21 December 2021
Ko Min Khant Kyaw
By ဝေယံမိုး
ထောက်ပို့သူရဲကောင်း မင်းခန့်ကျော် – ပုံ (၁)
မင်းခန့်ကျော်ဟာ အသက်ငယ်သေးတော့ ကာကွယ်ရေးတပ်တွေက သူ့ကိုတိုက်ပွဲထဲမခေါ်ကြပါဘူး။ အဲဒီတော့ သူ့တာဝန်က ရိက္ခာတွေပို့သည့် ထောက်ပို့ လုပ်ကိုင်ရတာဖြစ်သည်။
အဲဒီနေ့ညကတော့ ရှေ့တန်းကတုတ်ကျင်းမှာ သူပုန်းခိုနေခဲ့ရာကနေ တိုက်ပွဲဖြစ်ချိန်မှာ မမျှော်လင့်ထားသည့် အဖြစ်ဆိုးကြုံလိုက်ရသည်။
မင်းခန့်ကျော်ဟာ ဒဿမတန်းဖြေဆိုထားသည့် လူငယ်တစ်ယောက်ဖြစ်သည်။ ကျဘမ်းလုပ်ကိုင်စားသောက်ကြတဲ့ မိဘများ၏ သားသမီးလေးယောက်အနက် သူက တတိယမြောက်သားဖြစ်သည်။
နွေဦးတော်လှန်ရေး လက်နက်ကိုင် တိုက်ပွဲများတွင် စစ်ကိုင်းတိုင်းဒေသကြီး ကနီနယ်သည်လည်း သွေးရဲလှသည်။
ထောက်ပို့သူရဲကောင်း မင်းခန့်ကျော် – ပုံ (၂)
ဒီဇင်ဘာ ၁၇ ရက်နေ့ညက ဒီနယ်မှာ ညအပူချိန်က ၁၄ ဒီဂရီအထိကျဆင်းကာ ချမ်းအေးလှသည်။
ထိုနေ့ညကလည်း ချင်းတွင်းမြစ်ကြောင်းအတိုင်းစုန်ဆင်းလာသည့် ကျောက်စိမ်းများတင်ဆောင်လာသော စစ်ကောင်စီရေယာဉ်တန်းအား ခြုံခိုတိုက်ခိုက်ရန် ဒေသခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက စောင့်နေခဲ့ကြသည်။
” အဲဒီညက ရိက္ခာတွေလာပို့တော့သူ့ကိုတွေ့လိုက်တယ်။ ဒီမစ်ရှင်ထဲသူ့တာဝန်မပါတော့ သူပြန်သွားတယ်ပဲထင်တာ။ မနက်လင်းမှ ကတုတ်ကျင်းလေးထဲကွေးကွေးလေး ပုန်းနေတာ၊ သူ့ကို ပြန်လွှတ်မှာဆိုးလို့။ သူကိုယ်တိုင်တိုက်ချင်လို့ အခွင့်တောင်းတာလည်း အကြိမ်ပေါင်းမနည်းတော့ဘူး။ အဲ့တော့ ကျွန်တော်လည်း ပြန်မလွှတ်ရက်တော့ဘူးပေါ့ဗျာ” ဟု အာဠာဝက ပြောက်ကျားအဖွဲ့ခေါင်းဆောင်က မဇ္ဈိမကို ပြောပြသည်။
ထောက်ပို့သူရဲကောင်း မင်းခန့်ကျော် – ပုံ (၃)
ဒီဇင်ဘာလ ၁၈ ရက် နှင်းကွဲစ မနက်ခင်းအချိန် ပြောက်ကျားတပ်ဖွဲ့များ၏ ပစ်ကွင်းအတွင်းသို့ စစ်ကောင်စီ ကုန်တင်ရေယာဉ်တန်းများ (ဒေသအခေါ် ဖလက်ခွံများ) ရောက်ရှိလာသည်။
တော်လှန်ရေးသမားတို့က အားကုန်ပစ်ခတ်တိုက်ခိုက်ကြသလို စစ်ကောင်စီတပ်ကလည်း လက်နက်ငယ် လက်နက်ကြီး မျိုးစုံဖြင့် တရစပ် ပြန်ပစ်သည်။
” ပေါက်ပေါက်ဖောက်သလိုပါပဲဗျာ၊ မနားတမ်းကို ပစ်ကြတာ။ လက်နက်ကြီးတွေကလည်း ကမ်းပါးပေါ်ကို အုံးကနဲ အုံးကနဲနဲ့ နောက်တော့ ကျွန်တော်တို့ နောက်ပြန်ဆုတ်ကြရတာပေါ့” ဟု ပြောက်ကျား ခေါင်းဆောင်က ပြောသည်။
ထောက်ပို့သူရဲကောင်း မင်းခန့်ကျော် – ပုံ (၄)
စစ်ကောင်စီတပ်ကလည်း ပစ်အားနဲ့ဖိချိန် တပ်ဆုတ်ရာမှာ တော်လှန်ရေးတပ်ဖွဲ့များ လူစုကွဲသည်။
” လူတချို့ပြန်ဆုံကြတော့ ကိုယ့်အဖွဲ့ကသူတွေကိုပြန်စစ်ကြတာပေါ့။ အဲ့ကြမှ သူတစ်ယောက်မရှိဘူးဖြစ်နေတယ်။ အချို့ကတော့ အခြားအဖွဲ့နဲ့ပါသွားတယ်ဆိုပြီးပြောတယ်။ အဲ့ဒီအချိန်မှာပဲ နောက်တစ်ဖွဲ့ကခေါင်းဆောင်က ဒဏ်ရာရတဲ့သူတစ်ယောက်ရှိတယ်။ ခင်ဗျားတို့တက်ပြီးစွဲပေးပါဆိုပြီးပြောလာတယ် သူပြောတဲ့နေရာကို ကျွန်တော်တို့အဖွဲ့တွေ သွားရှာကြတာပေါ့” ဟု တိုက်ပွဲတွင်ပါဝင်သူတစ်ဦးက ပြောသည်။
အကာအကွယ်မရှိသည့် နေကြာခင်းတစ်ခုတွင် လူတစ်ယောက်လဲနေသည်ကို တွေ့ကြရသည်။ အနားရောက်သည့်အခါ သေနတ်ဒဏ်ရာများဖြင့်လဲနေသူမှာ မင်းခန့်ကျော်ဖြစ်နေသည်။
ထောက်ပို့သူရဲကောင်း မင်းခန့်ကျော် – ပုံ (၅)
အသက်မဲ့နေသောခန္ဓာကိုယ်၏ ညာဘက်ရင်အုံတွင် စနိုက်ပါဒဏ်ရာနှင့် ညာဘက်နားရွက်နောက်တည့်တည့်မှ မြေကြီးသို့ ထုတ်ချင်းပေါက်နေသည့် ဒဏ်ရာများတွေ့ရသည်။
” ဒဏ်ရာရထားသူတစ်ယောက်ကို အနီးကပ်သေချာကို ကျည်ပြန်ဖြည့်ပြီးမှ ပစ်ထားတာဗျာ။ ကျည်ခွံတွေရော၊ ကျည်ဆန်ဗူး အခွန်တွေရော အဲ့ဒီအနားမှာတွေ့ရတယ်” ဟု ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်ကပြောသည်။
” သိပ်ကိုရက်စက်လွန်းပါတယ်ဗျာ။ ဒါတွေဟာ မင်းအောင်လှိုင်ကြောင့်ဖြစ်ရတာ။ ဒီလိုလူငယ်တွေ အများကြီးဆုံးရှုံးနေရတာ” သူကထပ်ပြောသည်။
ထိုတိုက်ပွဲတွင် အာဠာဝကပြောက်ကျားတပ်ဖွဲ့မှ အခြားရဲဘော် ငါးဦးလည်း ဒဏ်ရာရကြသည်။
ဒီဇင်ဘာလ ၁၉ ရက်နေ့ မနက်ခင်းတွင် ထောင်ဂဏန်းရှိသည့် လူအုပ်ကြီးမှ ရွာလယ်လမ်းအတိုင်း တရွေ့ရွေ့ချီတက်နေကြသည်။ မင်းခန့်ကျော်၏ နာရေးအား လိုက်ပါပို့ဆောင်နေကြခြင်းဖြစ်သည်။
ထောက်ပို့သူရဲကောင်း မင်းခန့်ကျော် – ပုံ (၆)
ခေါင်းတလားအား အနက်ရောင် ဝမ်းဆက်ဝတ်ဆင်ထားသည့် လူငယ်ခြောက်ဦးက ထမ်းထားကြသည်။ ငြိမ်သက်ဝမ်းနည်းစွာလမ်းလျှောက်လာသည့် ထိုလူအုပ်ကြီးထဲတွင် မင်းခန့်ကျော်၏မိခင်ဖြစ်သူမှ အော်ဟစ်ငိုကြွေးသံကို မှတ်တမ်းတင်ထားသော ဗီဒီယိုတွင်တွေ့ကြရသည်။
“သားရေ ငါ့သားလေးရေ အမေတို့ကို ထားခဲ့ပြီလား။ အမေတို့ဘယ်လိုနေရမှာလဲ ငါ့သားလေးရယ် အမေတို့ကိုတောင်နုတ်ဆက်မသွားပါလား” ဆိုသည့် သူ့အမေငိုသံက ရင်နင့်စရာဖြစ်သည်။
ရွာသုသာန်ရှိ အုတ်ဂူလေးအနီး ကုက္ကိုပင်အောက် လူထောင်နှင့်ချီသည့် ရဲဘော်များက အလေးပြုခဲ့ကြသည်။
” ပြည်သူ့အတွက်အသက်ပေးတိုက်ပွဲဝင်သွားသော ရဲဘော်မင်းခန့်ကျော်၊ သင်၏ သတ္တိနှင့်စိတ်ဓာတ်ကို ပြည်သူများနှင့်အတူ ကျွန်ုပ်တို့မှ အလေးပြုပါသည်။ ရဲဘော်အတွက်သွေးကြွေးကို တော်လှန်ရေးမပြီးဆုံးမချင်း ကျွနုပ်တို့ပေးဆပ်ပါမည်ဟုကတိပြုပါသည်” ဟု အနီရောင်အောက်ခံ ကြယ်ဖြူတစ်ပွင့်ပါသည့် အလံအောက်တွင် တပ်သားတစ်ဦးက အမိန့်ပြန်သည်။
ထောက်ပို့သူရဲကောင်း မင်းခန့်ကျော် – ပုံ (၇)
” ကမ္ဘာမကျေဘူး ငါတို့သွေးနဲ့ရေးခဲ့ရတဲ့မော်ကွန်းတွေ…” သီချင်းသံက ဟိန်းညံလျက် သူ့အား ဂုဏ်ပြုတေးဆိုကြသည်။ .
အစ်ကိုဝမ်းကွဲတစ်ယောက်ကတော့ ” ကျနော့်အနေနဲ့ကတော့ နောက်ဘဝများလူပြန်ဖြစ်ရင် ဒီလိုခေတ်ဆိုး စနစ်ဆိုကြီးနဲ့မကြုံပါစေနဲ့ ၊ သူလိုချင်တဲ့ ဒီမိုကရေစီရှိတဲ့နိုင်ငံမှာ လူပြန်ဖြစ်ပါစေလို့ဆုတောင်းပါတယ်။” ဟု ပြောသည်။
ချင်းတွင်းမြစ်ကြောင်းတွင် ကျောက်စိမ်းတင်သင်္ဘောများကို လုံခြုံရေးယူလိုက်ပါသော အကြမ်းဖက် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားနေသည်မှာ နှစ်လတာအထိကြာမြင့်လာပြီဖြစ်ပြီး တိုက်ပွဲပေါင်း ၃၀ ကျော်ရှိပြီဖြစ်သည်။
ပြင်းထန်းသည့် ထိုတိုက်ပွဲများတွင် စစ်ကောင်စီတပ်မှအသေများသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတွင်လည်း ထိခိုက်ကျဆုံးမှုများရှိခဲ့သည်။
Original Post: Mizzima – News in Burmese
04 April 2025
13 March 2025
28 February 2025
25 February 2025
25 February 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.