ဆောမြို့နယ်မှ ကျောင်းထိုင်ဆရာတော်ကို လူသားဒိုင်းအဖြစ် စစ်ကောင်စီ ဖမ်းခေါ်

January 17th, 2022  •  Author:   Human Shields (Saw Township)  •  1 minute read
Featured image

ဆောမြို့နယ် 

မကွေးတိုင်း ဂန့်ဂေါခရိုင် ဆောမြို့ နယ် ကံကြီးကျေးရွာရှိ ပရဟိတကျောင်းမှ ကျောင်းထိုင်ဘုန်းကြီးနှင့် လူငယ်များကို စစ်ကောင်စီမှ ဖမ်း၍ လူသားဒိုင်းအဖြစ် ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ ကံကြီးကျေးရွာသို့ ရောက်ရှိနေသည့် စစ်ကောင်စီတပ်သည် ဇန်နဝါရီလ ၁၆ ရက်က ကံကြီးဆရာတော် အပါ အဝင် အသက် ၁၅ နှစ်ခန့်အရွယ်ရှိ လူငယ် ၅ ဦးကိုလည်း ဖမ်းဆီး ခေါ်ဆောင်သွားပြီး၊ ၎င်းတို့ စစ်ကြောင်းသွားရာ လမ်းတလျှောက်တွင် ရှေ့ဆုံးမှနေစေ၍ ၎င်းတို့၏ စစ်ကားများက နောက်မှ လိုက်ခဲ့ကြကြောင်း မြင်တွေ့ရသည့် ဒေသခံ များက ပြောဆိုသည်။

စစ်ကောင်စီသည် နယ်မြေ အနေအထားအရ ထိပ်တိုက် ရင်မဆိုင်ရဲသည့်အတွက်ကြောင့်နှင့် ပြည်သူ့ကာကွယ်ရေး တပ်များ၏ မိုင်းများကြောင့် လူသားဒိုင်းအဖြစ်သုံးကာ ပြည်သူများအား အရှေ့မှ ထား၍ သွားခိုင်းစေခြင်းဖြစ်ကြောင်း ယောပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက ပြောသည်။

ထိုသို့ ဖမ်းဆီးသွားခြင်းမှာ ကံကြီးဘုန်းကြီးကျောင်းတွင် ရွာအတွင်း စောင့်ရှောက်ရန် စုပေါင်း၍ ဝယ်ယူထားသည့် လက်လုပ်သေနတ် ၁၅ လက်ကို ရှာဖွေတွေ့ရှိသွားသဖြင့် ဖြစ်ကာ၊ ထိုလက်နက်များကို စစ်ကောင်စီက သိမ်းဆည်း သွားကြောင်း သိရသည်။

ကံကြီးကျေးရွာရှိ ပရဟိတ ဘုန်းကြီးကျောင်းအတွင်းရှိ လက်လုပ်သေနတ်များ ဖွက်ထားသည့် ဆန်အိတ်များ  

ကံကြီးရွာမှ ဒေသခံတဦးက “ကံကြီးရွာက ပရဟိတဘုန်းကြီးကျောင်းက ဘုန်းကြီးကို လူဝတ်လဲပြီးတော့ ဖမ်းသွား တယ်။ ပြီးတော့ ရွာထဲက ၁၅ နှစ်ဝန်းကျင် ကောင်လေး ၅ ယောက်ကိုလည်း ဖမ်းသွားတယ်။ ကျောင်းမှာ လက်နက် ၁၅ လက် မိတယ်။ သေနတ်က ဘယ်လိုမျိုး သေနတ်တွေလည်းဆိုရင် လက်လုပ် ၁ တောင့် ထိုးတွေ။ ရွာက မရှိမဲ့ရှိမဲ့ လေးတွေနဲ့ စုပြီးတော့ ဝယ်ထားတာ တိုက်ဖို့လည်း မဟုတ်ပါဘူး။ ရွာကို စောင့်ရှောက်ဖို့” ဟု ပြောသည်။

ထို့ပြင် ကံကြီးကျေးရွာထဲမှ နေအိမ်များကိုလည်း ဖောက်ထွင်း ခိုးယူမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထိုကဲ့သို့ ဆရာတော် အပါအဝင် အသက်မပြည့်သူများအား လူသားဒိုင်းအဖြစ် ပြုလုပ်ခြင်းအပေါ် ယောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မှ လူမဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း ဆိုထားသည်။

ယော PDF မှ “ဒါကတော့ စစ်ကောင်စီရဲ့ လုပ်ရိုးလုပ်နည်းအတိုင်း လုပ်တယ်လို့ မြင်ပါတယ်။ ဗုဒ္ဓဘာသာတွေရဲ့ အထွဋ်အမြတ် ပုံစံမျိုးဖြစ်တဲ့ ရွာဦးဆရာတော်ကို လူဝတ်လဲပြီး ဖမ်းဆီးသွားတာမျိုးတွေ ရှိတယ်ဆိုတော့ ဘုန်းကြီးနဲ့ မသက်ဆိုင်တာကို ဘုန်းကြီးကို ဖမ်းခေါ်သွားတယ်ဆိုတော့ ဒီကောင်တွေ လူမဆန်ဘူးလို့ပဲ ပြောချင်ပါတယ်” ဟု ပြောသည်။

အဆိုပါ ကံကြီးရွာတွင် ပြီးခဲ့သည့် တပတ်တွင်လည်း စစ်ကောင်စီက ပြည်သူ ၃ ဦးအား သတ်ဖြတ်ခဲ့ကြောင်း သိရ သည်။

ကံကြီးရွာမှာ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင် တည်ရှိပြီး လူဦးရေ ၅၀၀ ကျော် နေထိုင်သည့် ရွာတရွာ ဖြစ်တယ်။


Original Post: The Irrawaddy