ဖယ်ခုံတွင် စစ်တပ်ဖမ်းသွားသည့် ရွာသား ၁၉ ဦးအနက် ၂ ဦးသေဆုံး

December 22nd, 2021  •  Author:   U Maung Yo and U Soe Tint (Pekon Township)  •  1 minute read
Featured image

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ရွှေပြည်အေးရွာသား ၁၉ ဦးကို အောက်တိုဘာ ၂၈ တွင် စစ်တပ်က ဖမ်းခေါ်သွားစဉ်။ ဓာတ်ပုံ − ပေးပို့

ရွာသို့ စစ်ကြောင်းဝင်စဉ် ထွက်မပြေးနိုင်သည့် သက်ကြီးပိုင်းအများစု ဖမ်းခံခဲ့ရပြီး အသက် ၆၇၊ ၄၉ နှစ်အရွယ်ရှိ အမျိုးသား ၂ ဦး သေပြီဟူသော သတင်းစကား ဒေသခံတို့ထံ ရောက်လာသည်။

By Myanmar Now

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ရွှေပြည်အေးရွာမှ နှစ်လနီးပါးကြာ အဖမ်းခံထားရသည့် ရွာသား ၁၉ ဦးအနက် ၂ ဦး သေဆုံးသွားပြီဟု သတင်းရကြောင်း ယမန်နေ့ (ဒီဇင်ဘာ ၂၁) တွင် သိရသည်ဟု ဒေသခံတို့က ပြောသည်။

အောက်တိုဘာ ၂၈ တွင် စစ်တပ်က ဖမ်းဆီးသွားပြီး တောင်ကြီးမြို့ အမှတ် ၁ ရဲစခန်းတွင် ထိန်းသိမ်းခံနေရစဉ် ကွယ်လွန်သွားသူတို့မှာ ၆၇ နှစ်အရွယ် ဦးမောင်ယို၊  ၄၉ နှစ်အရွယ် ဦးစိုးတင့်တို့ ဖြစ်သည်ဟု ခိုင်လုံသည့် သတင်းရပ်ကွက်မှ သိရကြောင်း၊ အသေးစိတ်အခြေအနေကို မေး၍ မရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“(အလောင်း) မရဘူး၊ မရဘူး။ သူတို့ ဘာတစ်ခုမှ အကြောင်းမကြားဘူး။ ကျွန်တော်တို့မှာ လိုက်ရှာရတယ်၊ လိုက်စုံစမ်းရတယ်၊ လိုက်မေးရတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဖယ်ခုံဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ဘယ်နားမှာရှိတယ်ဆိုတာလဲ သူတို့မပြောပြဘူး။ သေသွားတဲ့ဟာလည်း သူတို့ပြောပြမှ သိတယ်”

ထို ၁၉ ဦးမှာ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ-ပင်လောင်း လမ်းမကြီးဘေးရှိ ရွှေပြည်အေးရွာအနီး ဒေသကာကွယ်ရေးအဖွဲ့များနှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ပြီး နောက်တစ်ရက်​ အောက်တိုဘာ ၂၈ တွင် ဖမ်းခံရခြင်းဖြစ်သည်။

ထိုရွာသားများကို မျက်လုံးကို အဝတ်စည်းကာ ကြိုးတန်းကိုင် လမ်းလျှောက်စေ၍ စစ်သားတို့က ဖမ်းခေါ်သွားသည့် ဓာတ်ပုံတစ်ပုံလည်း ထိုနေ့က facebook တွင် ပျံ့နှံ့ဖူးသည်။

“ဦးမောင်ယိုကျတော့ ဂေါက်ရောဂါရှိတယ်။ သူက သူများရှောင်တဲ့အချိန်လည်း ကားနောက်မလိုက်နိုင်လို့ သူနောက်ကျကျန်ခဲ့တာ။ သူ့သားသမီးဆိုတာလည်း အပြင်ထွက် အလုပ်လုပ် ရှာစားရတယ်။ အိမ်မှာ သူတစ်ယောက်တည်း ကျန်ခဲ့တာ။ လမ်းလျှောက်လည်း မရဘူး။ ဂေါက်ရောဂါဖြစ်နေလို့” ဟု အထက်ပါ ဒေသခံက ပြောသည်။

ဦးစိုးတင့်မှာလည်း ၎င်း၏မိသားစုဝင်များ ထွက်ပြေးသွားချိန်တွင် မွေးမြူထားသည့် နွားလေးကောင်ကို စောင့်ရှောက်ရန် ရွာထဲတွင် ကျန်ရှိနေစဉ် အဖမ်းခံရခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

“ဒီ ၁၉ ယောက်လုံးက အကုန်လုံး မနေမရ နေခဲ့ ကျန်ခဲ့တဲ့သူတွေပဲ။ ကျန်တဲ့သူတွေက စပါးလှမ်းတယ်။ တစ်ယောက်က အသက် ၉၀ အရွယ် အဘွားကြီးအိုကို စောင့်ကျန်ခဲ့တယ်။ အဲလိုမျိုး တစ်ယောက်မကျန် အကုန်လုံးဖမ်းသွားတာ” ဟု အထက်ပါ ဒေသခံက ဆက်ပြောသည်။

ကျန်ရွာသား ၁၇ ယောက်မှာ တောင်ကြီးမြို့နယ်တွင် ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး ကြီးလေးသည့် ပုဒ်မများဖြင့် တရားစွဲခံရသည်ဟု သိရကြောင်း၊ နိုင်ငံတော်ပုန်ကန်မှု(သို့မဟုတ်) အကြမ်းဖက်မှု ပုဒ်မများဖြစ်နိုင်ကြောင်း ၎င်းက ခန့်မှန်းသည်။

“ရှေ့နေတို့ဘာတို့လည်း ကျွန်တော်တို့ မငှားနိုင်ဘူး ဆင်းရဲတယ်လေ။ ကျွန်တော်တို့က မဟုတ်တာ ဘာတစ်ခုမှ လုပ်ထားတာမရှိဘူးလေ။ လိပ်ပြာသန့်သန့်နဲ့ ထုချေကြပေါ့” ဟု ထိုသူက ဆိုသည်။

အဖမ်းခံရသူ အခြား ၁၇ ဦးမှာ  ဦးဇော်ဂျီဝင်း (၅၉ နှစ်)၊ ဦးစိန်ဝင်း (၅၈ နှစ်)၊ ဦးကြာတိ (၄၉ နှစ်)၊ ဦးစိုးဝင်း (၄၇ နှစ်)၊ ဦးခင်မောင် (၄၄ နှစ်)၊ ဦးမောင်အေး (၄၄ နှစ်)၊ ဦးကြည်လင် (၄၄ နှစ်)၊ ဦးကျော်ဝင်း (၄၃ နှစ်)၊ ဦးအေးမောင် (၄၂ နှစ်)၊ ဦးလှထွန်းဦး (၃၄ နှစ်)၊ ဦးနေမျိုး (၃၉ နှစ်)၊ ဦးအုန်းဖေ (၃၇ နှစ်)၊ ဦးစိုင်းစိုင်း (၃၆ နှစ်)၊ ဦးအောင်မျိုး (၃၂ နှစ်)၊ ကိုပန်းလှ (၂၄ နှစ်)၊ ကိုတင်ထွန်း (၂၃ နှစ်)နှင့် ကိုအုပ်ငယ် (၂၁ နှစ်) တို့ ဖြစ်သည်။

အဖမ်းခံရသူများမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များမဟုတ်သလို နိုင်ငံရေးတွင်လည်း ပါဝင်ပတ်သက်မှုမရှိသည့် သာမန်ရွာသားများသာဖြစ်သည်ဟု KNDF (ဖယ်ခုံဇုန်) တာဝန်ရှိသူနှင့် ဒေသခံအမျိုးသားတို့က အခိုင်အမာပြောသည်။

 ဦးမောင်ယိုနှင့် ဦးစိုးတင့် သေဆုံးသည့် ကိစ္စ၊ ကျန်ရှိသူ ရွာသား ၁၇ ဦး၏ အခြေအနေတို့ကို သိနိုင်ရန် တောင်ကြီးမြို့ အမှတ် ၁ ရဲစခန်းကို Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းဖြေဆိုခြင်းမရှိပေ။

English version.


Original Post: Myanmar Now