12 January 2022
၂၀၂၁ မတ်လ ၂ ရက်နေ့က ရန်ကုန်မှ အာဏာသိမ်းမှုဆန့်ကျင်သူတို့ကို လိုက်လံတိုက်ခိုက်နေသည့် စစ်ကောင်စီတပ်သားများ
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ဇနဖျင်းရွာမှ မောင်ဗလကို သူ့အသက် ၁၀ နှစ်ပြည့်သည့်နေ့တွင် အိမ်သို့ ရောက်လာသော စစ်သားနှင့် ပျူစောထီးတို့က ပစ်သတ်သွားသည်။
By Myanmar Now
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ဇနဖျင်းကျေးရွာကို ယနေ့ (ဇန်နဝါရီ ၁၂) နံနက် ၅ နာရီခွဲခန့်က စစ်ကောင်စီတပ်ဝင်ရောက်စီးနင်းစဉ် ၁၀ နှစ်သားကလေးတစ်ဦးကို ပစ်သတ်သွားသည်ဟု ဆွေမျိုးတော်စပ်သူနှင့် ဒေသခံတို့က ပြောသည်။
ရွာအတွင်း သေနတ်ပစ်ဖောက် ဝင်ရောက်ခဲ့သော လက်နက်ကိုင် ၃၀ ခန့်က ဦးကျော်ဆွေနှင့် ဒေါ်ချိုပြုံးတို့အိမ်အရောက် အိမ်အတွင်းနေသူများကို အပြင်ထွက်ရန် ပြောဆိုရာ ထိုမိသားစုမှ ဒုတိယမြောက်သား မောင်ဗလက တံခါးဖွင့်ပေးစဉ် ပစ်ခတ်ခြင်းဖြစ်သည်ဟု ကလေး၏ အဒေါ်တော်စပ်သူတစ်ဦးက ပြောသည်။
“ကလေးက အရင်တံခါးဖွင့်ပြီး ထွက်ရုံထွက်တာကို ပစ်လိုက်တာ၊ လည်ပင်းမှန်ပြီး တောက်လျှောက် ခွေကျပြီး တစ်ခါတည်း သေသွားတာတဲ့” ဟု ထိုအမျိုးသမီးက ဆိုသည်။
“ဒီနေ့ ၁၀ နှစ်ပြည့်တဲ့နေ့မှာ သေတာတဲ့ရှင့်။ သူ့အမေက ပြောပြောပြီး တအားငိုတာပဲ၊ ရူးတော့မတတ်”
လက်နက်ကိုင်တို့က ကျန် မိဘနှစ်ဦးနှင့် ၇ နှစ်အရွယ် မိန်းကလေးကို ခေါ်ထုတ်ကာ ဒေသခံများကို ဖမ်းထားသည့်နေရာသို့ ပို့ဆောင်ခဲ့သည်။
“ကလေးကို အဲဒီအတိုင်းထားခဲ့တာရှင့်။ တစ်ယောက်တည်းထားခဲ့ပြီး သားအမိသုံးယောက်ကို ဘောလုံးကွင်းထဲကို ခေါ်လာခဲ့တာ။ မိဘတွေကတော့ ဘောလုံးကွင်းထဲမှာ ငိုယိုနေတာပေါ့ရှင့်” ဟု သူက ပြောပြသည်။
သေနတ်သမားတို့က ရွာသူရွာသားအားလုံးကို အိမ်အပြင်ထွက်ခိုင်းပြီး လက်ကိုင်ဖုန်းများကို သိမ်းယူသွားကြကြောင်း၊ ကျေးရွာဘောလုံးကွင်းတွင် စုစည်းနေခိုင်းခြင်းဖြစ်ပြီး နေ့ခင်းဘက် ၎င်းတို့ ထွက်ခွာသွားချိန်မှ နေအိမ်သို့ ပြန်ကြရသည်ဟု သူက ဆက်ပြောသည်။
ထိုကလေး၏ နောက်ဆက်တွဲအခြေအနေ အသေးစိတ်နှင့် ပတ်သက်ပြီး မိဘများ၊ အခြားမျက်မြင်သက်သေများကို Myanmar Now က မေးမြန်းရန် ကြိုးပမ်းသော်လည်း ၎င်းတို့၏ ဖုန်းများ အသိမ်းခံရခြင်း၊ တိမ်းရှောင်ကြရန် ပြင်ဆင်နေခြင်းတို့ကြောင့် အဆက်အသွယ်မရခဲ့ပေ။
“ရွာထဲ ဖုန်းဆိုလို့ မကျန်ခဲ့တော့ဘူး။ ကလေးဓာတ်ပုံလဲ မရိုက်လိုက်ရဘူး” ဟု အဒေါ်ဖြစ်သူက ဆိုသည်။
မောင်ဗလ ပစ်သတ်ခံရမှုနှင့် ပတ်သက်ပြီး မင်းကင်းမြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းသော်လည်း တာဝန်ကျ ရဲဝန်ထမ်းက ဖြေဆိုခြင်း မရှိပေ။
ရွာကို ယနေ့ ဝင်စီးသော စစ်သားများထဲတွင် စစ်တပ်လက်ကိုင်တုတ် အရပ်သား ပျူစောထီးအဖွဲ့ဝင်များလည်း ပါဝင်သည်ဟု သိရသည်။
စစ်တပ်နှင့် ပျူစောထီးအဖွဲ့သည် အိမ်ခြေ ၁၄၀ ခန့် ရှိသော ဇနဖျင်းရွာကို ယခင်ကလည်း ဝင်ရောက်စီးနင်း သောင်းကျန်းလေ့ရှိပြီး ဒေသခံများ ထွက်ပြေးရှောင်တိမ်းခဲ့ရသည်။
အောက်တိုဘာလအတွင်းကလည်း ၎င်းတို့ လာရောက်စဉ် ဆိုင်ကယ်နှင့် စက်ပစ္စည်းအချို့ကို မီးရှို့ဖျက်ဆီးသွားကြကြောင်း၊ ရွာသို့ မလာရောက်တော့သည်မှာ လအနည်းငယ် ကြာပြီဖြစ်၍ ဒေသခံများ ပြန်လည်ဝင်ရောက်နေထိုင်ကြခြင်း ဖြစ်ကြောင်း ဒေသခံနောက်တစ်ဦးက ပြောသည်။
ဩဂုတ်လကလည်း အရက်မူးနေသော စစ်သားများက ၃၉ နှစ်အရွယ် ကိုဇော်မျိုးမြင့်ဆိုသူကို မုံရွာ − မင်းကင်း ပြေးဆွဲသည့် အမြန်ရေယာဉ်များဆိုက်ကပ်ရာ ဆိပ်ကမ်းတွင် အနီးကပ်ပစ်သတ်ခဲ့သည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်၍ နိုင်ငံ့အာဏာသိမ်းပြီးနောက် မင်းကင်းမြို့နယ်မှာ လက်လုပ်သေနတ်များကို အားပြု၍ စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်ခဲ့သည့် ဒေသဖြစ်သလို အာဏာသိမ်းမှု ထောက်ခံသည့် အရပ်သားများကို စစ်တပ်က ကျောထောက်နောက်ခံပေး၍ လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီးအဖွဲ့အားကောင်းရာ ဒေသလည်းဖြစ်သည်။
စစ်ကောင်စီကမူ ပျူစောထီးအဖွဲ့နှင့် ဆက်စပ်မှုမရှိကြောင်း ပြောကြားထားသည်။
ဇူလိုင် ၂၈ တွင် ပျူစောထီးများက အာဏာသိမ်းမှုဆန့်ကျင်သူများ ဟန်ဆောင်၍ လှည့်ဖြားခဲ့သောကြောင့် မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) အဖွဲ့ဝင် ၅၇ ဦး ဖမ်းဆီးခံခဲ့ရသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်တပ်ပိုင် မြဝတီသတင်းစာက PDF ၄ ဦးကို ပစ်ခတ်ဖမ်းဆီးရမိပြီး ၅၃ ဦး ဖမ်းမိခဲ့ကြောင်း သတင်းဖော်ပြခဲ့သည်။
မင်းကင်းမြို့နယ်အတွင်း ပန်းဆက်ရွာနှင့် တောင်ဖြူရွာသည် ပျူစောထီးများအားကောင်းသည့် ရွာများဖြစ်သည်ဟု PDF က ပြောသည်။
Original Post: Myanmar Now
21 May 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.