ဖမ်းဆီးနှိပ်စက်ခံရသည့် တန့်ဆည်မှ ကျောင်းသား ၂ ဦး မိသားစုနှင့် အဆက်သွယ်ပြတ်နေ

January 5th, 2022  •  Author:   Ko Min Khant Zaw (aka) Ko Min Khant and Ko Aung Pyae Phyo (Taze Township)  •  1 minute read
Featured image

လူမှုကွန်ရက်စာမျက်နှာထက် ထွက်ပေါ်လာသည့် စစ်ကောင်စီက ဖမ်းဆီးနှိပ်စက်ထားသော တန့်ဆည်မှ ကျောင်းသား ၂ ဦး၏ ဓာတ်ပုံ

By ဧရာဝတီ

စစ်ကိုင်းတိုင်း တန့်ဆည်မြို့၌ စစ်ကောင်စီက ပစ်ခတ်ဖမ်းဆီးပြီး နှိပ်စက်ထားသော ကျောင်းသား ၂ ဦးမှာ မည်သည့် နေရာတွင် ဖမ်းဆီးထားကြောင်း စုံစမ်း၍ မရဘဲ မိသားစုနှင့်လည်း အဆက်အသွယ်မရသေးကြောင်း သိရသည်။

၎င်းတို့ ၂ ဦးမှာ ၁၉ နှစ် အရွယ်ရှိ စစ်ကိုင်းပညာရေးကောလိပ်မှ ပထမနှစ်ကျောင်းသား ကိုမင်းခန့်ဇော်(ခ) ကိုမင်းခန့် နှင့် ၁၇ နှစ်ရှိ မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ်မှ ပထမနှစ်ကျောင်းသား ကိုအောင်ပြည့်ဖြိုးတို့ ဖြစ်ပြီး ယမန်နေ့ နံနက်က ခင်ဦးမြို့သို့ ဆိုင်ကယ်ဖြင့်သွားစဉ် တန့်ဆည်မြို့နယ် ငတန်းရွာအနီး စစ်ကောင်စီတပ်များက ပစ်ခတ်ဖမ်း ဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ မည်သည့်အတွက် ဖမ်းဆီးသည်ကိုမူ အသေးစိတ် မသိရသေးကြောင်း ဒေသခံ သတင်းရင်းမြစ် များက ပြောသည်။

ညနေပိုင်း၌မူ ထိုလူငယ် ၂ ဦးကို ဖိအားပေးခြိမ်းခြောက် ညှဉ်းပန်းနှိပ်စက်နေသည့် ရုပ်သံဖိုင်နှင့် ဒဏ်ရာများ ရထား သည့် ဓာတ်ပုံလည်း လူမှုကွန်ရက်တွင် ထွက်လာရာ ၎င်းတို့၏ အသက်အန္တရာယ်အတွက် စိုးရိမ်ရကြောင်း ပညာ ရေးကောလိပ်ကျောင်းသားများ သမဂ္ဂ ကိုယ်စားပြုကော်မတီကလည်း ဆိုသည်။

စစ်ကောင်စီတပ်များနှင့် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်နေသည့် စစ်ကိုင်း တိုင်းတွင် ဒေသခံပြည်သူများအား စစ်ကောင်စီက ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်သည့် ဖြစ်စဉ်များ မကြာခဏ ဖြစ်ပေါ်နေရာ ဖမ်းဆီးခံထားရသည့် လူငယ် ၂ ဦးအတွက် မိသားစုဝင်များကလည်း စိုးရိမ်နေကြသည်။

ကိုမင်းခန့်ဇော်၏ ဖခင်ဖြစ်သူက “တန့်ဆည်မှာလို့ပဲ ကြားထားတယ်။ အခုလောလောဆယ် ဘာမှ မသိရသေးဘူး။ ဘယ်မှာရှိနေလဲ ဆိုတာကို မသိရသေးဘူး။ ကျနော့်သားလေးက လူကလည်း သန်သန်မာမာ၊ ထွားထွားကျိုင်းကျိုင်း မဟုတ်ဘူး။ အလုပ်ကြမ်းကလည်း နင်လားငါလား လုပ်နိုင်တာ မဟုတ်ဘူး။ တအားစိုးရိမ်တာပေါ့။ ခံစားရတာပေါ့ ဗျာ။ ပြောမပြနိုင်လောက်အောင်ပဲ။ အပြစ်မရှိတဲ့လူကို အပြစ်မမြင်ဘဲ ခွင့်လွှတ်ပေးကြဖို့ ပြောချင်ပါတယ်” ဟု ပြောဆို သည်။

သားဖြစ်သူ နေအိမ်မှ ထွက်သွားပြီး ၂ ရက် မြောက်နေ့တွင် ယခုကဲ့သို့ ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။

“ကျနော်နဲ့ အိမ်ရှင်မနဲ့ စကားများတဲ့ အခါကျတော့ သားက စိတ်မကောင်းဖြစ်ပြီးတော့ ထွက်သွားတာ။ ၂ ရက်လောက် ကြာတော့ ဒီလိုကြားလာတော့တာပဲ။ သူထွက်မသွားခင် လွန်ခဲ့တဲ့ ၂ ရက်လောက်မှာကတည်းက ကောက်ရိတ်ဘာ ရိတ် လုပ်နေတာလေ။ တောင်သူလယ်သမား သားသမီးတွေ ဖြစ်တယ်။ ပြီးတော့ ကျနော့် လက်အတွင်းကလည်း ရက် ရှည်လများ ဘယ်မှာမှ မထွက်သွားဖူးပါဘူး” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီ၏ ဝါဒဖြန့် လူမှုကွန်ရက်မီဒီယာများ၌ ပေါ်ထွက်လာသည့် ရုပ်သံဖိုင်တွင် အဆိုပါ လူငယ် ၂ ဦးအား လက် ပြန်ကြိုးတုပ် ထိုင်စေပြီး မင်းကင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မင်းကင်း PDF) မှ ဖြစ်ကြောင်းနှင့် အရေးတော်ပုံ ကျရှုံး ရမည် စသည်ဖြင့် ဖိအားပေး အော်ခိုင်းစေကာ ကိုအောင်ပြည့်ဖြိုး၏ ပေါင်တွင်လည်း ဒဏ်ရာ ရရှိထားသည်ကို တွေ့ရ သည်။

အလားတူ မရှေးမနှောင်း ထွက်ပေါ်လာသည့် ဓာတ်ပုံတွင်လည်း ၎င်းတို့ နှစ်ဦးစလုံးအား လက်ထိတ်ခတ်ပြီး သံကြိုး ဖြင့် ချည်နှောင်ထားသည်ကို တွေ့ရသည့်အပြင် ကိုမင်းခန့်ဇော်၏ ဦးခေါင်း ရှေ့ခြမ်းရှိ ဆံပင်များ အကွက်လိုက် ဖြစ်အောင် ရိတ်ခြင်း (သို့) နုတ်ယူခြင်း ခံထားရသည်ကို တွေ့ရပြီး မျက်နှာတပြင်လုံးမှာလည်း ဖူးရောင်လျက် ရှိသည်။

ပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂ ကိုယ်စားပြုကော်မတီမှ တာဝန်ရှိသူ တဦးက “စစ်အာဏာရှင်ရဲ့ လက်ဝေ ခံ လက်ကိုင်တုတ်တွေက ဒီလောက်အထိ ရက်စက်ယုတ်မာ ကောက်ကျစ်စဉ်းလဲတာကို ကျနော်တို့ အပြင်းအထန် ရှုတ်ချတယ်။ တယောက်ဆိုရင် ကျည်ထိမှန်ထားတယ်။ တယောက်က ဖူးရောင်ဒဏ်ရာတွေနဲ့။ သူတို့ဒဏ်ရာတွေက လည်း ဆေးကုသလို့ရမှာ မဟုတ်ဘူး။ အခုအချိန်အထိ သူတို့အသက်အန္တရာယ် စိုးရိမ်နေရတယ်ပေါ့။ သူတို့ သတ်ပစ် လိုက်မှာတောင် စိုးရိမ်ရတဲ့ အနေအထား ဖြစ်နေတယ်။ အသက်မပြည့်သေးတဲ့ လူငယ် ၁ ယောက်နဲ့ ကျောင်းဆရာဖြစ် မယ့် ကျောင်းသား ၁ ယောက်အနေနဲ့ ဒီလောက်အထိ စစ်ကောင်စီက ရက်စက်ယုတ်မာတာကြီးကို ကျနော်တို့ အနေ နဲ့ လက်သင့် မခံနိုင်ဘူး” ဟု ပြောဆိုသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းတွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုများ ရှိနေသလို ကျေးရွာများသို့ စစ်ကောင်စီက ဝင်ရောက်စီးနင်း ကာ ဒေသခံများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများအပြင် တိုင်းအတွင်း ဒေသခံများ အစုလိုက်အပြုံလိုက် သတ်ဖြတ် ခံရသည့် ဖြစ်စဉ်များလည်း ဖြစ်ပေါ်လျက် ရှိသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၇ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောကျေးရွာမှ ဒေသခံ ၁၀ ဦးကို စစ်ကောင်စီတပ်က နည်းအမျိုးမျိုးဖြင့် ညှဉ်းနှိပ်စက်ပြီးမှ ကြိုးတုပ်ကာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့သည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီ လက်ချက်ဖြင့် သေဆုံးသူ ၁,၄၃၅ ဦးအထိ ရှိပြီဖြစ်ပြီး ဖမ်းဆီးခံထားရသူ ၈,၃၈၅ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ သိရသည်။


Original Post: The Irrawaddy