စစ်ကောင်စီတပ်က ဒီပဲယင်းမှ ရွာသား ၄ ဦးကို သတ်ဖြတ်

စစ်ကောင်စီတပ်က ဒီပဲယင်းမှ ရွာသား ၄ ဦးကို သတ်ဖြတ်

သတ်ဖြတ်ခံထားရသည့် ရွာသားနှစ်ဦးကို ယနေ့ ဒီဇင်ဘာ ၁၀ ညနေက တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)  

စစ်ကောင်စီက ကြည်းတပ်၊ လေတပ်ဖြင့်ပါ ထိုးစစ်ဆင်ခံနေရသည့် ဒီပဲယင်းမြို့နယ်တွင် ရွာသား ၄ ဦးကို သတ်ဖြတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်၊ စစ်ကောင်စီထံမှ တုံ့ပြန်ချက် မရသေးပေ။

By Myanmar Now

ယနေ့ (ဒီဇင်ဘာ ၁၀) နံနက်တွင် စစ်ကောင်စီတပ်သားများက စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှ ရွာသား ၄ ဦးကို ကြိုးတုပ်ပြီး နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့က နဂါးတွင်းကျေးရွာ၌ ရောက်ရှိတပ်စွဲနေသည့် အင်အား ၁၀၀ ခန့် ရှိသည့် စစ်ကြောင်းက ၎င်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့ဝင်များ မဟုတ်မှန်း သိလျက်နှင့် သတ်ဖြတ်ခဲ့သည်ဟု စစ်ဘေးရှောင်များအရေး ကူညီပေးနေသူ ဒီပဲယင်းဒေသခံ ကိုဇီးရိုးက ပြောသည်။

“သူတို့ကို လက်နက်ကိုင်တိုက်နေတဲ့ PDF မို့လို့ သတ်တာ၊ ဖြတ်တာ၊ မီးရှို့တာမျိုးလည်း မဟုတ်ဘူး။ အပြစ်မဲ့ပြည်သူတွေကိုလည်း လမ်းမှာ တွေ့ရင်တွေ့သလို သတ်တယ်” ဟု ၎င်းက ဆိုသည်။

“အိမ်တို့၊ တဲတို့ဆိုတာလည်း သူတို့ စိတ်မထင်ရင်မထင်သလို မီးရှို့တယ်။ ဒီလို ရက်စက်ယုတ်မာတဲ့ လူတွေရဲ့ လက်အောက်က လွတ်မြောက်ဖို့ကတော့ သူတို့ကို အနိုင်ရသည်အထိ တော်လှန်တဲ့နည်းလမ်းတစ်လမ်းပဲ ရှိတော့တယ်”

သတ်ဖြတ်ခံရသူများမှာ နဂါးတွင်းရွာမှ မောင်တိုး၊ မောင်မိုး၊ ဦးကံညွန့်နှင့် ဦးကျော်ဝင်းတို့ ဖြစ်ကြပြီး စစ်ကြောင်းပြန်လည်ထွက်ခွာသွားပြီး ယနေ့ညနေပိုင်း၌ ဒေသခံများက ရွာအတွင်း ပြန်လည်ဝင်ရောက်ကြည့်ရှုခဲ့ချိန်တွင် သတ်ဖြတ်ခံထားရသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

၎င်းတို့၏ အသေးစိတ်အချက်အလက်များရရှိရန် Myanmar Now က ဆက်လက်ကြိုးစားနေဆဲဖြစ်ပြီး စစ်ကောင်စီ ပြန်ကြားရေးဌာနသို့ ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းပြန်လည်ဖြေဆိုခြင်း မရှိပေ။

ထို့ပြင် ကျေးရွာအတွင်း စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၆၀ အရွယ် သီလရှင်တစ်ပါးလည်း ကြောက်လန့်သေဆုံးခဲ့သည်ဟု ဒေသခံများကို ကိုးကား၍ ကိုဇီးရိုးက ပြောသည်။

ရွာအတွင်းတစ်နေရာ၌ သေဆုံးနေသည့် ရွာသားတစ်ဦးကို ဒီဇင်ဘာ ၁၀ ညနေက တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)  

အဆိုပါ စစ်ကြောင်းသည် နဂါးတွင်းကျေးရွာမှတစ်ဆင့် ဝန်းရံ၊ ကုန်းရိုးနှင့် အင်ဘုတ်ကျေးရွာများသို့ ဆက်လက်ချီတက်သွားပြီး ဖြတ်သန်းလာရာ လမ်းတစ်လျှောက်ရှိ လယ်ပြင်ကွက်၊ သက်ကယ်၊ ဝန်းရံ ကျေးရွာများကို တစ်ရွာဝင်တစ်ရွာထွက် မွှေနှောက်လာခဲ့သည်။

ထိုနောက် ယနေ့ ညနေတွင် အင်ဘုတ်ကျေးရွာသို့ ရောက်ရှိတပ်စွဲနေသောကြောင့် ဒေသခံရွာသားများမှာ တိမ်းရှောင်နေရသည်ဟု အင်ဘုတ်ရွာသားတစ်ဦးက ပြောသည်။

“ရွာမှာတော့ အိမ်တွေထဲမှာ ဝုန်းဒိုင်းနဲ့တော့ အသံတွေကြားနေရတယ်။ သူတို့ကလည်း မထွက်သေးတော့ (ရွာထဲ) ဝင်လည်း မကြည့်ဝံ့ဘူး။ ရွာပြင်ကနေပဲ လှမ်းကြည့်နေရတယ်” ဟု ၎င်းက ဆိုသည်။

အင်ဘုတ်ကျေးရွာသို့ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်မွှေနှောက်ဖျက်ဆီးနေသည်မှာ ၅ ကြိမ်ရှိနေပြီဖြစ်ပြီး လက်ရှိတွင် အများအပြားမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ထိုအင်ဘုတ်ရွာသားက ဆက်ပြောသည်။

ထို့ပြင် ဒီပဲယင်းအနောက်မြောက်ဘက် နှောဒေသတွင်လည်း အင်အားရာချီသည့် စစ်ကောင်စီစစ်ကြောင်းသည် ဆည်လည်၊ ဆည်တော ရွာများကို ဝင်ရောက်မွှေနှောက်ဖျက်ဆီးနေပြီး ဒေသခံများ ထွက်ပြေးနေရသည်။

စစ်ကောင်စီသည် နိုဝင်ဘာ ၈ မှစ၍ စစ်ရဟတ်ယာဉ် ၆ စင်း အသုံးပြုကာ ဒီပဲယင်းမြို့နယ်အနောက်ခြမ်းတွင် စစ်အင်အား ၁၅၀ ခန့် လာရောက်ချထားခဲ့ပြီး နယ်မြေစိုးမိုးမှုရရှိရန် အစွမ်းကုန်ကြိုးပမ်းနေခြင်းဖြစ်သည်။

ထိုသို့ စစ်အင်အားဖြည့်ပြီး နောက်တစ်ရက်နံနက်ပိုင်းတွင် ဝန်းရံကျေးရွာမှ နေအိမ်တစ်လုံး၊ ကုန်းရိုးကျေးရွာမှ နေအိမ် ၄ လုံးကို စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးခဲ့သည်။

ဒီဇင်ဘာ ၇ ကလည်း ​​ဒီပဲယင်းမြို့အနောက်ဘက် ၈ မိုင်ခန့်အကွာရှိ ကျေးရွာများကို ကြည်းတပ်၊ လေတပ် အသုံးပြု ထိုးစစ်ဆင်တိုက်ခိုက်နေရာ ဒေသခံအများအပြား စစ်ဘေးရှောင်နေရသည်။

ဒီပဲယင်းဒေသအတွင်း စစ်တပ်က လတ်တလော သတ်ဖြတ်၊ ဖျက်ဆီး၊ မီးရှို့မှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က နှုတ်ဆိတ်နေဆဲဖြစ်သည်။

ဇူလိုင်လဆန်းပိုင်းကမူ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဗိုလ်ကြီးအေးသဇင်မြင့်က PDF တို့ကြောင့် ဒေသခံများ ထွက်ပြေးရခြင်းဖြစ်သည်ဟု ပြောထားသည်။

“လုံခြုံရေးတပ်ဖွဲ့ဝင်တွေလာရင် ဖမ်းဆီးမယ်၊ ရိုက်နှက်ညှဉ်းဆဲမယ် စသည်ဖြင့် ခြောက်လှန့်ထားတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ကျေးရွာအနီး ရောက်တာနဲ့ ဒေသခံပြည်သူတွေ ထွက်ပြေးကြတဲ့အခြေအနေကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဒီလိုဖြစ်အောင်လည်း တမင်ဖန်တီးနေတာဖြစ်ပါတယ်။ စစ်ဘေးရှောင်ရွာတွေဆိုတဲ့ အသုံးအနှုန်းဟာ အနောက်မျှော်မီဒီယာတွေ အမြဲသုံးနေကျဖြစ်ပါတယ်” ဟု သူက ဆိုသည်။


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia