ဒလန်နှစ်ဦးလုပ်ကြံခံရသည့် ခင်ဦးမှ ရွာတစ်ရွာတွင် ရွာသားနှစ်ဦးကို စစ်တပ်က ပစ်သတ်

January 31st, 2022  •  Author:   Ko Aung Tun Nyein and Ko Phyo (Khin-U Township)  •  1 minute read
Featured image

ကိုအောင်ထွန်းငြိမ်း (အသက် ၃၃ နှစ်) နှင့် ကိုဖြိုး (အသက် ၃၀ နှစ်) တို့၏ ရုပ်အလောင်းများကို ယနေ့ ဇန်နဝါရီ ၃၁ နံနက်က တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)  

စစ်တပ်ဝင်လာစဉ် ဖမ်းဆီးခံရပြီးနောက် ပစ်သတ်ခံရသည်ဟု ယူဆရသည့် ဒေသခံရွာသားနှစ်ဦး၏ ရုပ်အလောင်းများကို ယနေ့ (ဇန်နဝါရီ ၃၁) နံနက်ပိုင်းတွင် ရွာအပြင် လယ်ကွင်းပြင်၌ တွေ့ရှိခဲ့သည်။​

By Myanmar Now

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ဇန်နဝါရီ ၃၀ ရက်က ဒလန်ဟု နာမည်ထွက်နေသူနှစ်ဦး လုပ်ကြံခံရပြီးနောက် စစ်တပ်က ရွာကို ဝင်စီးကာ ဒေသခံ ရွာသားနှစ်ဦးကို ပစ်ခတ်ခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ခင်ဦးမြို့နယ် မြို့သစ်ကျေးရွာ၌ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဖြစ်သူ၏ ဇနီး ဒေါ်နွေးနွေးနှင့် နှင်းဆီပါတီဝင်ဟောင်း ပျူစောထီးအဖွဲ့ဝင်ဆိုသူကို ဇန်နဝါရီ ၃၀ ရက် ညနေပိုင်းတွင် မျက်နှာဖုံးစွပ် လူတစ်စုက လာရောက်လုပ်ကြံပြီးနောက် စစ်တပ်ရောက်လာခြင်းဖြစ်သည်ဟု သိရသည်။

ထိုနေ့ ညနေ ၅ နာခွဲရီခန့်တွင် စစ်သားများ လာနေကြောင်း သတင်းကြား၍ ရွာသားများ ထွက်ပြေးကြစဉ် အသက် ၃၃ နှစ်အရွယ် ကိုအောင်ထွန်းငြိမ်းနှင့် ၃၀ အရွယ် ကိုဖြိုးဆိုသူ ညီအစ်ကိုနှစ်ဦးမှာ အဖမ်းခံခဲ့ရကြောင်း၊ ၎င်းတို့၏ရုပ်အလောင်းများကို ရွာအပြင် လယ်ကွင်းပြင်၌ ယနေ့ (ဇန်နဝါ ၃၁) တွေ့ရှိခဲ့ခြင်းကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ကိုယ့်ဟာကို ဘေးလွတ်မယ်ထင်တဲ့နေရာ ပြေးကြရတာပေါ့၊ စစ်သားတွေက ကားလေးစီး၊ ဆိုင်ကယ် အစီး ၂၀ လောက်နဲ့ လာတယ်။ တချို့က ခြေကျင်ဝင်လာတာ။ သေနတ်တွေပစ်ပြီး ဝင်လာတာ၊ ထွက်ပြေးတဲ့ ညီအစ်ကိုနှစ်ယောက်က သူတို့နဲ့ တည့်တည့်တိုးပြီး ဖမ်းခံလိုက်ရတယ်” ဟု အမည်မဖော်လိုသူ မြို့သစ်ရွာခံ အမျိုးသမီးက ပြောသည်။​

“ဒီနေ့ မနက်ကျတော့ သူတို့ကို ပစ်သတ်ခံထားရတာ တွေ့တယ်၊ တစ်ယောက်ဆို ဦးနှောက်တွေ ထွက်ကျနေတာ”ဟု ထိုအမျိုးသမီးက မျက်မြင်များကို ကိုးကား၍ ဆိုသည်။

ယမန်နေ့ ညနေ ၆ နာရီခွဲခန့်တွင် စစ်သားများ ရွာမှ ပြန်ထွက်သွားပြီးနောက် ယနေ့နံနက်ပိုင်းတွင် ပစ်သတ်ခံထားရသူ ညီအစ်ကိုနှစ်ဦး၏ ရုပ်အလောင်းကို ရွာသားများက တွေ့ရှိခဲ့ခြင်းဖြစ်ကာ သင်္ဂြိုဟ်ခဲ့သည်ဟု သိရသည်။​

ကိုအောင်ထွန်းငြိမ်းသည် မုံရွာမြို့တွင် နေထိုင်သူဖြစ်ပြီး လွန်ခဲ့သည့် ငါးရက်ခန့်ကမှ မိဘဆွေမျိုးများထံ ပြန်လာခြင်းဖြစ်ကြောင်း၊ ညီဖြစ်သူ ကိုဖြိုးဆိုသူမှာ မြို့သစ်ကျေးရွာတွင် အခြေချနေထိုင်သူဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၏ ဇနီးနှင့် အရပ်ဝတ်လက်နက်ကိုင် ပျူစောထီးခေါင်းဆောင်ဟု နာမည်ထွက်နေသူ ဦးအောင်ကျော်တူးဆိုသူကို မျက်နှာဖုံးစွပ်လူတစ်စုက လာရောက်ရှင်းလင်းခြင်းဖြစ်ကြောင်း အထက်ပါအမျိုးသမီးက ဆိုသည်။

“အုပ်ကြီးမိန်းမနဲ့ ပျူစောထီးစာရင်းပေါက်နေတဲ့ လူတစ်ယောက်ကို ဘယ်အဖွဲ့မှန်းမသိဘူး လာရှင်းတာ။ မျက်နှာဖုံးစွပ်တွေနဲ့ ဆိုင်ကယ် ၇ စီးလောက်နဲ့ လာရှင်းသွားတာ ”ဟု ၎င်းမြင်တွေ့ခဲ့ရပုံကို ဆိုသည်။

သေနတ်ဖြင့် လာရောက်လုပ်ကြံသူများမှာ မည်သူမည်ဝါ မသိရဟု မြို့သစ်ရွာခံ အမျိုးသားတစ်ဦးက ပြောသည်။​

“ဒေါ်နွေးနွေးက အုပ်ကြီးမိန်းမလည်းဖြစ်တယ်၊ သတင်းပေးလည်း လုပ်တယ်။ အောင်ကျော်တူးကတော့ ကျွန်တော်တို့ မဲတွေဆွယ်ကြတုန်းက နှင်းဆီပါတီဝင်။ အခုကျတော့ ပျူခေါင်းဆိုပြီး စာရင်းပေါက်နေတာ။ လာပစ်ခံရတော့ အောင်ကျော်တူးက အိမ်ထဲမှာ ပစ်ခံရတာ” ၎င်းက ပြောသည်။​

ခင်ဦးမြို့မှ ဆိုင်ကယ်ခရီး နာရီဝက်ခန့်ရှိ မြို့သစ်ကျေးရွာအုပ်စုတွင် ရွှေယမင်း၊ ကံကြီးကုန်း၊ သာဂရ စသည့် ကျေးရွာများလည်း ပါဝင်ပြီး အိမ်ခြေ ၈၀၀ ကျော်ရှိ မြို့သစ်အပါအဝင် ကျေးရွာလေးခုလုံးမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟုလည်း သိရသည်။

မြို့သစ်ကျေးရွာအုပ်စုတွင်းရှိ ရွှေယမင်းကျေးရွာမှ ဒေသခံနှစ်ဦးနှင့် တော်လှန်ရေးအဖွဲ့ဝင်နှစ်ဦးကို ဇန်နဝါရီ ၂၇ ရက်တွင် စစ်တပ်က ပစ်သတ်ခဲ့ကြောင်း၊ ဒေါ်နွေးနွေး၏ သတင်းပေးမှုကြောင့် ထိုသို့ ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသော်လည်း အသေးစိတ် အတည်မပြုနိုင်ပေ။​


Original Post: Myanmar Now