02 February 2022
စစ်ကောင်စီ ဝင်မွှေသွားသည့် စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ဘင်ရွာ၌ ပျက်စီးဆုံးရှုံးမှုများကို ဖေဖော်ဝါရီ ၁ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ − ပေးပို့
ချင်းတွင်းမြစ်ကြောင်းပေါ်ရှိ ဘင်ရွာကို စစ်ကောင်စီ ဝင်စီးစဉ် ထွက်မပြေးဘဲ ကျန်ခဲ့သူများကို ဖမ်းကာ ပျူစောထီးအခြေစိုက်ရွာသို့ ခေါ်သွားသည်ဟု ဒေသခံသုံးဦးက ပြောသည်။
By Myanmar Now
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ရှိ ရွာသုံးရွာကို စစ်ကောင်စီတပ် မီးဝင်ရှို့ကာ နို့စို့ အရွယ်ကလေးများ၊ သက်ကြီးရွယ်အိုများ အပါအ၀င် ၃၆ ဦးကို ဖမ်းခေါ်သွားသည်ဟု ဒေသခံ အချို့က ပြောသည်။
မင်းကင်းမြို့မှ ရေမိုင် ၂၈ မိုင်ခန့်ကွာဝေးပြီး အိမ်ခြေ ၂၀၀ နီးပါးရှိသည့် ဘင်ရွာနှင့် အိမ်ခြေ ၄၀၀ ခန့်ရှိ အုပ်န္နဲဘုတ်ရွာကို ဇန်နဝါရီ ၃၁ တွင် လည်းကောင်း၊ အိမ်ခြေ ၂၀၀ ခန့်ရှိသော အနောက်တောရွာကို ဇန်နဝါရီ ၂၉ တွင်လည်းကောင်း ၀င်စီးခဲ့သည်ဟု သိရသည်။
စစ်သားများနှင့်အတူ စစ်တပ်က လက်နက်တပ်ဆင် လေ့ကျင့်ပေးထားသည်ဟု အများက နားလည်ထားသည့် ပျူစောထီးအဖွဲ့၀င်များလည်း လိုက်ပါလာသည်ဟု ဆိုသည်။
စစ်ကောင်စီအဖွဲ့ စီးနင်းစဉ် ထွက်မပြေးနိုင်ဘဲ ဘင်ရွာ၌ ကျန်ခဲ့သည့် သက်ကြီးရွယ်အို၊ မိခင်နှင့် ကလေး ငယ်များကို ဖမ်းခံခဲ့ရခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
ထိုသူတို့ကို မည်သည့်အတွက်ကြောင့် စစ်ကောင်စီက ဖမ်းခေါ်သွားသည်ကိုမူ သီးခြားအတည်ပြုနိုင်ခြင်းမရှိ သေးပေ။
ဖမ်းခံရသူတို့ကို ဘင်ရွာနှင့် ၁၀ မိုင်ခန့်ဝေးပြီး ပျူစောထီးအဖွဲ့ အခြေစိုက်သည့် ပန်းဆက်ရွာသို့ ဇန်နဝါရီ ၃၁ ရက်တွင် ကုန်တင်ရေယာဉ်ဖြင့် ချင်းတွင်းမြစ်ကြောင်းအတိုင်း ခေါ်သွားသည်ကို မျက်မြင်တွေ့ရသည်ဟု ဘင်ရွာသူ အသက် ၄၀အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
အသက် ၆၅ မှ ၈၅ ကြား ၁၁ ဦး၊ ၃၀ မှ ၅၈ ကြား ၁၇ ဦး၊ ၂ နှစ်မှ ၉နှစ်ကြား ၆ ဦး၊ ၂ နှစ်အောက် ၂ ဦး ဖြစ်သည်ဟု ၎င်းထံမှ သိရသည်။ ..
“လောလောဆယ် ဘေးကနေပဲ ကြည့်နေရတယ်။ ရွာထဲကို ဝင်မရသေးတာ။ ဝင်လာကတည်းက ပြေးကြတာ များတော့ ငယ်ရွယ်သူက ကလေးတွေနဲ့ မိန်းမတွေ အဲ့ဒါတွေ များသွားတာ”ဟု အထက်ပါ အမျိုးသမီး ကပြောသည်။
ဘင်ရွာအနီး ချင်းတွင်းမြစ်ဆိပ်တွင် စစ်ကောင်စီအဖွဲ့၏ ရေယာဉ်အချို့ ဆိုက်ကပ်ထားဆဲဖြစ်သည်ဟု ဖေဖော်ဝါရီ ၁ရက် မွန်းလွဲပိုင်းတွင် ၎င်းက အတည်ပြုသည်။
စစ်ကောင်စီအဖွဲ့၏ ရေယာဉ်များ နေ့စဉ်နီးပါး တိုက်ခံနေရချိန်တွင် ချင်းတွင်းမြစ်ဘေးရှိ ရွာများ ပစ်မှတ် ထားတိုက်ခိုက်ခံနေရကြောင်း ဒေသခံများက ဆိုသည်။
ဇန်နဝါရီ ၃၁ ရက်တွင် ဘင်ရွာမြစ်ကမ်းဘေးတွင် ရေလုပ်ငန်းလုပ်ကိုင်သူတို့၏ နေအိမ် ၂၀လုံး၊ ကျေးရွာရှိ အိမ်ခြေ ၁၅၀ ခန့် မီးလောင်ခဲ့သည်ဟု စစ်ဘေးရှောင်များကို ကူညီနေသည့် အသက် ၅၀ အရွယ် အမျိုး သားက ပြောသည်။
ထို့အပြင် ဖေဖော်ဝါရီ ၁ရက် ညနေ ၆ နာရီခန့်တွင် အုပ်န္နဲဘုတ်ရွာကို စစ်ကောင်စီက ထပ်မံမီးရှို့ခံရ၍ ထက်ဝက်ခန့် မီးလောင်ကျွမ်းမည်ဟု ၎င်းက ခန့်မှန်းသည်။ လုံခြုံရေးအခြေအနေအရ အသေးစိတ်ကိုမူ ဒေသခံတို့က အတည်မပြုနိုင်သေးပေ။
“သူတို့လက်နက်ကိုင်ထားတဲ့ ပျူစောထီးနဲ့ စစ်တပ်က ဝင်ရှို့တယ်ဆိုတာက အတိအကျကတော့ ကျွန်တော်တို့မြင်နေရတဲ့ မျက်မြင်သက်သေတွေတော့ ရှိပြီးသားပဲ။ အခုအချိန်အထိ မပြန်သေးဘူးဗျ။ အဲ့ဒီ သင်္ဘောက ချင်းတွင်းမြစ်ကမ်းဘေးမှာပဲ ဘင်အုပ်စုရဲ့ ကျွန်းဘေးမှာပဲ ဘင်ကျွန်းမှာပဲ ကပ်နေတုန်းရှိသေးတယ်”ဟု ၎င်းကပြောသည်။
စစ်ကောင်စီ ဝင်မွှေသွားသည့် စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ဘင်ရွာ၌ ပျက်စီးဆုံးရှုံးမှုများကို ဖေဖော်ဝါရီ ၁ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ − ပေးပို့
မင်းကင်းမြို့နယ်ရှိ ထိုရွာများကို မီးဝင်ရှို့၊ ဒေသခံများကို ဖမ်းဆီးနေသည့် စစ်ကောင်စီ အဖွဲ့မှာ ၁၀ မိုင်ကျော် အကွာတွင်ရှိသည့် ပန်းဆက်၊ တောင်ဖြူ၊ ကျောက်ခဲတက်ရွာများ၌ အင်အား ၁၀၀ ခန့်ဖြင့် တပ်စွဲထားသည့် အဖွဲ့မှဖြစ်ကြောင်း စစ်ကောင်စီကိုတိုက်ခိုက်နေသည့် အဖွဲ့တစ်ခု ဖြစ်သည့် မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဝင်တစ်ဦးက ပြောသည်။
“သူတို့ (စကစ) အဲဒီလိုမွှေလိုက်တဲ့အချိန်မှာ ဒီဘက်က ပကဖ တွေရယ်၊ PDF တွေရယ်က အနည်းဆုံး တော့ ပြည်သူတွေကို ကူရ၊ ကာရနဲ့ ဆိုတော့ သူတို့ကို မနှောက်ယှက်နိုင်အောင် နည်းနည်း ရမ်းထားတဲ့ သဘောလို့ မြင်တယ်”ဟု ၎င်းက ပြောသည်။
“ဘာလို့လဲဆိုတော့ ဆက်တိုက်ပဲ ဝင်လုပ်နေတာပဲလေ။ PDF တွေ ပကဖ တွေက ပြည်သူတွေကို ကူနေရတော့ သူတို့ နဲနဲ စုန်လို့ရအောင် အန္တရယ်ကင်းကင်း စုန်လို့ရအောင် ဆန်လို့ရအောင် လုပ်တဲ့သဘောမျိုးပဲ”ဟု ထိုသူက သုံးသပ်သည်။
အာဏာသိမ်းပြီး တစ်နှစ်အတွင်း ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် တိုက်ပွဲများဖြစ်ခဲ့သော်လည်း လွန်ခဲ့ သည့် သုံးရက်အတွင်း ဖျက်ဆီးခံနေရသည့် ဘင်ရွာ၊ အုပ်န္နဲဘုတ်ရွာ၊ အနောက်တောရွာတို့မှာ ပထမဆုံး အကြိမ် ထိုသို့ ကြုံရခြင်းဖြစ်သည်ဟု အဆိုပါ ပကဖ အဖွဲ့ဝင်က ပြောသည်။
စစ်ကောင်စီ၏ ထိုသို့ လုပ်ရပ်များကြောင့် ချင်းတွင်းမြစ်ကမ်းဘေးရှိ ထိုရွာသုံးရွာအပါအဝင် ရွာပေါင်း ၆ရွာခန့်မှ ဒေသခံပေါင်း ၅၀၀၀ခန့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကသုတ်ကရက် အိုးအိမ်စွန့်ခွာ ထွက်ပြေး နေရသဖြင့် အဝတ်အထည်၊ စောင်၊ အစားအသောက်၊ ဆေးဝါး လိုချက်များရှိနေသည်ဟု အထက်ပါ သတင်းရင်းမြစ် သုံးဦးထံမှသိရသည်။
“သူတို့ (ချင်းတွင်းမြစ်ကို သဘော်ဖြင့်) ဆန်ရင်းနဲ့ မြစ်အရှေ့ဘက်ကမ်းက ရွာတွေကိုလည်း မီးရှို့မယ်လို့ ကြိမ်းမောင်းနေတယ်”ဟု ၎င်းကဆက်ပြောသည်။
ရွာမီးရှို့သည်၊ ၃၆ ဦးကို ဖမ်းဆီးသည် ဟူသော အထက်ပါ ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ စစ်ကောင်စီထံ မေးမြန်း၍ မရသေးသလို စစ်ကောင်စီသတင်းဌာနများကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
စစ်ကောင်စီ ဝင်မွှေနေသည့် စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည့် ဒေသခံများ။ ဓာတ်ပုံ − ပေးပို့
ထိုဒေသတွင်းရှိ ပန်းဆက်၊ တောင်ဖြူ ကျေးရွာများသည် စစ်တပ်ထောက်ခံသည့် ပျူစောထီးအဖွဲ့ လှုပ်ရှားမှု အားကောင်းသည့်ဒေသဖြစ်ပြီး ၂၀၂၁ ဇူလိုင်တွင် စစ်ကောင်စီက ၎င်းတို့အကူအညီဖြင့် PDF ၅၇ ဦးကို တပြိုင်နက် ဖမ်းဆီးနိုင်ခဲ့သည်။
၎င်းတို့ကို ခုခံသည့် လှုပ်ရှားမှုများ အားကောင်းရာ စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ကြဲချသည့် ဝါဒဖြန့် လက်ကမ်းစာစောင် များတွင် စစ်တပ်က လက်နက်တပ်ပေးထားသည့် အဖွဲ့ပေါင်း ၁၀၀ ကျော်ရှိပြီဟုပင် ရေးထားသည်။ PDF (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) နှင့် ပတ်သက်လျှင်၊ သတင်း မပေးလျှင် ရွာများ ဖျက်ဆီးခံရမည်ဟုပင် ခြိမ်းခြောက်ထားသည်။
သို့သော်၂၀၂၁ ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝှမ်း ပေါ်ပေါက်နေသည့် ပြည်သူပိုင် အိုးအိမ် ပစ္စည်း ဖျက်ဆီးခံရမှုများ၊ အသက်ဆုံးရှုံးမှုများကို ၎င်းတို့ လက်ချက်မဟုတ်ဟု စစ်ကောင်စီက အစဉ် တစိုက် ငြင်းဆိုလေ့ရှိသည်။
ဘင်ရွာမှ ဖမ်းဆီးခံရသူများ
ဦးထွန်းချို (၇၁)၊ ဒေါ်ဓါတ်စိန် (၈၅)၊ ဒေါ်သန်းနွယ် (၇၈)၊
ဒေါ်တင်ရှိန် (၇၂)၊ ဒေါ်ခင်စိန် (၇၅)၊ ဦးငြိမ်းမောင် (၆၅)၊
ဒေါ်ဖြူ (၈၀)၊ ဒေါ်လှကြည် (၈၂)၊ ဒေါ်စောရီငယ် (၇၀)၊
ဒေါ်လေး (၈၀)၊ ဒေါ်ခင်ရှိန် (၈၀)၊
မသီတာဗို (၃၃)၊ မသီ (၄၁)၊ မဆွေ (၅၁)၊
မနီ (၃၈)၊ မဒွေးစန္ဒီလင်း (၂၉)၊ ဦးအောင်စိုးလွင် (၃၈)၊
ခေါ်ခင်မာစန်း (၄၀)၊ ဒေါ်ခင်မာဌေး (၄၉)၊ ဒေါမြင့်မြင့်ရီ (၃၉)၊
ဒေါ်အေးယုလွင် (၂၈) နှင့် ၎င်း၏ ၂ နှစ်သမီး မိကျန်၊ ၇ နှစ်အရွယ် ရုပ်ဆိုး၊
ဒေါ်လဲ့လဲ့ခိုင် (၃၈) နှင့် ၎င်း၏ နို့စို့ကလေး၊
ဒေါ်မေသူ (၃၀) နှင့် ၎င်း၏ ၂ နှစ်အရွယ်သမီး၊
ဒေါ်ရှမ်းမ (၃၃) နှင့် ၎င်း၏ နို့စို့သမီး နှင့် ၂ နှစ်အရွယ်သား၊
ဦးမျိုးဝင်း (၃၈)၊ ဦးကျော်ငြိမ်း (၅၅)၊ ဦးမြသိန်း (၅၈)၊
ဒေါ်ဇာခြည် (၄၀) နှင့် ၎င်း၏ (၇) နှင့် (၉) သမီးနှစ်ဦး
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.