မြင်းခြံမှ ပဲပြုတ်သည်တစ်ဦး နေအိမ်တွင် ပစ်ခတ်ခံရ

January 20th, 2022  •  Author:   Ma San Nwe (Myingyan Township)  •  1 minute read
Featured image

၂၀၂၁ မတ်လက မြင်းခြံတွင် တွေ့ရသော အာဏာသိမ်းမှုဆန့်ကျင်သူများ (ဓာတ်ပုံ – ပေးပို့)  

မန္တလေးတိုင်း ကျေးလက်ဒေသမှ အမျိုးသမီးတစ်ဦး ပဲပြုတ်ရန် ပြင်ဆင်နေစဉ် စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့က ပစ်ခတ်သဖြင့် ဒဏ်ရာရသွားသည်။  

By Myanmar Now

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ညောင်တိုရွာမှ ပဲပြုတ်သည်တစ်ဦး ဇန်နဝါရီ ၁၇၊ ည ၁၁ နာရီခန့်က နေအိမ်တွင် ရှိနေစဉ် ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့က ပစ်ခတ်ခဲ့သောကြောင့် ဆေးကုသနေရသည်ဟု သိရသည်။

ပဲပြုတ်ရောင်းသည့် ၄၁ နှစ်အရွယ် မစန်းနွယ် လက်မောင်းနှင့် ပခုံးတွင် ဒဏ်ရာသုံးချက် ရရှိထားသည်ဟု ဆွေမျိုးနီးစပ်တော်သူ အမျိုးသားတစ်ဦးက ပြောသည်။

“မီးရောင်မြင်လို့ ပစ်ခတ်သွားတာ။ အိမ်ဝိုင်းထဲမှာ သားအမိနှစ်ယောက်တည်း သူ့ဘာသာသူ နေတာ။ အလုပ်လုပ်နေတုန်း ဒီတိုင်းပစ်သွားတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ထိုအမျိုးသားက ဆိုသည်။

“သူက မနက်လင်းရင် ပဲပြုတ်ရောင်းတာ။ ရောင်းဖို့ရာ ပြင်ဆင်နေတဲ့အချိန်မှာ ပစ်ခတ်တာ”

မစန်းနွယ်မှာ မန္တလေးမြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း၊ ကျေးရွာမူလတန်းလွန်ကျောင်း၌ လွန်ခဲ့သည့် သီတင်းတစ်ပတ်ခန့်မှစ၍ တပ်စွဲထားသော အင်အား ၁၅ ဦးရှိ စစ်ကောင်စီတပ်ဖွဲ့နှင့် အရပ်ဝတ်လက်နက်ကိုင် ပျူစောထီးတို့က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထိုအမျိုးသားက ဆက်ပြောသည်။

ရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့သည် ဟောင်သည့်ခွေးကိုပင် လိုက်လံ ပစ်သတ်လေ့ရှိကြောင်း၊ ဒေသခံများကို ခြိမ်းခြောက်ထားသဖြင့် အများစုက သတင်းဌာနများနှင့် ဆက်သွယ်ပြောဆိုရန် မဝံ့ရဲကြကြောင်း သူက ဆက်လက်ပြောသည်။

“အကုန်လုံး ကြောက်ကုန်ပြီ။ ဖုန်းတောင် မပြောရဲကြတော့ဘူး။ သုံးချက်မှန်တယ်လို့ ကြားတယ်။ ကျွန်တော်တို့လည်း ကြားသိရတာ သွားတော့ မကြည့်ရဲဘူး။ ရွာဘုန်းကြီးကားနဲ့ မန္တလေးတင်သွားတယ် ကြားပါတယ်” ဟု သူက ပြောပြသည်။

မစန်းနွယ်သည် အသက် ၂ နှစ်အရွယ် သမီးနှင့် နေထိုင်သူဖြစ်သည်ဟု ဆိုသည်။

မစန်းနွယ်ဖြစ်ရပ်နှင့် ပတ်သက်၍ မြင်းခြံအမှတ်(၁)၊ (၂) ရဲစခန်းသို့ Myanmar Now က ဖုန်းဆက်သွယ် မေးမြန်းသော်လည်း ဆက်သွယ်၍ မရပါ။

ဒေသတွင်းဖြစ်ရပ်များကို သတင်းထုတ်ပြန်လေ့ရှိသည့် မြင်းခြံလူထုလှုပ်ရှားမှုကော်မတီကလည်း ပဲပြုတ်သည် မစန်းနွယ် ပစ်ခတ်ခံရကြောင်း ဇန်နဝါရီ ၁၈ ရက်နေ့က ၎င်းတို့၏ facebook စာမျက်နှာတွင် သတင်းဖော်ပြထားသည်။

ထိုရွာမှ ၂၂ နှစ်အရွယ် ကိုဇင်ကိုထွန်းသည် ၂၀၂၁ မေ ၁၃ ရက်နေ့က တလုတ်မြို့တွင် ပစ်ခတ်ဖမ်းဆီးခံရသဖြင့် လက်မောင်းတွင် ဒဏ်ရာရပြီး ထိုနေ့တွင်ပင် စစ်ကြောရေးစခန်းတွင် သေဆုံးသည်ဟု ကော်မတီက ၂၀၂၁ ဇွန် ၁၂ တွင် သတင်းထုတ်ပြန်ထားသည်။

အရပ်သားများ ဖမ်းဆီး အနိုင်ကျင့်ခံရမှုများကို လက်လှမ်းမီသမျှ စုံစမ်းနေသည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏ ဇန်နဝါရီ ၁၉ စာရင်းအရ ပြည်သူ ၁၄၈၄ ဦးထက်မနည်း စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးသည်ဟု သိရသည်။

ထိုဖြစ်ရပ်များကို သတင်းအမှောင်ချထားသည့် ဗိုလ်ချုပ်ကြီးများက AAPP ၏ ကိန်းဂဏန်း မှန်ကန်မှုမရှိဟု အကြိမ်ကြိမ် ပြောဆိုထားဖူးသည်။


Original Post: Myanmar Now