မြင်းမူ၊ ပဒတ္ထိုင်းရွာတွင် မီးရှို့ခံထားရသည့် လူ့ခန္ဓာကိုယ် အစိတ်အပိုင်းများ တွေ့ရှိ

05 February 2022

U Tun Tun, U Myo Khaing, U Pauk Sa, U Kyaw Myo Oo, U Min Naung, U Khin Maung Soe, U Myo Chit, U Chit Myo Myo and Daw Moe Swe (Myinmu Township)

မြင်းမူ၊ ပဒတ္ထိုင်းရွာတွင် မီးရှို့ခံထားရသည့် လူ့ခန္ဓာကိုယ် အစိတ်အပိုင်းများ တွေ့ရှိ

လူ့ခန္ဓာကိုယ် အစိတ်အပိုင်း ရုပ်ကြွင်းများ ကောက်ယူစုစည်းထားသည်ကို ဖေဖော်ဝါရီ ၃ ရက်နေ့က တွေ့မြင်ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

စစ်တပ် ၃ ရက်ကြာ တပ်စွဲခဲ့သည့်ရွာတွင် ရွာသား ၂၀ ခန့်  အသတ်ခံရပြီး ထိုအထဲမှ ၁၀ ဦး မည်သူမည်၀ါ ဖြစ်သည်ကို ဖော်ထုတ်နိုင်ပြီဟု စစ်ကိုင်းတိုင်း ကျေးလက်ဒေသခံတို့က ပြောသည်။ 

By Myanmar Now

စစ်ရဟတ်ယာဉ် ၅ စီး နှင့် စစ်သားများ ဝင်ရောက်တိုက်ခိုက်ထားသော စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ပဒတ္ထိုင်းကျေးတွင် မီးလောင်ကျွမ်းနေသော ခန္ဓာကိုယ်အစိတ်အပိုင်းများစွာ တွေ့ရှိခဲ့ရပြီး လတ်တလောတွင် သေဆုံးသူ ၁၀ ဦးခန့်ကို အမည်နှင့်တကွ အတည်ပြုနိုင်ကြောင်း  ဒေသခံတို့ထံမှ သိရသည်။

(သတင်းအောက်ဆုံးတွင် ၎င်းတို့၏ အမည်နှင့်အသက်များကို ဖော်ပြထားသည်)

ဇန်နဝါရီ ၃၁ နံနက်ပိုင်း ထိုရွာအနီး ပြုလုပ်သော ပြောက်ကျားအဖွဲ့တစ်ခု၏ သင်တန်းဆင်းပွဲကို လေကြောင်းမှ  စီးနင်းတိုက်ခိုက်သည့် စစ်တပ်က ထိုဒေသတွင် ၃ ရက်အကြာ တပ်စွဲခဲ့ရာ စစ်သားများ ပြန်ထွက်သွားချိန် ဖေဖော်ဝါရီ ၃ တွင် ရုပ်ကြွင်းများ တွေ့ရခြင်းဖြစ်သည်။

ထိုသို့တွေ့ရသော လူ့အစိတ်အပိုင်းများမှာ စစ်တပ်က ရွာသားများကို သတ်ဖြတ်မီးပုံရှို့ပြီး ရွာ၏အရှေ့ဘက် ကပ်လျက်ရှိသည့် မိုင်ဝက်ခန့်ကျယ်သော လျှော်ဖြူခင်းထဲ ပစ်ထားခဲ့ခြင်းဖြစ်သည်ဟု မြင်းမူမြို့နယ်အခြေစိုက် ဇာမဏီ (ZRF) အဖွဲ့၏ ခေါင်းဆောင် ပြောသည်။

“မီးလောင်ပုံနားက အဝတ်အစားလေးတွေကြည့် အရင်ဖော်ရတာ။ အခုထိ အတိအကျကတော့ မီးရှို့ခံ အလောင်းတွေ ၁၀ လောက် အရင်ဖော်ရပြီ။ ဓားတွေနဲ့ တုန်းတစ်ပြီး အဲဒီလိုလုပ်ခံရတာ”  ဟု ၎င်းက ပြောသည်။

“(စစ်သားတွေက) မီးရှို့ပြီး အဲဒီအပိုင်းအစတွေ အဲဒီနားက ချုံတွေထဲ၊ ချုံတန်းတစ်တန်းလုံး ထိုးပစ်ထားတယ်”

ဒေသခံများက ကောက်ယူ စုစည်းထားရသည့် မီးလောင်ကျွမ်းထားသည့် လူ့ခန္ဓာကိုယ်အပိုင်းအစများကို မှတ်တမ်းဓာတ်ပုံများတွင် တွေ့ရသည်။

မြင်းမူမြို့မှ ၁၃ မိုင်ခန့် ကွာဝေးပြီး ဒေသခံ၂၅၀၀ ကျော် နေထိုင်သည့် ပဒတ္ထိုင်းရွာတွင် သေဆုံးသူ ၁၀ ဦးကိုသာ  နာမည်၊ အသက် အတည်ပြုနိုင်သော်လည်း အသတ်ခံရသည့် ရွာသား ၂၀ ကျော်သည်ဟု ဒေသခံများက ခန့်မှန်းထားထားသည်။

ပျံ့ကျဲနေသော ရုပ်အလောင်းအစိတ်အပိုင်းတချို့နှင့် မီးလောင်ကျွမ်းထားသည့် နေရာတစ်ခု ။ (ဓာတ်ပုံ- ပေးပို့)

ကျန်သည့် ရုပ်အလောင်းအပိုင်းအစများကိုလည်း အတည်ပြုနိုင်ရန် ဆက်လက်စိစစ်နေဆဲဖြစ်ကြောင်း ဇာမဏီအဖွဲ့၏ ခေါင်းဆောင်က ပြောသည်။

ရဟတ်ယာဉ်ဖြင့်လာသည့် စစ်ကောင်စီတပ်က ဒေသခံရွာသားများကို သတ်ဖြတ် မီးရှို့ခဲ့သည်ဆိုသော ပြောဆိုချက်နှင့်ပတ်သက်၍ စစ်ကောင်စီဖက်မှ တုံ့ပြန်ချက်မရသေးပေ။

မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)တပ်မှ ထွက်လာသော စစ်ရဟတ်ယာဉ် ၅ စီးက မုံရွာမြို့မှ ၁၇ မိုင်ခန့်အကွာတွင်ရှိသော  ပဒတ္ထိုင်းကျေးရွာကို ပြီးခဲ့သည့် ၅ ရက်က ဝင်စီးခဲ့ခြင်း ဖြစ်သည်။

ပစ်ခတ်စီးနင်းခံရသည့်နေ့မှစ၍ ရွာသား ၂၀၀၀ ကျော်သည် ရွာမှနီးစပ်ရာရွာများသို့ တိမ်းရှောင်နေကြရပြီး မြင်းမူမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က ဝင်မွှေနေသည့်အတွက် နေရပ်မပြန်နိုင်သေးကြောင်း အသက် ၃၀ ဝန်းကျင် ပဒတ္ထိုင်းရွာသားတစ်ဦးက ပြောသည်။

“သူတို့က ဘယ်သူမှန်းမသိအောင် တုံးတစ်ပြီး မီးရှို့တာနေမှာပေါ့။ ကျွန်တော်တို့ အခု မီးလောင်ပြီး အကုန်မလောင်သေးတဲ့ဟာတွေကို တစ်စစီ ပြန်ကောက်ပြီးတော့ ရှို့နေရတယ်။ အဲဒီလိုတွေ”ဟု လုံခြုံရေးအရ အမည်မဖော်လိုသော အဆိုပါ ရွာသားက ဆက်ပြောသည်။

ပဒတ္ထိုင်းရွာအုပ်စုအတွင်းရှိ သမန်းတော၊ ဂရု၊ မဲနော စသည့်ကျေးရွာများအပြင် မြင်းမူမြို့နယ်တကြောရှိ ကျေးရွာ များကို စစ်ကောင်စီက နေ့စဉ်ဝင်မွှေနေခြင်း ဖြစ်သည်။

တိုက်ပွဲ၀င်လက်နက် ပြည့်စုံသော  စစ်ကောင်စီတပ်က မြေပြင်စစ်ဆင်ရေးများ လုပ်ဆောင်ချိန်တွင် နယ်မြေခံ ပြောက်ကျားအဖွဲ့ ၏ ခုခံတိုက်ခိုက်မှုများကြောင့် ထိခိုက်သေဆုံးမှု များလာပြီးနောက် လေကြောင်းမှ တစ်ဖန်ထိုးစစ်ဆင်လာသည်ကို စစ်ကိုင်းတိုင်းအတွင်း ခပ်စိပ်စိပ် တွေ့လာရသည်။

ပဒတ္ထိုင်းတွင် သတ်ဖြတ်ခံရသူများ

၁။ ဦးထွန်းထွန်း (အသက် ၅၀)

၂။ ဦးမျိုးခိုင် (၄၀ ကျော်)

၃။ ဦးပေါက်စ (၅၇)

၄။ ဦးကျော်မျိုးဦး (၄၀)

၅။ ဦးမင်းနောင် ( ၃၀ ခန့်)

၆။ ဦးခင်မောင်စိုး (၅၀)

၇။ ဦးမျိုးချစ် (၆၀)

၈။ ဦးချစ်မျိုးမျိုး( ၄၀ ကျော်)

၉။ ဒေါ်မိုးဆွေ ( ၅၀)

၁၀။ ဂရုကျေးရွာမှ အမျိုးသားတစ်ဦး (၂၀ ခန့်)


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia