို့က လမ်းမတခုပေါ်ကို အသက် ၃ဝ ကျော်အရွယ် အမျိုးသားတဦး ဖြေးဖြေးမှန်မှန် လမ်းလျှောက်လာပါတယ်။
သူ့လက်ထဲမှာ ဘူးလေးတဘူးကို ကိုင်ပြီး အနီးအနားက ပလက်ဖောင်းမှာ ဖိနပ်လေးကို အသာအယာ ချွတ်၊ စာရွက်လေးတရွက်ကို ဖိနပ်ပေါ်မှာ ခဲနဲ့ အသေအချာခုပြီး လျှပ်စစ်ရုံးရှေ့ကို မျက်နှာမူလိုက်ပါတယ်။
ခဏအကြာမှာတော့ အသင့်ယူလာတဲ့ ဘူးထဲက ဓာတ်ဆီတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ခန္ဓာကိုယ်တခုလုံးပေါ် လောင်းချ မီးရှို့ပြီး သူ့ယုံကြည်ချက်ကို ပြည်သူတွေသိအောင် ချပြသွားခဲ့ပါတယ်။
“တခါမှ မကြုံဖူးတော့ ချက်ချင်း ဘာလုပ်ရမှန်း မသိဖြစ်သွားတယ်။ အနီးနားက လူတယောက်က သူ့ကို ခြေထောက်နဲ့ ပြေးကန်လိုက်တယ်။ ဘေးပတ်ဝန်းကျင်ကလူတွေကလည်း ရေတွေနဲ့ ဝိုင်းပက်တော့မှ ကျွန်တော်လည်း ရေသန့်ဘူးထဲက ရေတွေနဲ့ သူ့ကို မီးငြိမ်းအောင် လုပ်ပေးဖြစ်တယ်” လို့ မျက်မြင်သက်သေတဦးက ပြန်ပြောပြပါတယ်။
ဒီအဖြစ်အပျက်တွေအားလုံးက တိုတောင်းတဲ့ မိနစ်ပိုင်းအတွင်းမှာ ဖြစ်သွားခဲ့တာပါ။ ဒါပေမဲ့ မီးအားပြင်းပြင်းနဲ့ ခန္ဓာကိုယ်တခုလုံး လောင်ကျွမ်းခဲ့တာကြောင့် အသက် ၃၃ နှစ်အရွယ် ကိုအောင်အောင်ဟာ အဲဒီနေ့ညနေမှာပဲ လောကကြီးကနေ နှုတ်ဆက်ထွက်ခွာသွားပါပြီ။
ဒါပေမဲ့ ပြည်သူတွေအားလုံးကိုတော့ ခိုင်မာတဲ့ သတင်းစကား ပါးခဲ့ပါတယ်။
ကိုအောင်အောင်ရဲ့ စာ
“၂၄ နာရီလုံး အများပြည်သူ မီးလင်းပါစေ။ ၂ဝဝ၁+၂ဝဝ၂ ကို ပြန်မသွား” ဆိုတဲ့ စာတစောင်ကို သူလဲကျရာ နေရာနဲ့ မလှမ်းကမ်းမှာ ကိုအောင်အောင် ချန်ထားရစ်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်း နှစ်ပတ်လည်နေ့မှာ ငြိမ်သက်စွာ ဆန္ဒပြနေကြတဲ့ ပြည်သူတွေရဲ့ ရင်ထဲကို ကိုအောင်အောင်ရဲ့ သတင်းစကားက လှုပ်ခတ်စေခဲ့ပါတယ်။
ကိုအောင်အောင်ချန်ထားရစ်ခဲ့တဲ့စာ – CJ
စစ်အာဏာမသိမ်းခင်က နိုင်ငံရေးမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့ခြင်းမရှိပေမယ့် ကိုအောင်အောင်ဟာ အမှန်တရားကို မြတ်နိုးသူ၊ မတရားမှုနဲ့ နိုင့်ထက်စီးနင်းလုပ်တာတွေကို မုန်းတီးသူတဦးဖြစ်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
“ပထမဆုံး သတင်းစကြားကြားချင်း မယုံနိုင်ဘူး။ သူအဲဒီလို လုပ်သွားမယ်လို့လည်း မထင်ဘူး။ သူဟာ အမှန်တရားအတွက် အသက်စွန့်သွားခဲ့တာ ” လို့ မိသားစုဝင်တဦးက ဆိုပါတယ်။
အတန်းပညာ ၆ တန်း အထိသာ သင်ကြားခဲ့ရတဲ့ ကိုအောင်အောင်ဟာ ၂ဝဝ၁ ခုနှစ်လောက်မှာ မိသားစုစားဝတ်နေရေး အခက်အခဲကြောင့် ကျောင်းထွက်ကာ သံပန်း၊ သံတံခါး တပ်တဲ့ အလုပ် စလုပ်ခဲ့ပါတယ်။
အလုပ်သင်ဘဝနဲ့ ပြင်ပလောကထဲကို သူစတင်ဝင်ရောက်တဲ့အချိန် လွန်ခဲ့တဲ့ အနှစ် ၂ဝ ကျော်က မီးပုံမှန်မလာလို့ သူအခက်တွေ့ခဲ့ရတာတွေကို ပြန်လည်သတိရပြီး နာကြည်းချက်နဲ့ အခုလို လုပ်သွားတာ ဖြစ်နိုင်တယ်လို့လည်း ညီဝမ်းကွဲဖြစ်သူက တွက်ဆပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်း လျှပ်စစ်မီးပြတ်တောက်မှုတွေ တကျော့ပြန် ဖြစ်နေချိန်မှာ ကိုအောင်အောင်တို့လို လျှပ်စစ်မီးအပေါ် မှီခိုပြီး လုပ်ကိုင်ရသူတွေအဖို့ အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့နေရပါတယ်။
ဒါကြောင့်လည်း ကိုအောင်အောင့်ရဲ့ လုပ်ရပ်ဟာ စစ်အာဏာသိမ်းမှု စနစ်ဆိုးရဲ့ နောက်ဆက်တွဲ ပြည်သူတွေ အခက်ကြုံရမှုကို ထင်ဟပ်စေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ အများက ယူဆခဲ့ကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ဒါဟာ အကြမ်းမဖက် အာဏာဖီဆန်ရေး လုပ်ရပ်တွေထဲက အဆုံးစွန်ဆုံး နည်းလမ်း ဖြစ်ပြီး ပြည်သူတွေရဲ့ စွန့်လွှတ်အနစ်နာခံမှု၊ ပျက်စီးဆုံးရှုံးမှုတွေအတွက် အင်မတန် ကြေကွဲဝမ်းနည်းရတယ်လို့ ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
“ကျွန်တော့်အစ်ကိုက သူ့ခံယူချက်ကို တကမ္ဘာလုံးသိအောင် ချပြသွားတာ။ မီးလောင်ဒဏ်ရာတွေနဲ့ သူ့တကိုယ်လုံး ကိုင်လိုက်တဲ့နေရာတိုင်း ကြွေကျနေတာတောင် ငါ့အတွက် မပူနဲ့၊ ငါက လက်သုံးချောင်း ထောင်ပြီးသား ဆိုပြီး အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ပြောသွားတယ်။ ဘာပဲဖြစ်ဖြစ် သူ့အတွက် အမြဲ ဂုဏ်ယူတယ်။ လေးလည်း လေးစားတယ်” လို့ မိသားစုဝင်တဦးက ပြောပါတယ်။
အားကိုးရတဲ့ သားကြီး သြရသ
ကိုအောင်အောင်ဟာ မွေးချင်းမောင်နှမ ၈ ယောက်ထဲမှာ အကြီးဆုံးသားဖြစ်ပါတယ်။
သူ့မှာ ၉ နှစ်အရွယ် သားကြီးတယောက်၊ ၃ နှစ်အရွယ် သမီးတယောက်ရှိပြီး ငွေကြေး အခက်အခဲ ကြီးကြီးမားမား မရှိဘူးလို့ မိသားစုဝင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
မိသားစုမှာ တဦးတည်းသော ငွေရှာသူ ကိုအောင်အောင်ဟာ အတန်းပညာ ဆုံးခန်းမတိုင်ခဲ့ပေမယ့် သူ့တတ်တဲ့လက်မှုပညာနဲ့ မိသားစုကို အဆင်ပြေပြေ ထားနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
လူတဖက်သားကို ဒုက္ခမပေးတတ်ဘဲ အနေအေးသူတယောက်၊ မိသားစုအတွက် ရှေ့တန်းက မားမားရပ်တည်ပေးသူတယောက်ဖြစ်လို့ မောင်နှမသားချင်းတွေရဲ့ ချစ်ခြင်းခံရသူတယောက်ဖြစ်တယ်လို့လည်း ပြောပါတယ်။
“ရင်ထဲမှာ နင့်နေအောင် ခံစားရတယ်။ ကျွန်တော်တို့က ညီအစ်ကိုအရင်း မဟုတ်ပေမယ့် ညီအစ်ကို အရင်းတွေထက် ပိုချစ်တဲ့ ညီအစ်ကိုတွေ။ အစ်ကိုအရင်းတယောက်၊ သူငယ်ချင်း ရဲဘော်ရဲဘက်တယောက်၊ ဖခင်တယောက် ဆုံးရှုံးလိုက်ရသလိုမျိုးပဲ” လို့ ကိုအောင်အောင်ရဲ့ နောက်ဆုံးအချိန်တွေမှာ အတူရှိခဲ့တဲ့ မိသားစုဝင်တဦးက ဖွင့်ဟပါတယ်။
အိမ်ထောင်ရေး အဆင်မပြေဖြစ်မှု ကြီးကြီးမားမား မရှိ၊ စိတ်ပိုင်းဆိုင်ရာ ဝေဒနာခံစားနေရတာ မရှိဘဲနဲ့ သူ့ယုံကြည်ရာလမ်းကို အဆုံးတိုင် လျှောက်သွားခဲ့တဲ့ လင်ယောက်ျားကြောင့် ခြေတဖက် မသန်သူ ဇနီးဖြစ်သူက ဖြေမဆည်နိုင်ဖြစ်နေပါတယ်။
လူမမယ် သားသမီးနှစ်ယောက်နဲ့အတူ ဝမ်းနည်းပက်လက်ဖြစ်ပြီး မျက်ရည်တွေသာ တွင်တွင်ကျနေတော့တယ်လို့ ဘီဘီစီကို ပြောပါတယ်။
ကိုအောင်အောင့်ရဲ့ နောက်ဆုံးဆန္ဒ
ခန္ဓာကိုယ် တခုလုံး မီးလောင်ဒဏ်ရာတွေနဲ့ ပင်ကိုယ်ရုပ်ရည်တောင် ကောင်းကောင်းမပေါ်တော့တဲ့ ကိုအောင်အောင့်ကို မိသားစုဝင်တွေက ကျောက်ပန်းတောင်းဆေးရုံ၊ ညောင်ဦးဆေးရုံတွေကို ပို့ဆောင်ခဲ့ပေမယ့် အဲဒီနေ့ ညနေ ၆ နာရီကျော်မှာပဲ ကိုအောင်အောင် ကွယ်လွန်ခဲ့ပါတယ်။
နောက်ဆုံးထွက်သက်အချိန်ထိ သူ့လုပ်ရပ်အတွက် လုံးဝနောင်တမရခဲ့သလို ခံစားနေရတဲ့ ဝေဒနာတွေအတွက် ညည်းညူခဲ့တာတောင် မရှိဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။
ဒါပေမဲ့ သူအသက်မထွက်ခင်အချိန်မှာ သူ့သားလေးကို ရှင်ပြုပေးချင်တဲ့အကြောင်း အထပ်ထပ် ပြောနေခဲ့တယ်လို့ ဆိုပါတယ်။
ကိုအောင်အောင်နဲ့ ဇနီးဖြစ်သူတို့ဟာ သူတို့ သား ၉ နှစ်ပြည့်ချိန်မှာ ဗုဒ္ဓဘာသာဝင်တွေရဲ့ ဓလေ့ထုံးတမ်းအရ ရှင်ပြုပေးဖို့ အရင်ကတည်းက ရည်မှန်းထားခဲ့ကြတယ်လို့ ဇနီးဖြစ်သူက ပြောပါတယ်။
အာဏာသိမ်းပြီးနောက် လုပ်ငန်းတွေ သိပ်အဆင်မပြေတာကြောင့် သူ့အိပ်မက်တွေကို ခဏဆိုင်းငံ့ထားခဲ့ရတယ်လို့လည်း ပြောပါတယ်။
သမီးဖြစ်သူအပေါ်မှာလည်း အကြင်နာပိုသူ ကိုအောင်အောင်ဟာ အဲဒီနေ့မတိုင်ခင် ရက်ပိုင်းတွေက သူ့မျက်နှာကို သေချာကြည့်ထားဖို့၊ နောက်ဆိုရင် မြင်ရတော့မှာ မဟုတ်ဘူးလို့ ပြောဆိုနေသံကြားတယ်လို့ မိသားစုဝင်ဖြစ်သူတွေက ပြန်ပြောပြပါတယ်။
ဒါပေမဲ့ အလုပ်ပေါ်ရင် တခြားနယ်တွေဘက် ထွက်အလုပ်လုပ်လေ့ရှိတာကြောင့် သူ့ရဲ့ပြောစကားတွေကို အမှုမဲ့ အမှတ်မဲ့သာ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
NUG
စစ်အာဏာရှင်စနစ်အောက်မှာ ခက်ခဲကျပ်တည်းနေတဲ့ ပြည်သူတွေရဲ့ဘဝကို ထင်ဟပ်စေတဲ့ အညာသား ကိုအောင်အောင်ရဲ့ ဖြစ်စဉ်ဟာ လူအများအပြားကို တုန်လှုပ်စေခဲ့ပါတယ်။
ကိုယ်ကိုယ့်ကိုယ် မီးရှို့ဆန္ဒပြတဲ့ ဖြစ်ရပ်မျိုး နိုင်ငံတွင်းမှာ တခါမှ မဖြစ်ပျက်ခဲ့ဖူးသလို သူ့ယုံကြည်ချက်ကို အခိုင်အမာ သတင်းစကားပါးခဲ့တဲ့ ကိုအောင်အောင့်ရဲ့ စာကြောင့်လည်း စိတ်ထိခိုက်ဝမ်းနည်းခဲ့ကြရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ စစ်ကောင်စီကို လုံးဝလက်မခံကြောင်း အသက်နဲ့ရင်း ဆန္ဒပြခဲ့တဲ့ ကိုအောင်အောင့်ကို “ပြည်သူ့သူရဲကောင်း” တဦးအဖြစ် ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ဂုဏ်ပြုမှတ်တမ်းတင်ခဲ့ပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကလည်း
“ဒီမြေကို ချစ်ခြင်းအတွက်
ကိုယ့်ခန္ဓာကိုယ် လောင်ကျွမ်းခံပြနေချိန်မှာ…
ချစ်သောကမ္ဘာကြီးရေ
(မြင်ကြား) ခံစားတတ်ရဲ့လားလို့ သူမေးသွားမှာပဲ။
ချစ်သော ပြည်သူတွေ
ထိုက်တန်ရဲ့လား…လို့ သူမေးသွားမှာပဲ” လို့ ကိုအောင်အောင့်အတွက် အမှတ်တရ ကဗျာလေး ရေးသားခဲ့ပါတယ်။
KHIT THIT MEDIA
ခဏတာ အိပ်စက်ပါရစေလို့ ခွင့်တောင်းပြီး ဆေးရုံခုတင်ပေါ်မှာ မှေးစက်သွားခဲ့တဲ့ ကိုအောင်အောင်ဟာ အခုတော့ အားလုံးကို နှုတ်ဆက်ထွက်ခွာသွားခဲ့ပါပြီ။
ဒါပေမဲ့ သူ့ကို ချစ်တဲ့ မိသားစုဝင်တွေသာမက ကျောက်ပန်းတောင်းမြို့သူမြို့သားတွေကတော့ စစ်အာဏာသိမ်းမှုနဲ့အတူ ကိုအောင်အောင့်ရဲ့ သတင်းစကားကို တသက်တာ မေ့ပျောက်လို့ ရနိုင်တော့မှာ မဟုတ်ဘူးလို့ ဖွင့်ဟကြပါတယ်။
Original Post: BBC
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.