22 December 2021
ဓာတ်ပုံ- ပေးပို့
လယ်ဝေးမြို့မှ ကျောင်းဆရာ ဦးလှမင်းမောင် ညပိုင်းတွင် ဖမ်းဆီးခံရပြီး နောက်တစ်နေ့တွင် သေဆုံးပြီဟု ရဲစခန်းက မိသားစုကို အသိပေးခဲ့သည်။ ရုပ်အလောင်း ဓာတ်ပုံရိုက်ခွင့် မပြုပေ။
By Myanmar Now
နေပြည်တော်၊ လယ်ဝေးမြို့၊ အမှတ် (၆) ရပ်ကွက်၊ မဥ္ဇူလမ်းမှ ကျောင်းဆရာတစ်ဦးသည် စစ်ကောင်စီတပ်က ဖမ်းသွားပြီး၂၄နာရီမပြည့်ခင်မှာပင် ဒဏ်ရာများနှင့် သေဆုံးသွားသဖြင့် ယမန်နေ့ (ဒီဇင်ဘာ ၂၁) တွင် နေ့တွင်းချင်း သင်္ဂြိုဟ်ခဲ့သည်ဟု သူ့မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။
CDM ခေါ် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ၃၆နှစ်အရွယ် ဦးလှမင်းမောင်သည် ဒီဇင်ဘာ၂၀ ညပိုင်းက လယ်ဝေးမြို့ပေါ်ရှိ Excellent လက်ဖက်ရည်ဆိုင်တွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။
နောက်တစ်နေ့ နေ့လယ် ၁၂နာရီခန့်တွင် လယ်ဝေးမြို့နယ်ရဲမှူးက မိသားစုကို ခေါ်တွေ့ပြီး ရောဂါအခံဖြင့် သေဆုံးကြောင်း အသိပေးခဲ့သည်ဟု ဖခင်ဖြစ်သူ ဦးခင်မောင်ဒွေးက Myanmar Now ကို ပြောသည်။
“လူငယ်လူရွယ်တစ်ယောက်၊ တက်လူတစ်ယောက်၊ နိုင်ငံသားတစ်ယောက်ဟာ ခဏတာအတွင်းမှာ ညအကောင်း၊ မနက်ခင်းမှာ သူ့အသုဘကို သွားရတယ်ဆိုတော့ အဲ့ဒီအတွက်တော့ အကြီးအကျယ် စိတ်မကောင်းဖြစ်တာပေါ့”
ဟု ဖခင်ဖြစ်သူက ဒီဇင်ဘာ ၂၂ တွင် ပြောသည်။
“အမှုကို စီရင်ဆုံးဖြတ်ပြီးတော့ ပြစ်ဒဏ်စီရင်တာဆို တစ်ပိုင်းပေါ့ဗျာ။ အခုကတော့ စစ်ကြောတာ၊ ပြစ်ဒဏ်စီရင်တာတွေ မရှိဘဲနဲ့ မြန်မြန်ဆန်ဆန်နဲ့ ဆုံးသွားတယ်ဆိုတော့ ဝမ်းနည်းစရာကောင်းတာပေါ့”
မိသားစုနှင့် နီးစပ်သူတစ်ဦးက ဦးလှမင်းမောင်၏ ရုပ်အလောင်းကို မိသားစုဝင် သုံးဦးသာ ကြည့်ရှုခွင့် ရခဲ့ကြောင်း၊ မျက်နှာကိုသာ ပြသခြင်းဖြစ်ပြီး ဓာတ်ပုံရိုက်ခွင့်လည်းမပြုကြောင်း သိရသည်ဟု ပြောသည်။
ရုပ်အလောင်း၏ မျက်နှာတွင် ကွဲပြဲ၊ ဖူးရောင်နေသည့် ဒဏ်ရာများ ရှိနေသည်ဟု သိရကြောင်း သူက ဆက်ပြောသည်။
ဒီဇင်ဘာ ၂၁ ညနေပိုင်းက ကွေ့ကြီးသုသာန်တွင် အစ္စလာမ်ဘာသာဓလေ့ထုံးစံအတိုင်း သင်္ဂြိုဟ်ခွင့်ရသော်လည်း စစ်ကောင်စီက ကန့်သတ်ချက်များစွာ ချမှတ်ခဲ့သည်ဟု ရန်ပြုခံရမည်ကို စိုးရိမ်သဖြင့် အမည်မဖော်လိုသော ထိုအမျိုးသားက ပြောသည်။
ဦးလှမင်းမောင်သည် စစ်အာဏာမသိမ်းခင်က လယ်ဝေးမြို့နယ် မဒေါ့ပင်ကျေးရွာ စာသင်ကျောင်းတွင် မြန်မာစာနှင့် သမိုင်းဘာသာရပ်ကို သင်ကြားပေးသည့် အလယ်တန်းပြကျောင်းဆရာတစ်ဦး ဖြစ်သည်။
ပညာရေးဝန်ထမ်းမိသားစုမှ မွေးဖွားလာသည့် ဦးလှမင်းမောင်သည် မွေးချင်းမောင်နှမ ၇ ဦးအနက် တတိယမြောက်သားဖြစ်ပြီး ကျောင်းဆရာလုပ်သက် ရှစ်နှစ်ရှိပြီဖြစ်သည့် လူပျိုလူလွတ်တစ်ဦး ဖြစ်သည်။
ဖခင်ဖြစ်သူ ဦးခင်မောင်ဒွေးမှာလည်း လူအများရိုသေလေးစားသည့် အငြိမ်းစားအထက်တန်းပြ အင်္ဂလိပ်စာဆရာတစ်ဦးဖြစ်သည်။
ဦးလှမင်းမောင် အထက်တန်းကျောင်းသားဘဝက ဓာတုဗေဒနှင့် ရူပဗေဒ ဘာသာရပ်နှစ်ခုကို သင်ကြားပေးခဲ့ဖူးသည့် ကျောင်းဆရာဟောင်းတစ်ဦးဖြစ်သလို ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ မန္တလေးတိုင်းမဲဆန္ဒနယ်အမှတ် (၁၁) မှ အမျိုးသားလွှတ်တော်အမတ်ဖြစ်သည့် ဦးကျော်မြင့်ဦးက သူ့တပည့်၏ ဖြစ်ရပ်ကြောင့် တုန်လှုပ်ရသည်ဟု ပြောသည်။
“သူ အေးအေးဆေးဆေးနေတဲ့ ပုဂ္ဂိုလ်ဗျာ။ နောက် ပညာတတ်အသိုင်းအဝိုင်းဗျာ။ သူတို့ မသင်္ကာလို့ ခေါ်ယူမေးမြန်းစစ်ဆေးတယ်ဆိုလည်း လူယဉ်ကျေး၊ လူ့အသိုင်းအဝိုင်းနဲ့ ညီအောင် မေးလို့ရတယ်ဗျာ” ဟု ဦးကျော်မြင့်ဦးက မှတ်ချက်ပြုသည်။
ဒီလောက် လူ့တစ်ယောက်ရဲ့ အသက်ကို ကြက်ကလေး၊ ငှက်ကလေးလောက်တောင် တန်ဖိုးမထားဘဲနဲ့ ယုတ်မာရက်စက်စွာ ဒီလိုလုပ်တာကြတော့ ပြောစရာစကားလုံးကို ရှာမတွေ့ဘူး”
ဦးလှမင်းမောင် သေဆုံးရသည့်အကြောင်းရင်း သေမှုသေခင်းကို မိသားစုက သိလိုသော်လည်း ယနေ့ နေ့လယ်အထိ သိခွင့်မရသေးပေ။
ထိုကိစ္စနှင့် ပတ်သက်ပြီး လယ်ဝေးမြို့နယ်ရဲစခန်းကို Myanmar Now က ယနေ့ညနေပိုင်းတွင် သုံးကြိမ်တိတိ ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့နှင့် ပတ်သက်ဆက်နွယ်သည်ဟူသော စွပ်စွဲချက်များဖြင့် စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် အရပ်သားပြည်သူများ စစ်ကြောရေးတွင်သေဆုံးမှု ခပ်စိပ်စိပ်ဖြစ်ပေါ်နေသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက ဆရာ ဦးလှမင်းမောင်အပါအ၀င် ပြည်သူ ၁၃၆၂ ဦးထက်မနည်း စစ်ကောင်စီတပ်သားတို့၏ လက်ချက်ကြောင့် သေဆုံးခဲ့သည်ဟု ယနေ့ သတင်းထုတ်ပြန်ထားသည်။
Original Post: Myanmar Now
04 April 2025
31 March 2025
30 March 2025
17 March 2025
17 March 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.