မြင်းခြံမှ အမျိုးသားတစ်ဦးကို Mytel တိုင်စောင့် စစ်သားများ ရိုက်နှက်သတ်ဖြတ်

မြင်းခြံမှ အမျိုးသားတစ်ဦးကို Mytel တိုင်စောင့် စစ်သားများ ရိုက်နှက်သတ်ဖြတ်

ရန်ကုန်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မတ် ၈ က တွေ့ရစဉ်။ (ဓာတ်ပုံ-EPA)  

အာဏာသိမ်းမှု ထောက်ခံသူတစ်ဦး စစ်သားများနှိပ်စက်သဖြင့် သေဆုံးသွားသည်ဟု ဒေသခံအမျိုးသားနှစ်ဦးက ပြောသည်

By Myanmar Now

မန္တလေးတိုင်း၊ မြင်းခြံမြို့၊ တောပုကျေးရွာတွင် စစ်ကောင်စီတပ်သားတို့ ရိုက်နှက်သဖြင့် အသက် ၄၀ အရွယ် ဦးမောင်ဇော် ဆိုသူ သေဆုံးခဲ့ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသော ဒေသခံနှစ်ဦးက ပြောသည်။

ဇန်နဝါရီ ၆ တွင် မိတ်ဆွေတစ်ဦး၏သားများ ဓားထိုးမှုကို  ဖြေရှင်းပေးရန် အဆိုပါနေအိမ်သို့ ည ၈ နာရီခန့်တွင် ရောက်သွားရာ ကြိုတင်ရောက်နှင့်နေသည့် စစ်ကောင်စီတပ်က ၎င်းကို ရိုက်နှက်ခဲ့သည်။

“ည ၈ နာရီမှ ရောက်လာလို့ဆိုပြီး မသင်္ကာလို့ ရိုက်မေးတာ။ ဒီမှာက ည ၇ နာရီကျော် (အိမ်အပြင်) မထွက်ရဘူး သတ်မှတ်ထားတာ” ဟု အသက် ၄၀ အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ဒဏ်ရာအပြင်းအထန် ရရှိသွားသည့် ဦးမောင်ဇော်မှာ နောက်တစ်နေ့ နံနက် ၄ နာရီတွင် သေဆုံးသွားခဲ့ရသည်။

သားသတ်လုပ်ငန်းလုပ်ကိုင်သည့် ဦးမောင်ဇော်ကို စစ်အာဏာသိမ်းမှု ထောက်ခံသူ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို အားပေးသူအဖြစ် ဒေသခံတို့က သိရှိထားသည်။

အသက် ၄၀ ဝန်းကျင်အမျိုးသား နောက်တစ်ဦးကလည်း စစ်သားများက ဦးမောင်ဇော်ကို သေနတ်ဒင်များနှင့် ထုနှက်ခဲ့ကြသည်ဟု ဆိုသည်။

“ကိုမောင်ဇော်ပြောရင် ရတဲ့ကလေးတွေ ရန်ဖြစ်နေလို့ လှမ်းခေါ်တာ။ သူ့မိန်းမက မသွားပါနဲ့လို့ ပြောတာကို အရေးကြီးလို့၊ အားကိုးလို့ လှမ်းခေါ်တာဆိုပြီး သွားတာ။ ဒင်တွေနဲ့ ဝိုင်းထုတာ” ထိုအမျိုးသားက ပြောသည်။

“သူ ပြောရင်ရတယ်၊ ပိုင်တယ်ဆိုပြီး သွားလုပ်တဲ့အချိန်မှာ အခုလို ဖြစ်တာပဲ”

ဦးမောင်ဇော်ကို ဆေးရုံပို့လိုသော်လည်း စစ်သားများက ခွင့်မပြုခဲ့ဟု ပထမအမျိုးသားက ပြောသည်။

“ရိုက်တာက တအောင့်လေးပဲ ရိုက်တာပါ။ မနက် ၄ နာရီကျ ဆုံးသွားတယ်။ ဆေးရုံသွားဖို့ ပြောတာလည်း မရဘူး။ သူတို့က ခွင့်မပြုဘူး။ အိမ်မှာပဲ ဆုံးသွားတယ်” ဟု သူက ဆက်ပြောသည်။

ဦးမောင်ဇော်အကြောင်း ထိုအမျိုးသားနှစ်ဦး၏ ပြောဆိုချက်နှင့် ပတ်သက်၍ Myanmar Now အနေဖြင့် မိသားစုထံ ဆက်သွယ်၍ မရသေးသောကြောင့် သီးခြားအတည်မပြုနိုင်ပေ။

စစ်ကောင်စီတပ်သား ၁၀ ဦးခန့် တောပုရွာ အ.ထ.က(ခွဲ) စာသင်ကျောင်းတွင် တပ်စွဲထားသည်မှာ လေးလနီးပါးခန့်ရှိပြီဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

တောပုရွာအနီးတွင် အခြားသောကျေးရွာများမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၁ ဦး၊ ဒလန်ဟုဆိုသူ အမျိုးသားတစ်ဦး သတ်ဖြတ်ခံရပြီးနောက် ရွာသို့ရောက်လာခြင်း ဖြစ်သည်။

အဆိုပါစစ်သားများသည် တောပုနှင့် တလုပ်မြို့ကျေးရွာကြားရှိ Mytel တာဝါတိုင်ကိုလည်း စောင့်ကြပ်နေကြသည်ဟု သိရသည်။

စစ်ကောင်စီတပ်သားတို့သည် ရပ်ကွက်ကျေးရွာထဲတွင် မည်သူ့ကိုမဆို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ရန် အသင့်ဖြစ်နေကြရာ  စစ်တပ်က ဖွဲ့ပေးထားသည့် ပြည်ခိုင်ဖြိုးပါတီမှ ပါတီဝင်တချို့ပါ သတ်ဖြတ်ခံနေရပြီး တချို့မှာ ထွက်ပြေးတိမ်းရှောင်နေရသည်။

စစ်ကောင်စီကို လက်နက်ကိုင်ခုခံသူတို့ကလည်း ထိုပါတီဝင်များ စစ်ကောင်စီကို သတင်းပေးသည်၊ အများပြည်သူ နစ်နာစေသည်ဟု ယူဆပါက လုပ်ကြံသတ်ဖြတ်နေသည်။

ဖမ်းဆီး နှိပ်စက်မှု ဖြစ်ရပ်များကို လက်လှမ်းမီသမျှ စုံစမ်းပြီး နေ့စဉ်အချက်အလက် ထုတ်ပြန်နေသည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက စစ်ကောင်စီတပ်သားတို့၏ လက်ချက်ကြောင့် အရပ်သား ၁၄၄၇ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု အသင်း၏ အင်တာနက်စာမျက်နှာတွင် ယနေ့ ဖော်ပြထားသည်။

ထိုအမှုများအတွက် တာ၀န်ခံရမည့် စစ်ဗိုလ်ချုပ်များက ထိုကိန်းဂဏန်းမျိုးကို လက်ခံလေ့ မရှိပေ။


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia