21 December 2021
နယ်ခြားရွာ၊ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး နေအိမ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်က ဘေးအိမ်တွင် နေထိုင်သော အသက် ၄၀ အရွယ် ကိုစိုးဟိန်းကို နေအိမ်သို့ ဝင်ရောက်ကာ သေနတ်ဖြင့် ပစ်သတ်ခြင်းဖြစ်သည်။
မြင်းခြံမြို့၊ နယ်ခြားရွာတွင် စစ်တပ်က ၎င်းတို့ ခေါ်စစ်ဖူးသော တောင်သူတစ်ဦးကို ၃ ရက်အကြာတွင် သွားရောက် သတ်ဖြတ်ခဲ့သည်ဟု ဆိုသည်၊ စစ်ကောင်စီထံမှ တုံ့ပြန်ချက် မရသေးပေ။
By Myanmar Now
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ နယ်ခြားရွာတွင် တပ်စွဲထားသော အာဏာသိမ်းစစ်ကောင်စီတပ်နှင့် အဖွဲ့က အသက် ၄၀ အရွယ် တောင်သူတစ်ဦးဖြစ်သူ ကိုစိုးဟိန်းကို နေအိမ်တွင် ဝင်ရောက်၍ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဆွေမျိုးနီးစပ်တော်သူအမျိုးသားနှစ်ဦးက ယနေ့ (ဒီဇင်ဘာ ၂၁) တွင် ပြောသည်။
ဒီဇင်ဘာ ၁၉၊ ည ၇ နာရီခန့်တွင် ထိုအိမ်သို့ သွားရောက်ပစ်ခတ်ခဲ့သည့် ထိုအဖွဲ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ စစ်တပ်ဘက်တော်သား ပျူစောထီးလက်နက်ကိုင်အဖွဲ့မှ အဖွဲ့ဝင်နှစ်ဦးပါဝင်သည်ဟု သိရသည်။
ကိုစိုးဟိန်းရင်ဘတ်တွင် ပစ်ခတ်ခံရသည်ဟု သိရကြောင်း လုံခြုံရေးအရ အမည်မဖော်လိုကြသော ဆွေမျိုးတစ်ဦးနှင့် ဒေသခံတစ်ဦးက မျက်မြင်သက်သေများကို ကိုးကား၍ ပြန်လည်ပြောပြသည်။
“အကြောင်းမဲ့ အိမ်ထဲကို ဝင်ပြီး ပစ်ခတ်သွားတာ” ဟု အသက် ၂၅ နှစ်အရွယ် ဒေသခံတစ်ဦးက ပြောသည်။
မည်သူက ပစ်ခတ်သည်ကို မသိရသေးပေ။
သူ၏ နေအိမ်မှာ စစ်ကောင်စီတပ် တပ်စွဲထားသော အသက် ၄၀ အရွယ် ကျေးရွာအုပ်ချုပ်ရေးမှူး မောင်ထွန်း၏ နေအိမ်နှင့် ဘေးချင်းကပ်လျက်လည်း ဖြစ်၏။
စစ်ကောင်စီတပ်က ကိုစိုးဟိန်း အပါအဝင် ရွာသားလေးဦးခန့်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် အဆက်အသွယ်ရှိမရှိ သိနိုင်ရန် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနေအိမ်သို့ ခေါ်ဆောင်ကာ ရိုက်နှက်မေးမြန်းခဲ့ဖူးကြောင်း၊ မေးမြန်းပြီး သုံးရက်အကြာတွင် ကိုစိုးဟိန်း သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း အသက် ၄၀ ဝန်းကျင် ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။
“ရွာမှာ ၇ ယောက် တပ်စွဲထားတယ်။ ဘေးတစ်ရွာကျော်တွေမှာလည်း တပ်စွဲထားတယ်။ လေးဖက်လေးတန်မှာ တပ်စွဲထားတာ။ သူ့အိမ်ကလည်း တပ်စွဲထားတဲ့ သူကြီးအိမ်နဲ့ စည်းရိုးလေးပဲ ခြားတာ။ အဲဒါ ရိုက်မေးပြီးတော့ သူကလည်း တောင်သူဆိုတော့ မသိဘူးပဲ ဖြေတာပေါ့” ဟု ဆွေမျိုးတော်စပ်သူက ပြောသည်။
“အဲလို ရိုက်မေးတယ်ဆိုပြီး လျှောက်ပြောပြတာ၊ အဲဒါ သူကြီးကနေ ပြန်သိသွားတယ် ထင်ပါတယ်၊ အိမ်ကို ဝင်ပစ်သွားတာ”
ကိုစိုးဟိန်း၏ ရုပ်ကလာပ်ကို ယမန်နေ့က ဆူးခြံကုန်းသုသာန်၌ သင်္ဂြိုဟ်ခဲ့ပြီး အသက် ၄၀ အရွယ် ဇနီး၊ ၂၂ နှစ်နှင့် ၁၅ နှစ်အရွယ် သမီးနှစ်ဦး၊ ၈ နှစ်နှင့် ၂ နှစ်အရွယ် သားနှစ်ဦးတို့ ကျန်ရစ်ကြောင်း ဆွေမျိုးတော်စပ်သူနှစ်ဦးထံမှ သိရသည်။ သေဆုံးသူ ကိုစိုးဟိန်းသည် နိုင်ငံရေးလှုပ်ရှားမှု မရှိသလို ရပ်ရွာတွင် နိုင်ငံရေးနှင့်ပတ်သက်၍ ငြင်းခုန်မှုပင် မရှိသူတစ်ဦးဖြစ်သည်ဟု ဆွေမျိုးနီးစပ်တော်စပ်သူများက ပြောသည်။
နယ်ခြားရွာတွင် အာဏာသိမ်းစစ်ကောင်စီတပ်က တပ်စွဲထားဆဲဖြစ်သောကြောင့် သေဆုံးသူ၏ ဇနီးနှင့် ရွာခံများက သတင်းဌာနသို့ အင်တာဗျူးဖြေဆိုရန် ငြင်းဆန်သည်။
ဒေသခံတို့၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကိုင်းဒေသကြီးရဲတပ်ဖွဲ့၊ စစ်ကောင်စီ ပြန်ကြားရေးတာဝန်ရှိသူတို့ကို ဖုန်းဆက်မေးမြန်းရန် ကြိုးပမ်းသော်လည်း တယ်လီဖုန်းဖြေဆိုကြခြင်း မရှိပေ။
နိုဝင်ဘာ ၂၉ ရက်နေ့ကလည်း မြင်းခြံမြို့၊ ကိုင်းမြောက်ရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်က ရိုက်နှက်နှိပ်စက်သဖြင့် ရွာသားတစ်ဦး ဖမ်းဆီးခံရပြီး ၂၄ နာရီအတွင်း သေဆုံးခဲ့သည်။
အအေးပတ်သေဆုံးသည်ဟု စစ်သားများက သတင်းလွှင့်ထားသည်။
ဗိုလ်ချုပ်မင်းအောင်လှိုင်ခေါင်းဆောင်သည့် စစ်တပ်က ဖေဖော်ဝါရီ ၁ တွင် အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရပြီး စစ်ကြောရေး၌ နှိပ်စက်ခံရသဖြင့်၂၄ နာရီအတွင်း သေဆုံးခဲ့ရသူများတွင် ဦးဇော်မြတ်လင်း၊ ဦးခင်မောင်လတ်၊ ကိုအေးကို၊ ကိုအောင်မြင့်လှိုင်၊ ကဗျာဆရာ ခက်သီ၊ ကိုမင်းမင်း၊ ကိုမျိုးဇော်ဇော်၊ ဇေယျာလင်း၊ မိုင်နွမ်ဇာထျန်၊ ကိုဇော်ထက် (ခေါ်) ဆလိုင်းဗန်ထာကျုံ၊ ကိုဇင်ကိုထွန်း၊ သက်နိုင်ဦး၊ မျိုးမြင့်သန်း၊ ခင်မောင်ကြည်၊ ကိုထက်ဇော်လင်းတို့၏ သေဆုံးမှုကို Myanmar Now က အတည်ပြု သတင်းဖော်ပြနိုင်ခဲ့သည်။
စစ်ကောင်စီ၏ ဖမ်းဆီးမှု၊ ညှင်းပန်းနှိပ်စက်မှု၊ သတ်ဖြတ်မှုဆိုင်ရာ အချက်အလက်များကို လက်လှမ်းမီသလောက် စုံစမ်းနေသည့် အဖွဲ့များထဲတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) လည်း ပါဝင်သည်။
ရရှိသော အချက်အလက်များကို နေ့စဉ်ထုတ်ပြန်နေရာ စစ်ကောင်စီတပ်လက်ချက်ကြောင့် ပြည်သူ ၁၃၅၁ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ယနေ့ ဒီဇင်ဘာ ၂၁ တွင် AAPP က ထုတ်ပြန်ထားသည်။
ဗိုလ်ချုပ်မင်းအောင်လှိုင်အပါအ၀င် စစ်ကောင်စီတာဝန်ရှိသူတို့က AAPP အသင်း၏ ကိန်းဂဏန်း မှန်ကန်မှုမရှိဟု တုံ့ပြန်ခဲ့ဖူးသည်။
နိုင်ငံအနှံ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့၏ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုများအတွက် တာဝန်အရှိဆုံးသူမှာ အာဏာသိမ်း စစ်ကောင်စီတပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖြစ်သည်။
Original Post: Myanmar Now
21 May 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.