အုတ်ဖိုမှ ဓမ္မဆရာ ပြန်မလွတ်သေးသဖြင့် မိတ်ဆွေများ စိတ်ပူနေ

06 January 2022

Salai E-La lon Wai (Okpho Township)

အုတ်ဖိုမှ ဓမ္မဆရာ ပြန်မလွတ်သေးသဖြင့် မိတ်ဆွေများ စိတ်ပူနေ

ဖမ်းဆီးခံရသည့် ၂၄ နှစ်အရွယ် ဆလိုင်းဧလလုံးဝေ ။ (ဓာတ်ပုံ-Zalen)

ချင်းတိုင်းရင်းသား ဓမ္မဆရာများ ဖမ်းဆီးသတ်ဖြတ်ခံနေရချိန်တွင် ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှ အရှိုချင်း ဓမ္မအမှုတော်ဆောင် ဆက်လက်အဖမ်းခံနေရပြီး မိသားစုက တွေ့ခွင့်မရသဖြင့် စိုးရိမ်စရာဖြစ်နေသည်။

By Myanmar Now

ဒီဇင်ဘာ ၂၈ တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည့် ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှ အရှိုချင်း ခရစ်ယာန်ဓမ္မအမှုတော်ဆောင်တစ်ဦး ပြန်လွတ်မလာသေးသဖြင့် သူ၏ အသက်အန္တရာယ်အတွက် စိုးရိမ်ကြောင်း နီးစပ်သည့် မိတ်ဆွေများက ပြောသည်။

ပေါက်ခေါင်းမြို့နယ် အသင်းတော်တစ်ခု၏ ခရစ်စမတ်ဆုတောင်းပွဲအခမ်းအနားမှ ပြန်လာသည့် ၂၄ နှစ်အရွယ် ဆလိုင်းဧလလုံးဝေ အဖမ်းခံရခြင်းဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် ဆက်စပ်သည်ဟု စွပ်စွဲ ဖမ်းဆီးခြင်းဖြစ်ကြောင်း သူ၏ မိတ်ဆွေတစ်ဦးက ပြောသည်။

“ပြည်မြို့အဝင် စစ်ဆေးရေးဂိတ်မှာ စစ်တဲ့အခါမှာ ဖုန်းထဲမှာ PDF နဲ့ ပတ်သက်တဲ့ လက်နက်ပုံတွေ တွေ့တယ်။ (အဲ့ဒီကနေ ဖမ်းသွားတာ) ယနေ့ထက်ထိပဲပေါ့” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုအမျိုးသားက ပြောသည်။

ဆလိုင်းဧလလုံးဝေကို ပြည်မြို့အခြေစိုက် အင်ဂျင်နီယာတပ်ရင်း ၉၅၉ တွင် စစ်ဆေးမေးမြန်းနေကြောင်းသာ သိရသည်ဟု ဆိုသည်။

မိသားစု၊ ဆွေမျိုးများကလည်း သူနှင့် အဆက်အသွယ် မရကြသေးကြောင်း မိတ်ဆွေများက ပြောသည်။

စစ်တပ်အာဏာသိမ်းထားသည့် ၁၁ လကျော်ကာလအတွင်း စစ်တပ်၏ ဖမ်းဆီး၊ ပစ်ခတ် သတ်ဖြတ်မှုများကြောင့် မကွေးတိုင်း၊ ချင်းပြည်နယ်တို့မှ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တချို့ သေဆုံးခဲ့ရကြောင်း သိရသည်။

ထိုအခြေအနေကြောင့် သူ၏ အသက်အန္တရာယ်အတွက် ပိုမိုစိုးရိမ်နေကြခြင်း ဖြစ်သည်ဟု မိတ်ဆွေများက ပြောသည်။

ဒီဇင်ဘာ ၆ တွင် မကွေးတိုင်း၊ စေတုတ္ထရာမြို့နယ်မှ အရှိုချင်းခရစ်ယာန်ဓမ္မအမှုတော်ဆောင် ၂၆ နှစ်အရွယ် ဆလိုင်းငွေကြာသည် PDF သံသယဖြင့် ဖမ်းဆီးခံရပြီး စစ်ကြောရေး၌ ရက်ပိုင်းအတွင်း သေဆုံးခဲ့သည်။

ဒီဇင်ဘာ ၁၁ တွင် အဖမ်းခံရသည့် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် ခရစ်ယာန်ဓမ္မအမှုတော်ဆောင် ၂၉ နှစ်အရွယ် ကိုအွမ်ကီး အဖမ်းခံရသည်၊ နှစ်ရက်အကြာတွင် သူ၏ ရုပ်အလောင်းကို ဒဏ်ရာများနှင့် လမ်းဘေးတစ်နေရာတွင် ဒေသခံများက တွေ့ရှိခဲ့ရသည်။

မတူပီမြို့နယ်တွင် ဓမ္မဆရာ ငိုင်ကုန်း ဆိုသူသည် ဖမ်းဆီးခံရပြီး ၂ လအတွင်း နိုဝင်ဘာ၌ သေဆုံးခဲ့ရသည်။

PDF ဆက်စပ်မှု သံသယဖြင့် စွပ်စွဲပြီး ဖမ်းဆီး၊ သတ်ဖြတ်ခြင်းတို့ကို လက်ခံနိုင်ဖွယ်ရာ မရှိကြောင်း ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဋ္ဌ သိက္ခာတော်ရဆရာတော် ဒန်းနစ်ငွန်ထောင်းမန်က မှတ်ချက်ပြုသည်။

“သူတို့ရဲ့သိက္ခာ ပိုကျစရာလည်းရှိတယ်။ လူတွေကလည်း ပိုပြီးမုန်းမဲ့သဘော။ ဘာသာရေးပဋိပက္ခဖြစ်စေနိုင်တဲ့အရာလည်းဖြစ်တယ်” ဟု ဆရာတော်က မိန့်သည်။

“လူမျိုးရေးပဋိပက္ခဖြစ်စေနိုင်တဲ့အရာလည်းဖြစ်တယ်။ မလုပ်သင့်တဲ့အရာ ဖြစ်တယ်”

ဒီဇင်ဘာအတွင်း စစ်ကိုင်းတိုင်းကျေးရွာများရှိ အသက် ၁၈ နှစ်အောက် ၂ ဦးအပါအဝင် ဒေသခံ ၁၈ ဦးထက်မနည်း ဖမ်းဆီး မီးရှို့သတ်ဖြတ်ခံထားရသည်။

နိုင်ငံရေးအကျဉ်းသားများကူညီရေးစောင့်ရှောက်မှုအသင်း (AAPP) ၏ မှတ်တမ်းတွင်လည်း ထိုသို့ ဖမ်းဆီးသတ်ဖြတ်မှုကို မှတ်တမ်းတင်ထားသည်ဟု သိရသည်။

အလားတူ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီး မော်တော်ယာဉ်ပေါ်၌ ကလေးငယ်များ အပါအဝင် လူ ၃၀ ကျော် မီးရှို့သတ်ဖြတ်ခံရသည်။

စစ်ကောင်စီတပ်သားတို့၏ လက်ချက်ကြောင့် ကလေးငယ်များအပါအဝင် ပြည်သူအများအပြား သေကျေပျက်စီးလျက်ရှိရာ ထိုအမှုများထဲတွင် နိုင်ငံအနှံ့တွင် ဖမ်းဆီးစစ်ဆေးစဉ် သေဆုံးသဖြင့် မိသားစုကို ရုပ်အလောင်းပြန်လည်ထုတ်ယူစေခြင်း၊ လမ်းမ၌ အလောင်းပစ်ချထားခဲ့ခြင်း၊ အလောင်းဖျောက်ဖျက်ခြင်းတို့ ပါဝင်သည်။

အာဏာသိမ်းအပြီး ပေါ်ပေါက်လာသည့် ထိုဖြစ်ရပ်များကို သတင်းတင်ဆက်စဉ် စစ်ကောင်စီထံမှ တုံ့ပြန်ချက်ရရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရခဲ့ပေ။

ထိုဖြစ်ရပ်များအကြောင်းကို သတင်းအမှောင်ချသည့် စစ်ကောင်စီ၏ ရှင်းလင်းပွဲ တက်ရောက်သူများကလည်း ထိုမတရားမှုများအကြောင်း မေးခွန်းထုတ်ခြင်း မရှိသေးပေ။

PDF လှုပ်ရှားမှုနည်းပါးသော ရခိုင်ပြည်နယ်တွင် ရခိုင့်ဦးဆောင် (AFP) ပါတီမှ ကိုယ်စားလှယ်လောင်းတစ်ဦး အပါအဝင် ၈ ဦးကို PDF သံသယဖြင့် ဖမ်းဆီးကာ အကြမ်းဖက်ဖြင့် အမှုဖွင့်ထားသည်။


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia