အဓမ္မပြုကျင့်ရန် ကြိုးစားကြခြင်း၊ လိင်ပိုင်းဆိုင်ရာကျူးလွန်ခြင်းအပါအဝင် နှိပ်စက်မှုမျိုးစုံကို စစ်ကြောရေးစခန်းတစ်ခုတွင်ရှိနေစဉ် ရင်ဆိုင်ခဲ့ရကြောင်း အမျိုးသမီးတစ်ဦးက ပြောပြထားသည်။
By Myanmar Now
မြန်မာပြည်အထက်ပိုင်း မြို့ကြီးတစ်မြို့တွင် နေထိုင်သူ မဝင်းဝင်းသည် မိသားစုနှင့်အတူ သာမန်ဘဝနေ့ရက်များကို ကျော်ဖြတ်နေရာမှ စစ်တပ်အာဏာသိမ်းလိုက်ချိန်တွင် အပြောင်းအလဲများကို ဆက်တိုက်ကြုံလာရသည်။
အများနည်းတူ သူသည်လည်း ခံပြင်းဒေါသထွက်မှုကြောင့် အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တော်လှန်ရင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရရာ မြန်မာ့နိုင်ငံရေးသမိုင်းတစ်လျှောက် အမည်ဆိုးခဲ့ပြီး ရက်စက်ယုတ်မာမှုများဖြင့် ကျော်ကြားသည့် စစ်ထောက်လှမ်းရေးအဖွဲ့၏ စစ်ကြောရေးတွင် စစ်သားများက အဓမ္မပြုကျင့်ရန် ကြိုးပမ်းသည်အထိ ကြုံတွေ့ခဲ့ရသည်။
လူမှုရေးနှင့် ပရဟိတလုပ်ငန်းများတွင် လုပ်ကိုင်တတ်သည့် မဝင်းဝင်းသည် အာဏာသိမ်းမှုဆန့်ကျင်သည့်ဒေသတွင်း ဆန္ဒပြပွဲခေါင်းဆောင်ဖြစ်လာရာ စစ်ကောင်စီတပ် လက်ကိုင်တုတ်များက ပစ်မှတ်ထားလာကြသည်။
“ကျွန်မလို ၄၊ ၅၊ ၆ ယောက်လောက်ကို ဖမ်းမယ်၊ ဖမ်းမယ်ဆိုတော့ ရှောင်လိုက်၊ အိမ်ပြန်လာလိုက်ပေါ့”ဟု မဝင်းဝင်းက အကြီးအကျယ်ဖမ်းဆီးမှုများ အစပြုသည့်ကာလ အခြေအနေကို ပြောပြသည်။
အာဏာသိမ်းကာစ ကနဦး ၃ လတွင် စစ်ကောင်စီဆန့်ကျင်မှု နိုင်ငံအနှံ့တွင် ပေါ်ပေါက်ခဲ့ရာ မဝင်းဝင်းတို့မြို့တွင်လည်း ဆန္ဒပြပွဲများ အားကောင်းခဲ့သည်။
သို့သော် လက်နက်အားကိုးပြီး အာဏာသိမ်းခဲ့သည့် စစ်တပ်က အသေအကြေပစ်ခတ်ဖြိုခွဲမှုကြောင့် အုံလိုက်ကျင်းလိုက် ငြိမ်းချမ်းစွာဆန္ဒပြမှုများသည် လူနည်းနည်းဖြင့် ပြောက်ကျားဆန္ဒပြကြသည့် အနေအထားသို့ ပြောင်းလဲသွားချိန်၌ မဝင်းဝင်း ပါဝင်နိုင်ခြင်း မရှိတော့ပေ။
ဆန္ဒပြမှုများငြိမ်သက်နေခဲ့ချိန်မှာပင် ဇူလိုင်လအစောပိုင်းကာလများ၌ မြန်မာနိုင်ငံသို့ ကိုဗစ်နိုင်တင်းကူးစက်မှုတတိယလှိုင်း ရောက်ရှိလာရာ မဝင်းဝင်းသည်လည်း ကိုဗစ်ဖြစ်ပွားပြီး နေအိမ်မှာပင် ဆေးကုသမှုခံယူခဲ့ရသည်။
ဖမ်းဆီးခံရမှု
ကိုဗစ်ကူးစက်ခံရမှုကို ကျော်ဖြတ်ပြီးနောက် စက်တင်ဘာလအတွင်း ခရီးထွက်စဉ် ပြင်ဦးလွင်မြို့နယ်ရှိ သူငယ်ချင်းတစ်ယောက်ကို ဖုန်းဆက်လိုက်မိသည်။
အဆက်အသွယ်ပြတ်နေသည်မှာ ကြာနေပြီဖြစ်သည့် ထိုသူငယ်ချင်းသည် ထိုမြို့မှ စစ်အရာရှိကြီးတစ်ဦး၏ အငယ်အနှောင်းဖြစ်နေရာ မဝင်းဝင်းလည်း ပြင်ဦးလွင်မြို့အဝင် ကျောက်ဖြူဂိတ်တွင် အဖမ်းခံလိုက်ရသည်ဟု ဆိုသည်။
“ကားပေါ်ကလူတွေ အကုန်ဆင်းခိုင်းတယ်၊ ကျွန်မကို မဆင်းခိုင်းဘူး။ အိမ်စီးကားအဖြူနဲ့ ယောက်ျားသုံးယောက်က ကျွန်မကို ကားပေါ်က ဆွဲချခေါ်သွားပြီးတော့ မျက်စိကို ပိတ်တယ်၊ နောက်ပြန် လက်ထိတ်ခတ်ပြီး ခေါ်သွားတာ” ဟု သူက ပြောပြသည်။
“ကျွန်မကို ဘယ်ခေါ်သွားမှာလဲဆိုတော့ နင်တို့လိုကောင်မတွေကို နှိပ်ကွပ်တဲ့ဆီ ခေါ်သွားမှာ၊ မမေးနဲ့ဆိုတော့မှ ကျွန်မသိလိုက်ပြီ၊ ငါ့ကို ဖမ်းသွားပြီဆိုတာ”
ခေါ်ဆောင်ခံရသည့်နေရာ ရောက်ချိန်မှစ၍ စတင်ရိုက်နှက်စစ်ဆေးတော့သည်။
လက်နောက်ပြန်တုပ်ပြီး ငုတ်တုတ်ထိုင်လျက် အနေအထားဖြင့် ရိုက်နှက်ခံနေရသည့်ကြားမှ မည်သည့်နေရာအရပ်သို့ ရောက်နေကြောင်း သိလိုသည့်အတွက် အပေါ့အပါးသွားလိုကြောင်း ခွင့်တောင်းသော်လည်း ချက်ချင်းမရ။
အိမ်သာသွားသည့်အချိန်တွင်ပင် မျက်စိကို ဖုံးကွယ်ထားသည့် အဝတ်ကို ဖွင့်ပေးခြင်းမရှိပေ။
မျက်နှာတွင် စည်းနှောင်ထားသည့် အဝတ်စကို ဖယ်ရှားပေးချိန်မှ အခန်းတစ်ခုအတွင်း ရောက်နေသည်ကို သိရှိခဲ့ရသည်။
သို့သော် စက္ကန့်ပိုင်းမျှသာဖြစ်ခဲ့သည်။
“ဖုန်းကကျတော့ ကျွန်မမျက်နှာနဲ့ ပိတ်ထားတာလေ၊ ကျွန်မမျက်နှာ ပိတ်ထား အဝတ်ဖြည်ပေးမှ ရမှာဆိုတော့ သေချာလား၊ လိမ်ရင် အသေသတ်မှာဆိုပြီး ပြောတယ်။ မျက်နှာကို (စည်းထားတဲ့အဝတ်) ဖြည်ချလိုက်တဲ့အချိန် အခန်းတစ်ခန်းဆိုတာတော့ သိလိုက်ရတယ်”
“ချက်ချင်းပဲ ပြန်ပိတ်တယ်၊ ကျွန်မရဲ့ဖုန်းကို မျက်နှာမှာ လာကပ်လိုက်တော့ ဖုန်းက ပွင့်သွားပြီးတော့ ကျွန်မ (ဆန္ဒပြ) လှုပ်ရှားခဲ့တဲ့ (Facebook) ပို့စ်တွေ ပြောရင်းနဲ့ ရိုက်တာ၊ ရိုက်ရင်းပြောရင်း၊ ရိုက်ရင်းပြောရင်းပဲ”
မဝင်းဝင်း၏ ဖုန်းအတွင်းနှင့် လူမှုကွန်ရက်မှ ဓာတ်ပုံများ တွေ့ရှိပြီး အတူတူဆန္ဒပြခဲ့သူများ၊ အာဏာသိမ်းမှုကို ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ပါဝင်သူများကို မေးပြီး ဖော်ထုတ်ခိုင်းခြင်းဖြစ်သည်။
ထို့ပြင် အာဏာသိမ်းမှုကို လက်နက်ကိုင်ဆန့်ကျင်တော်လှန်နေကြသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ဟုတ်မဟုတ်၊ ထိုအဖွဲ့ဝင်များနှင့် အဆက်အသွယ်ရှိမရှိတို့ကိုလည်း မေးမြန်းသည်။
“နင်တို့က ငါတို့အဘကို ဘယ်လိုဆဲထားတာ၊ ဘယ်လိုပြောထားတာ၊ အများကြီးပဲ ပြောတာ၊ ရိုက်တာ။ ကျွန်မက သပိတ်ခေါင်းဆောင်သဘောဖြစ်နေတော့ နင်တို့လို့ သပိတ်ခေါင်းဆောင်ကောင်မတွေဆိုပြီး ဆဲလိုက်၊ ရိုက်လိုက်၊ စောက်ကောင်မဆိုတာမျိုးကအစ ရိုင်းရိုင်းစိုင်းစိုင်းပဲ” ဟု မဝင်းဝင်းက ပြောသည်။
“ကျွန်မက ခန္ဓာကိုယ်က သေးသေးပိန်ပိန်လေးပဲ။ အဲ့ဒါကို တအားရိုက်ကြတော့ ကျွန်မဘယ်လိုမှ မခံနိုင်ဘူး။ နှာခေါင်းသွေးတွေရော၊ နားထဲကရော၊ နောက်ဆုံးသွေးတွေ ဘေးကို စီးကျလာတာ၊ တုတ်မာတွေနဲ့ အကုန်ရိုက်တာပဲ”
ထိုအခန်းတွင်းရှိ ရိုက်နှက်နှိပ်စက်ရာတွင် အသုံးပြုသည့်ပစ္စည်းမျိုးစုံ ရှိနေသည်။
“နင့်ရှေ့မှာ လွှ၊ သေနတ်၊ ခွတွေတွေ ရှိတယ်တဲ့၊ နင်ကြိုက်တာနဲ့ သေလို့ရတယ်လို့ ပြောတယ်။ လွှနဲ့ ကျွန်မခြေသန်းကို တိုက်တယ်၊ တော်တော်နာတယ်။ သူတို့က မေးလိုက်၊ ကျွန်မက လုံးဝငြင်းလိုက်၊ သူတို့က အရမ်းရိုက်လိုက်၊ အဲဒီလိုမျိုး”
ရိုက်နှက်စစ်ဆေးမှုက ညသန်းခေါင်ဝန်းကျင်မှ ရပ်သည်။ နောက်တစ်နေ့တွင်လည်း နံနက် ၇ နာရီခန့်မှ ည ၈ နာရီခွဲခန့်အထိ ဆက်တိုက်နှိပ်စက်ကြသည်။
ကပ်လျက်အခန်းတွင်လည်း စစ်ကြောနှိပ်စက်နေသည်။
“ကျွန်မကိုလဲ နင်တို့အဖွဲ့အချင်းချင်းကကောင်၊ အဲဒီကောင်ရဲ့အသံကို တစ်ညလုံးနားထောင်ဆိုပြီးတော့ အခန်းထဲမှာ ထားတယ်။ ဟိုဘက်ခန်းမှာလဲ အတင်းရိုက်၊ အတင်းနှိပ်စက်ပုံရတယ်။ အော်နေသံ ကြားရတယ်” ဟု သူက ဆိုသည်။
အသံများက နားမခံသာသော်လည်း သူတစ်ယောက်တည်း မဟုတ်ဘူးဆိုသည့်အသိကြောင့် စိတ်သက်သာရာရစေခဲ့သည်။
“အဲဒီအခန်းမှာလူရှိလား၊ လူရှိရင် ကျွန်မကို အသံလေးပေးပါ။ ကျွန်မ အရမ်းကြောက်နေလို့ပါဆိုပြီး ပြောတာ၊ သူတို့ ပြန်ထွက်သွားတဲ့အချိန်ပေါ့နော်၊ ညကြီး ၁၂ နာရီလောက်ကျတော့ ကျွန်မကို အသံလေးပြုပါဆိုပြီး အော်တော့ အမျိုးသားအသံ ချောင်းသံ အဟွန်း အဟွန်းဆိုပြီး ပေးတယ်။ အဲဒီမှာ ကျွန်မ အရမ်းအားရှိသွားတယ်၊ ဩော် ငါ့မှာ အဖော်ရှိသေးပါလားပေါ့၊ အမှောင်ထဲမှာပဲဆိုပေမဲ့လေ။ အဖော်ရှိသေးတယ်၊ အသံလေးကြားရတော့ စိတ်ထဲ သက်သာသွားတာပေါ့”
စစ်ထောက်လှမ်းရေးကို စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဟု အသွင်ပြောင်းဖွဲ့စည်းထားသော်လည်း ပြည်သူလူထုကို ဖမ်းဆီးနှိပ်စက်မှုပုံစံများကတော့ ပြောင်းလဲခြင်း မရှိပေ။ အခန်းနီးချင်းအမျိုးသားကို သူမမြင်ရသော်လည်း မည်သည့်အခြေအနေနှင့် ရင်ဆိုင်နေရသည်ကို အသံများကြောင့် သူခန့်မှန်းနိုင်သည်။
“သူ့ကိုလဲ တော်တော် နှိပ်စက်ကြတာ၊ အသံတွေက တောက်လျှောက်ကြားနေရတာ၊ ဖိနပ်တွေနဲ့ တက်နင်းခံရပုံပဲ၊ အား အား၊ အော်သံတွေနဲ့ မနင်းကြပါနဲ့ဆိုတဲ့ အသံတွေလဲ ကြားရတယ်”
လိင်ပိုင်းဆိုင်ရာ စော်ကားမှု
ညနေပိုင်းတွင်တော့ ရိုက်နှက်စစ်ဆေးရင်းပင် စစ်သားများ သောက်စားမူးယစ်နေကြသံများကို ကြားရသည်။
“အခန်းထဲကို ဝင်လာလိုက်၊ ရိုက်လိုက်၊ ပြန်ထွက်သွားလိုက်၊ အဲဒီကောင်မကို အရက်တိုက်၊ အရက်တိုက်ဆိုတော့၊ ပါးစပ်ထဲကို အတင်းလောင်းထည့်တယ်။ ကျွန်မက လုံးဝမသောက်ဘဲ ထွေးထုတ်၊ ထွေးထုတ်လုပ်တော့ ပါးတွေရိုက်ပေါ့”
အရက်များကို ပါးစပ်အတွင်း လောင်းထည့်ကြရာမှ မဝင်းဝင်းကို လိင်ပိုင်းဆိုင်ရာစော်ကားမှုများ လုပ်လာကြခြင်း ဖြစ်သည်။
“အပေါ်ပိုင်းကို လာကိုင်တာမျိုးလုပ်တယ်။ သူတို့ ကိုင်တယ်၊ ကျွန်မရုန်းတယ်။ ကျွန်မကို သတ်ပစ်လိုက်၊ သတ်ပစ်လိုက်၊ ဒါမျိုးတော့ အလုပ်မခံနိုင်ဘူး အော်တာပေါ့။ ရုန်းတယ်။ သူတို့ထဲကတစ်ယောက်က အင်္ကျီကြယ်သီးကို လာဖြုတ်တယ်”
ရုန်းကန်ကြိုးစားသော်လည်း လွတ်မြောက်နိုင်ဖို့လမ်း သိပ်မရှိပေ။ နောက်ဆုံးကြိုးစားမှုအနေဖြင့် မဝင်းဝင်းက သူ့တွင် ခုခံအားကျရောဂါ HIV ပိုးရှိနေသည်ဟု စစ်သားများကို လိမ်ပြောလိုက်သည်။
“ကျွန်မက ရောဂါသည်အမျိုးသမီးတွေ ကာကွယ်စောင့်ရှောက်ရေး လုပ်နေတဲ့သူဆိုတော့ ဒါက ကျွန်မအတွက် အကာအကွယ်ရနိုင်မလားဆိုပြီး ပြောချလိုက်တော့ သူတို့နောက်တွန့်သွားတာ။ အဲဒီကောင်မက အေဖြစ်နေတာ ဘာညာ၊ သွားမထိနဲ့ဆိုတာမျိုး ဖြစ်သွားတာ။ အပေါ်ပိုင်းပဲလုပ် ဆိုတာမျိုး ပြောနေကြတာ”
မဝင်းဝင်း မုဒိမ်းကျင့်ခံရမည့်ဘေးမှ လွတ်မြောက်သွားခဲ့သည်။
ယင်းအခြေအနေများ အခန်းတွင်းဖြစ်ပွားနေချိန်မှာပင် အခန်းတစ်ခါးဖွင့်သံနှင့်အတူ အမျိုးသားတစ်ဦး၏အသံ ကြားရသည်။ စစ်ကြောမှုကို ရပ်နားပြီး တစ်နေရာရာသို့ ပို့ဆောင်တော့မည့်အကြောင်း ပြောဆိုလာခြင်းဖြစ်သည်။
“ဒီကောင်မကို ပို့တော့မယ်လို့ပြောတာ၊ ဒီငါးခြောက်ပြားမကို မေးနေလဲ ဘာမှရမှာ မဟုတ်ဘူး။ ပို့တော့မယ်လို့ ပြောတာ”
မည်သည့်နေရာသို့ ပို့ဆောင်မည်ကိုလည်း မသိရ၊ စစ်ကြောနေသည့် စစ်သားမျာက “တွင်းတူးပြီးပြီလား”၊ “တူးပြီးပြီ” စသဖြင့် ပြောဆိုကြသည်။ မဝင်းဝင်းအနေဖြင့် လူများကို အရှင်လတ်လတ် မီးရှို့သတ်ခြင်း၊ အရှင်လတ်လတ် မြေမြှုပ်သတ်ခြင်းတို့ကဲ့သို့သော စစ်တပ်၏ ရက်စက်မှုများကို ကြားသိထားဖူးသည်။ ယခု သူကိုယ်တိုင်ကြုံတွေ့ရတော့မည်။
“ငါသေရပြီပေါ့။ ပြောရရင် ငါ သူတို့လက်ထဲမှာ သေရတော့မယ်ဆိုတော့ စိတ်က အရမ်းခံပြင်းလာတာ။ လူကလည်း လုံးဝမရတော့ဘူးဆိုတော့ မတတ်နိုင်ဘူး။ သေရတော့မှာပဲပေါ့။ သူတို့ပြောနေတာကြားပြီး အဲဒီလိုပဲ ထင်နေတာ”
ည ရှစ်နာရီခွဲခန့်အချိန်ဟု ခန့်မှန်းမိသည်။ မဝင်းဝင်း အခန်းကျဉ်းထဲမှ ဆွဲခေါ်ခံလာရပြီးနောက် ကားတစ်စီးပေါ် ရောက်သွားသည်။ သူ့ကို ပြင်ဦးလွင်မြို့မရဲစခန်းသို့ ပို့ဆောင်ခြင်းပင်။
ရဲစခန်းမှတစ်ဆင့် ထောင်သို့ပို့
မဝင်းဝင်း ရဲစခန်းအချုပ်သို့ ရောက်ချိန်တွင် လူက မသေရုံတစ်မည်ရှိတော့သည်၊ လမ်းမလျှောက်နိုင်၊ သတိလွတ်နေပြီဖြစ်သည်။ ရဲစခန်းတွင် ဆရာဝန်တစ်ယောက် ဆေးလာထိုးပေးသည်ဟု သိရသည်။ သတိလည်လာချိန်တွင် အချုပ်သူများနှင့်အတူ နေရသည်။
ထို့နေ့မှာပင် နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က၊ နှင့် ၁၄၅ တို့ဖြင့် အမှုဖွင့်ခံရသည်။
ရဲစခန်းရောက်ပြီး နှစ်ရက်မြောက်တွင် တာဝန်ကျ ဒုရဲအုပ်တစ်ဦးကို တောင်းပန်ခယပြောဆိုပြီး မိသားစုနှင့် အဆက်အသွယ်လုပ်နိုင်ခဲ့သည်။
သူပျောက်နေသဖြင့် စိုးရိမ်သောကဖြစ်နေသော မိသားစုထံ မဝင်းဝင်းက ၆ ရက်မြောက်နေ့တွင် ဆက်သွယ်ကာ သူဘယ်မှာရှိနေသည်ကို ပြောခွင့်ရခဲ့ခြင်းပင်။
ရဲစခန်းတွင် ရက်ပေါင်း ၂၀ ကြာ နေရသည့်ကာလအတွင်း ပြင်ဦးလွင်မြို့နယ်တရားရုံးတွင် ရမန်ယူရုံးထုတ် နှစ်ကြိမ်ထွက်ခဲ့ရသည်။
အောက်တိုဘာလထဲတွင် မန္တလေးအိုးဘိုအကျဉ်းထောင်သို့ ပို့ဆောင်ခံရပြီး သူ့ကဲ့သို့ အမှုရင်ဆိုင်နေရသူတို့နှင့် အတူနေရသည်။
ထောင်တွင်းတရားရုံးသို့ ရောက်စဉ် ရှေ့နေတစ်ဦးက လာရောက်မိတ်ဆက်အားပေးစကားပြောရာမှာ သူ့အမှုအတွက် အကျိုးဆောင်ပေးရန် အကူအညီတောင်းခဲ့သည်။
ရှေ့နေအဖွဲ့ကို မဝင်းဝင်းက စစ်ကြောရေးကာလ အဖြစ်အပျက်တို့ကို ပြောပြဖြစ်ခဲ့သော်လည်း တရားခွင်တွင်မူ စစ်ကြောသူတို့၏ မတော်မတရားပြုမှုအကြောင်း တစ်လုံးတစ်ပါဒမျှ ပြောခွင့်မရခဲ့ပေ။
အောက်တိုဘာလအတွင်း လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်မည့်သူများရှိကြောင်း၊ ပုဒ်မ ၅၀၅ ဖြင့် စွဲဆိုခံထားရသူများ လွတ်မည်ဖြစ်ကြောင်း ထောင်တွင်း ကြားသိသည်။ မဝင်းဝင်းက ပုဒ်မနှစ်ခု စွဲခံထားရသည့်အတွက် ထောင်ထဲ ဆက်နေရဦးမည်ဟု ယူဆထားသည်။
သို့သော် အောက်တိုဘာလမကုန်ခင် နံနက်ခင်းတစ်ခု ထောင်အာဏာပိုင်များကြေညာသည့် လွတ်ငြိမ်းချမ်းသာခွင့်စာရင်းတွင် အခြားအမျိုးသမီးအများအပြားနှင့်အတူ မဝင်းဝင်း၏ အမည် ပါလာသည်။
“လွတ်ငြိမ်းထဲမှာ ကိုယ့်နာမည်ကြားလိုက်တော့ အရမ်းဝမ်းသာတာပေါ့၊ ဘေးကသူငယ်ချင်းတွေကလည်း နင့်နာမည်အော်သွားပြီပေါ့။ ဘာပစ္စည်းမှမယူတော့ဘဲ ဒီအတိုင်း ဝတ်ထားတဲ့အဝတ်အစားနဲ့ပဲ (ထောင်က) ထွက်လာတာ”
တစ်နေရာတည်းတွင် အတူနေ၊ အချင်းချင်း ဖေးမ၊ စားသောက်စရာ မျှဝေခဲ့ကြသူတို့ကို ချန်ထားရမည့် အခြေအနေအတွက်တော့ သူဝမ်းနည်းမိသည်။
ထောင်ရှေ့တွင် အမျိုးသားတစ်ဦးက လိုက်လံကူညီသဖြင့် သူ့ဖုန်းဖြင့်ပင် မိသားစုများထံ ဆက်သွယ်ကာ လွတ်ပြီဖြစ်ကြောင်း အကြောင်းကြားခဲ့ကြသည်။
မေ့ပျောက်ရန်ခက်သည့် စိတ်ဒဏ်ရာများ
ထောင်မှ လွတ်လာပြီဖြစ်သော်လည်း သူ၏စိတ်က အကျဉ်းချခံရသည့်နေရာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရသည့် နေရာသို့ ရံဖန်ရံခါ ပြန်ရောက်သွားသည်။
နာမည်ကျော် စစ်ကြောရေးစခန်းများအနက်မှ မန္တလေးနန်းတွင်းစစ်ကြောရေးတွင် စစ်ထောက်လှမ်းရေးတို့က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အဖွဲ့ဝင်သုံးဦးကို စအိုအတွင်း ဝါးလုံး ထိုးသွင်းသည်အထိ ကျူးလွန်ထားသည်ဟူသော သတင်းလည်း သူထောင်မှ လွတ်ပြီးချိန်တွင် ထွက်လာသည်။
စစ်ကြောရေးကာလတွင် အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှု မည်မျှအထိ ခံခဲ့ရသည်ကို မသိရသေးသော်လည်း လူမဆန်အောင် နှိပ်စက်ခံရသူတချို့ကိုတော့ သူ တွေ့ဖူးသည်။
“ကျွန်မနဲ့ ထောင်ထဲမှာ အတူနေရတဲ့ တစ်ယောက်ဆို ကိုယ်ဝန်က ၇ လ ရှိပြီ။ နန်းတွင်းစစ်ကြောရေးမှာ သူ့ကိုလဲ အရမ်းရိုက်ထားတယ်။ ခါးကို ရိုက်တာ၊ ကိုယ်ဝန်ကတော့ ပျက်ကျမသွားခဲ့ဘူး” ဟု သူက ဆိုသည်။
အမျိုးသမီးများအား ညှင်းပန်းနှိပ်စက်မှုများကို ရှုတ်ချကန့်ကွက်မည်၊ ကာကွယ်ပေးနိုင်ရေး ကြိုးစားမည်ဆိုသည်ကို မလွတ်ခင်ကပင် ဆုံးဖြတ်ထားမိသည်ဟု ဆိုသည်။
“ငါ (ထောင်က) ထွက်ရရင် အမျိုးသမီးတွေကို ကာကွယ်ဖို့ ငါဘာလုပ်ရမလဲ ဟာမျိုး တွေးမိတယ်”
အမျိုးသမီးများကို အကာအကွယ်ပေးချင်သည့် မဝင်းဝင်း စိတ်သွားတိုင်း ကိုယ်မပါသေးပေ။
စစ်ကြောရေးတွင် ရိုက်နှက်ခံရသဖြင့် ရလာသည့် ဒဏ်ရာများက မပျောက်ကင်းသေးသဖြင့် သက်သောင့်သက်သာ လဲလျောင်းအိပ်ရန်ပင် အနိုင်နိုင်။ ယခုအချိန်အထိ နာကျင်လွန်းနေသည်။ ဘယ်ဘက်မျက်စိသည်လည်း မျက်ရည်ပူများစီးကျနေတတ်သဖြင့် ဆေးကုနေရသည်။ ထိုအရာများက ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက်များသာ ရှိနေသေးသည်။
“ဟိုတစ်နေ့က ကျွန်မအရမ်းဖျားတော့ အိမ်က ယောက်ျားသားတွေကို မလာနဲ့မလာနဲ့၊ နင်တို့ အနားကပ်မလာနဲ့ဆိုပြီး အိမ်က မောင်တွေနဲ့ အဖေကို နှင်ထုတ်မိတယ်တဲ့။ ရုန်းကန်အော်ဟစ်နေတာတဲ့ ပြန်ပြောပြကြတယ်”
လက်ရှိတွင်လည်း စိတ်ကျန်းမာရေးကုသနေရသည်။
“စိတ်တွေက အရမ်းကို ဖိအားများနေတာပေါ့နော်၊ အရမ်းအားနည်းတဲ့အချိန် အဖြစ်အပျက်တွေ ပြန်ပေါ်လာပြီး၊ ဖိအားဖြစ်တာဆိုပြီး မိသားစုကို ပြောထားတယ်။ အချိန်ယူပြီးကုရမယ်တဲ့”
မဝင်းဝင်းသည် သမိုင်းတစ်လျှောက် နာမည်ဆိုးလှသည့် စစ်ကြောရေးစခန်းတွင် ၃၆ နာရီကြာ ဖြတ်သန်းလာရသူ ဖြစ်သည်။ စစ်ကြောရေးစခန်းတို့သည် ရက်စက်မှု၊ ရိုင်းစိုင်းမှု၊ ယုတ်မာမှုတို့ဖြင့် နာမည်ကျော်ကြားခြင်းဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် မဝင်းဝင်း အဓမ္မပြုကျင့်ခံရမှုဘေးမှ လွတ်ကင်းခဲ့သည့်တိုင် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုကို ခံခဲ့ရသည်ပင်။
ယခုတော့ မဝင်းဝင်းသည် ဘဝတူ အမျိုးသမီးများကို ကူညီနိုင်၊ အကာအကွယ်ပေးနိုင်ရန် စိတ်ရောကိုယ်ပါ နာလန်ပြန်ထပြီး လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်သည့်ကာလကို စောင့်မျှော်လျက်ရှိသည်။
(* သတင်းရင်းမြစ်များ၏ လုံခြုံရေးအရ အမည်လွှဲဖြင့် ဖော်ပြထားပါသည်)
Original Post: Myanmar Now