ဆားလင်းကြီးတွင် စစ်ကောင်စီစစ်ကြောင်းက ဒေသခံ ၁၁ ဦးကို မီးရှို့သတ်ဖြတ်

ဆားလင်းကြီးတွင် စစ်ကောင်စီစစ်ကြောင်းက ဒေသခံ ၁၁ ဦးကို မီးရှို့သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဒုံးတောကျေးရွာတွင် ဒီဇင်ဘာ ၇ ရက်က စစ်တပ်က မီးရှို့သတ်ဖြတ်သွားသည့် ဒေသခံရုပ်အလောင်းများ။ (ဓာတ်ပုံ − ပေးပို့)

ကွမ်းခြံတစ်ခုတွင် ပုန်းခိုနေစဉ် စစ်တပ်က ဖမ်းဆီးသတ်ဖြတ်သည့်အထဲတွင် အသက် ၁၄ နှစ်မှ ၂၂ နှစ်အရွယ် ၉ ဦးပါဝင်ပြီး ဝိုင်းဝန်းရိုက်နှက်၍ အရှင်လတ်လတ်မီးရှို့သည်ဟု ဒေသခံတို့က ပြောသည်။

By Myanmar Now

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဒုံးတောကျေးရွာတွင် ယနေ့ (ဒီဇင်ဘာ ၇) နံနက်ပိုင်းက အင်အား ၁၀၀ ခန့်ရှိ စစ်တပ်ဝင်ရောက်စီးနင်းစဉ် ရွာသား ၁၁ ဦး အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံခဲ့ရသည်။

ချင်းတွင်းမြစ်တစ်ဖက်ကမ်း လက်ပံတောင်းတောင်မြောက်ဘက်ရှိ ကံကုန်း၊ ဒုံးတောရွာအနီးတွင် ယမန်နေ့မှစ၍ နှစ်ရက်ဆက် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီးနောက် ထိုသို့စီးနင်းဝင်ရောက်ကာ မီးရှို့သတ်ဖြတ်ခြင်းဖြစ်သည်ဟု သိရသည်။ ထိုမီးရှို့သတ်ဖြတ်ခံရသည့်ဖြစ်စဉ်နှင့် ပတ်သက်၍ ဒေသခံ ၉ ဦးထက်မနည်းကို Myanmar Now က ဆက်သွယ်မေးမြန်းထားသည်။

“စစ်ကြောင်းထိုးလို့ ထွက်ပြေးလာတဲ့ သူတို့တွေက ဒီတဲလေးမှာ ခဏခိုနေကြတာ။ အဲဒါကို စစ်တပ်က ဝိုင်းပြီးရိုက်နှက်ပြီး မီးပါပုံရှို့သွားတာဗျာ” ဟု ရုပ်အလောင်းများကို သင်္ဂြိုဟ်ရန် စီစဉ်နေသည့် ဈာပနကိစ္စကူညီလုပ်ဆောင်နေသူတစ်ဦးက ပြောသည်။

စစ်တပ်က ရွာသား ၁၁ ဦးကို ရိုက်နှက်၍ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဆားလင်းကြီး PDF အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ထိုအချက်ကို ဒုံးတောရွာကာကွယ်ရေးအဖွဲ့ခေါင်းဆောင်ကလည်း အတည်ပြုပြီး သတ်ဖြတ်ခံရသူများတွင် လက်နက်ဟူ၍ တုတ်တစ်ချောင်းပင် မရှိခဲ့ဟု ဆိုသည်။

“အခုဟာက ဒီကောင်တွေက မသေမချင်း ရိုက်သတ်တာ။ ရိုက်ပြီးတော့ မသေမရှင်တွေကို မီးနဲ့ ရှို့သတ်သွားတာ။ မီးနဲ့ ရှို့တာ။ ကလေးတချို့ဆို အသက်တောင်မပြည့်သေးပါဘူးကွာ” ဟု အခြေအနေအရ ကိုယ်ထူကိုယ်ထစုစည်းထားသည့် ထိုရွာကာကွယ်ရေးအဖွဲ့ခေါင်းဆောင်က ပြောသည်။

ထိုသို့ သတ်ဖြတ်ခံရသူအများစုမှာ အသက် ၂၀ အောက်လူငယ်များဖြစ်ကြသည်။ စုစုပေါင်း ၁၁ ဦးမှာ အသက် ၄၀ အရွယ် လေဖြန်းနေသည့် ဝေဒနာသည်တစ်ဦး၊ အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ဦး၊ ၁၇ နှစ်အရွယ် လူငယ် ၄ ဦး၊ ၂၀ ဝန်းကျင်အရွယ် ၄ ဦးနှင့် ၃၀ အရွယ်တစ်ဦးဖြစ်သည်။

ရိုက်နှက်ပြီး မီးရှို့သတ်ဖြတ်ခံရသူအားလုံးမှာ အမျိုးသားများဖြစ်ပြီး လေဖြန်းနေသူမှအပ ကျန်သူများမှာ ရွာကာကွယ်ရေးအဖွဲ့ဝင်များဖြစ်သည်ဟု အထက်ပါခေါင်းဆောင်က အတည်ပြုသည်။

မီးလောင်ကျွမ်းနေသည့် ရုပ်အလောင်းများအနက် အသက် ၁၇ နှစ်အရွယ် ကိုသန်းမြင့်အောင်တစ်ဦးကိုသာ ၎င်းဝတ်ဆင်လေ့ရှိသည့် နားကပ်ကြောင့် ခွဲခြားနိုင်ပြီး ကျန်သူများမှာ မည်သူမည်ဝါမှန်း ခွဲခြားမသိနိုင်တော့လောက်အောင် လောင်ကျွမ်းခံထားရသည်ဟု ထိုသူက ဆက်ပြောသည်။

လူငယ် ၁၀ ဦးစလုံးမှာ ကိုဗစ်နိုင်တင်းကပ်ရောဂါကာလအတွင်း ဒေသတွင်း စေတနာ့ဝန်ထမ်းများဖြစ်ကြောင်း ဖေဖော်ဝါရီ ၁ စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် ကျေးရွာကာကွယ်ရေးထမ်းဆောင်နေကြကြောင်းလည်း ၎င်းက ဆိုသည်။

သေဆုံးသူများကို စစ်တပ်က သတ်ဖြတ်ပြီးမှ မီးရှို့ခဲ့ခြင်း သို့မဟုတ် အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခြင်း ဟုတ်မဟုတ်ကိုမူ Myanmar Now အနေဖြင့် လတ်တလော သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

မိသားစုဝင်များနှင့်လည်း အဆက်အသွယ်မရသေးပေ။

ရုပ်သံမှတ်တမ်း

ဒေသခံအချို့ Myanmar Now ထံ ပေးပို့လာသည့် ရုပ်သံမှတ်တမ်းများအရ ယာတဲတစ်လုံးရှိရာ နေရာတွင် ကြိုးတုပ်၍ မီးရှို့သတ်ဖြတ်ထားခြင်းဖြစ်သည်။​ အချို့ရုပ်အလောင်းများမှာ မီးလောင်ကျွမ်းဆဲဖြစ်ကာ မီးရှို့ထားရာနေရာနှင့် မနီးမဝေးတွင် ခြောက်သွေ့ခြင်း မရှိသေးသည့် သွေးကွက်များကိုလည်း ရုပ်သံမှတ်တမ်းများတွင် အထင်အရှားတွေ့မြင်ရသည်။

ကိုးကား − ဒုံးတောရွာ ဒေသကာကွယ်ရေးအဖွဲ့

ဒုံးတောရွာ ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်၏ အဆိုအရ မီးရှို့ထားသည့်နေရာမှာ သေဆုံးသူများ ပုန်းခိုနေသည့် ကွမ်းခြံတစ်ခြံဖြစ်ကြောင်း သိရသည်။

“ကွမ်းခြံတွေထဲမှာ ကလေးတွေက လွတ်ရာလွတ်ကြောင်းနေတာပေါ့။ သူတို့ဆီ လာလို့လာမှန်းမသိဘဲ အနားရောက်မှ သိတော့ အဖမ်းခံရတာ။ သေနတ်နဲ့ ပစ်သတ်တာ မဟုတ်ဘူး။ မသေမချင်း ရိုက်သတ်တာ” ဟု ၎င်းက ပြောသည်။

မည်သို့ဖြစ်ပွားခဲ့သလဲ 

ဒုံးတောရွာမြောက်ဘက် ပေ ၁,၀၀၀ ကျော်အကွာရှိ မြောက်ယမားချောင်းကူးတံတားအနီးတွင် ယနေ့ နံနက် ၇ နာရီမှ ၁၁ နာရီအတွင်း မိုင်းသုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီစစ်ကြောင်းက တောနင်းရှာဖွေခဲ့ခြင်းဖြစ်သည်ဟု ရွာကာကွယ်ရေးအဖွဲ့ခေါင်းဆောင်က ပြောသည်။​

ထို့နောက် ၁၁ နာရီဝန်းကျင်တွင် ကွမ်းခြံအတွင်းရှိ ဒေသခံ ၁၁ ဦးကို စစ်တပ်က ဖမ်းမိသွားကာ ထိုနေရာတစ်ဝိုက်တွင် နာရီဝက်ခန့် သေနတ်သံများ ဆက်တိုက်ကြားရပြီးနောက် မီးတောက်များကို အဝေးမှ မြင်ခဲ့ရကြောင်း ၎င်းက ပြောသည်။

အခြားသော ဒေသခံများ၏ အဆိုအရ စစ်တပ်က ယနေ့နံနက် ၈ နာရီခန့်မှစ၍ ပုသိမ်−မုံရွာလမ်းမနှင့် ပုလဲနှင့် ယင်းမာပင်မြို့နယ်ဘက်သို့ သွားရာ လမ်းဆုံအနီးတစ်ဝိုက်တွင် တပ်ဖြန့် ဝင်ရောက်နေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဒုံးတော၊ ကျေးစာကျ၊ ကံကုန်း၊ အောင်မိုး စသည့် ရွာ ၉ ရွာခန့်မှ ပြည်သူများ ထွက်ပြေးကြရသည်ဟု ဒေသခံတို့က ပြောသည်။

“မြောက်ယမားချောင်းတံတားပေါ်ကနေပြီး ခြေလျင်စစ်ကြောင်းထိုးလာတာ။ ကားလည်းပါတယ်။ လက်နက်ကြီးနဲ့ စစ်သေနတ်တွေရော (ပစ်) ဆွဲသွားတာပေါ့” ဟု ဒုံးတောနှင့် ရွာချင်းကပ်လျက်ရှိ ယင်းမာပင်မြို့နယ်အတွင်းမှ ကျေးစာကျ ရွာသားတစ်ဦးက ပြောသည်။

ဒေသခံ ၁၁ ဦး အစုအပြုံလိုက်မီးရှို့သတ်ခံရသည့် ဒုံးတောရွာသည် ချင်းတွင်းမြစ်ကမ်းဘေးရှိ ရွှေမြင်တင်တောင်သို့ လယ်ကွင်းပြင်ဖြတ်ပြေးရသည့် ပြေးပေါက်တစ်ခုတည်းသာ ရှိသဖြင့် ထိုသို့အဖြစ်ဆိုးကြုံရခြင်းဖြစ်ကြောင်း ဒေသခံများက သုံးသပ်သည်။

ကွမ်းခြံနှင့် ကြက်သွန်စိုက်ပျိုးသည့် လုပ်ငန်း အဓိကလုပ်ကိုင်သည့် ဒုံးတောရွာပတ်လည်တွင် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်နှင့် တရုတ်ပိုင် ဝမ်ပေါင်ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းလုပ်ကိုင်နေသော ကြေးစင်တောင်ကြေးနီထုတ်လုပ်ရေး စီမံကိန်းရှိသည်။ ထိုစီမံကိန်းမှ ခြံစည်းရိုးက ရွာပတ်ဝန်းကျင်ကို ကန့်သတ်ထားသည်။

“(ရွှေမြင်တင်တောင်) အဲဒီကို ပြေးတာ။ ကန်လယ်ပြင်(လယ်ကွင်းပြင်) ဘက်မှာပဲ ပစ်သတ်ခံရပြီး လယ်တဲထဲကို ထည့်ပြီးတော့ မီးရှို့သတ်သွားတဲ့ ပုံစံရှိတယ်” ဟု အသက် ၃၀ အရွယ် ဒုံးတောရွာသားတစ်ဦးက ၎င်း၏အမြင်ကို ပြောသည်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဒုံးတောကျေးရွာတွင် ဒီဇင်ဘာ ၇ ရက်က စစ်တပ်က မီးရှို့သတ်ဖြတ်သွားသည့် ဒေသခံရုပ်အလောင်းများ။ (ဓာတ်ပုံ − ပေးပို့)

နံနက် ၇ နာရီခန့် စစ်ကြောင်းမထိုးမီ မြောက်ယမားချောင်းတံတားပေါ်မှ စစ်သားများ ရမ်းသန်းပစ်ခတ်မှုကြောင့် ကံကုန်းကျေးရွာဘုန်းကြီးကျောင်းရှိ သံဃာတစ်ပါး လက်တွင် ဒဏ်ရာရသည်ဟု ရွာခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ထွက်ပြေးနေရတာဆိုတော့ ဘုန်းကြီးမှန်တာကျတော့ (ကိုယ်တိုင်) မြင်တာ။ လက်ပေါက်သွားတယ်လို့ ပြောတယ်။ လက်ကတော့ သေချာမကြည့်လိုက်ရဘူး”ဟု ၎င်းက ပြောသည်။

စစ်တပ်သည် ညနေပိုင်းတွင် ဒုံးတောရွာနှင့် တစ်မိုင်ကျော်အကွာရှိ လေးညှင်းတောင်တွင် တပ်စွဲထားသည်ဟု ဒုံးတောနှင့် ရွာနီးချုပ်စပ်ရှိ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ပြည်သူမဲပေးရွေးချယ်ထားသည့် အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီးနောက် ၁၀ လကျော်အတွင်း စစ်တပ်သည် ၎င်းတို့ကို ဆန့်ကျင်သူများကို အပြင်းထန်ဆုံးနှိမ်နင်းနေသည်။

စစ်ကိုင်းတိုင်းအတွင်း ထောင်ပေါင်းများစွာသော ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည့်ပြင် ဒုံးတောရွာသားများ မီးရှို့သတ်ဖြတ်ခံရသည့်ဖြစ်စဉ်နည်းတူ လူမဆန်သော ရက်စက်ကြမ်းကြုတ်မှုများကိုလည်း စစ်တပ်က မကြာခဏ ကျူးလွန်လျက်ရှိသည်။

ထိုသို့ အစုအလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို စစ်တပ်က စစ်ကိုင်းတိုင်းအတွင်းရှိ ကနီမြို့နယ်တွင် သုံးကြိမ်ထက်မနည်း ကျူးလွန်ခဲ့သည်။

အောက်တိုဘာလလယ်မှစ၍ စစ်ကိုင်းတိုင်းနှင့် စပ်လျက်ရှိသည့် ချင်းပြည်နယ်သို့ စစ်ကောင်စီက အင်အားအလုံးအရင်းပို့လွှတ်နေပြီး အနော်ရထာဟု အမည်ပေးထားသည့် စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲနေသည်။ ထိုစစ်ဆင်ရေးအတွင်း စစ်ကိုင်းတိုင်းတွင် စစ်တပ်က အရပ်သားများကို လေကြောင်းကပင် တိုက်ခိုက်နေသည်။

အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်းမရှိသေးသလို ဖမ်းဆီးခံရသူရှိမရှိ အတည်မပြုနိုင်သေးပေ။

(ခင်ရီရီဇော်၊ မောင်ရွှေဝါ၊ ဇော်ရဲသွေး၊ ဝသုန်ငြိမ်းအေး ပူးပေါင်းရေးသားသည်)

English version.


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia