ကိုယ်လွတ်မြောက်ရေးထက် လူနာကို ပြုစုကုသရင်း ဖမ်းဆီးခံသွားသူ အင်းစိန်ကြက်ခြေနီသူနာပြု ၊ GTC ကျောင်းသူ မမြကြူကြူသင်း

06 December 2021

Ma Mya Kyu Kyu Thin (Insein Township)

ကိုယ်လွတ်မြောက်ရေးထက် လူနာကို ပြုစုကုသရင်း ဖမ်းဆီးခံသွားသူ အင်းစိန်ကြက်ခြေနီသူနာပြု ၊ GTC ကျောင်းသူ မမြကြူကြူသင်း

By ရန်ကုန်ခေတ်သစ်

GTC ကျောင်းသူ မမြကြူကြူသင်း

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မှာ ဒီဇင်ဘာလ ၅ ရက်နေ့ စစ်ကောင်စီက ဆန္ဒပြလူငယ်တွေကို ကားနဲ့တိုက်သတ်တဲ့ ဖြစ်စဉ် ဖြစ်ပွားချိန်မှာ မမြကြူကြူသင်းနဲ့ သူငယ်ချင်းတစ်စု အဲဒီဖြစ်ရပ်နားမှာ ရှိနေပါတယ်။

အရှိန်ပြင်းပြင်းနဲ့ လူငယ်တွေကို စစ်ကားက ဝင်တိုက်သွားချိန်မှာ မမြကြူကြူသင်းရဲ့ သူငယ်ချင်း မောင်အာကာကျော်လည်း ကားတိုက်ခံရပြီး လွင့်စင်သွားခဲ့ပါတယ်။ အခြားသူတွေလည်း အနည်းနဲ့အများဆိုသလို ထိခိုက်မှုတွေ ရှိသွားပါတယ်။

အင်းစိန်ရွာမမှာ နေထိုင်တဲ့ မမြကြူကြူသင်း

ကားမတိုက်ခံရပေမယ့် ရဲနဲ့ စစ်သားတွေက သေနတ်နဲ့ပစ် လိုက်ဖမ်းကြတာကြောင့် လူငယ်တွေ ခမျာ အသက်လုပြီး ပြေးလွှားကြရပါတယ်။ 

အဲဒီအချိန်မှာ အများပြေးသလို မပြေးဘဲ သူငယ်ချင်းဖြစ်သူ မောင်အာကာကျော်နဲ့ အခြားလူငယ်တွေကို ပြုစုရင်း ကျန်ရစ်ခဲ့သူတစ်ဦးရှိနေပါတယ်။

ကိုယ်လွတ်မြောက်ရေးထက် လူနာတွေ့ရင် မကူဘဲ မနေနိုင်ခဲ့သူက အင်းစိန်ကြက်ခြေနီအသင်းမှ ၁ ပွင့်အဆင့်ရှိ မမြကြူကြူသင်းပဲ ဖြစ်ပါတယ်။

“ညီမလေးရဲ့ စိတ်ဓာတ်ကို ကျမသိတယ်။ လူနာမြင်ရင် သူဘယ်တော့မှ ပစ်မထားတတ်ဘူး။  သူမှ မဟုတ်ပါဘူး။ ကြ က်ခြေနီအဖွဲ့သားတွေစိတ်က အမြင်မတော်ရင် ကိုယ်တတ်တဲ့ပညာနဲ့ ဘယ်လူနာမဆို ပစ်မထားရက်ကြဘူး။ ဓာတ်ပုံနဲ့ ဗီဒီယိုတွေမှာ သူလူနာတွေကို ဖေးမနေတာ ကျမမြင်လိုက်တယ်။ သူ့လွတ်လမ်းထက် လူနာတွေကို ကူညီရင်း သူအဖမ်းခံလိုက်တယ်ဆိုတာ ကျမ ပြောနိုင်ပါတယ်” လို့ ဆိုလာသူကတော့ မမြကြူကြူသင်းနဲ့ အတူ လုပ်ကိုင်နေသူ ကြက်ခြေနီအဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။

မမြကြူကြူသင်းက ကြက်ခြေနီအဖွဲ့ဝင်

အင်းစိန်ရွာမမှာ နေထိုင်တဲ့ မမြကြူကြူသင်းက အင်းစိန်မြို့နယ်ကြက်ခြေ နီအသင်းရဲ့ ငယ်မွေးခြံပေါက် အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အသက် ၂၀ နှစ်သာရှိသေးပေမယ့် ငယ်စဉ်ကတည်းက ကြက်ခြေနီအသင်းဝင်ခဲ့တာကြောင့် အခုအချိန်မှာ တစ်ပွင့် အဆင့်ရှိ ကြက်ခြေနီအဖွဲ့ဝင်တစ်ဦးတောင်ဖြစ်နေပါပြီ။

“အဖွဲ့ဝင်တွေထဲမှာလေ ညီမလေးက စိတ်ဝင်စားပြီးအထက်မြက်ဆုံးပဲ။ ကျွန်မတို့ ၂ယောက်လုံး Covid ကာလမှာအင်တိုက်အားတိုက် လုပ်အားပေးခဲ့ကြတာပါ။ ကျမက လုပ်ငန်းခွင်တစ်ဖက်နဲ့ဆိုတော့ ညီမလေး မမြကြူကြူသင်းလောက် စိတ်ရောလူပါ မနှစ်နိုင်ခဲ့ဘူး ။ ကြ က်ခြေနီမှာ လူမျိုး၊ လူတန်းစားမခွဲခြားရဆိုတဲ့ မူဝါဒ ကို ပေါ်လွင်အောင် အလုပ်လုပ်နိုင်တဲ့ ညီမလေးပဲ” လို့ မမြကြူကြူသင်းအကြောင်းကို ပြန်ပြောင်းပြောပြပါတယ်။

မမြကြူကြူသင်းက ကြက်ခြေနီအဖွဲ့ဝင်ဖြစ်တဲ့အပြင် အင်းစိန် GTC ကျောင်းသူတစ်ဦးလည်းဖြစ်ပါတယ်။ အင်းစိန်GTI ကျောင်းသားသမဂ္ဂကလည်း  G.T.I Insein 2G-EP ကျောင်းသူတစ်ဦးဖြစ်တဲ့ မမြကြူကြူသင်းသည် ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းမှာ အဖမ်းခံလိုက်ရကြောင်း တရားဝင်ကြေညာချက်တွေ ထုတ်ပြန်နေပြီဖြစ်ပါတယ်။

အင်းစိန်ကြက်ခြေနီသူနာပြု ၊ GTC ကျောင်းသူ မမြကြူကြူသင်း

အင်းစိန်မြို့နယ်ကြက်ခြေနီအသင်းဘက်မှာလည်း မမြကြူကြူသင်းသတင်းကြောင့် ရိုက်ခတ်မှုတွေရှိနေပြီး အဖွဲ့ဝင်တွေရဲ့ လူမှုကွန်ရက်တွေမှာ မမြကြူကြူသင်းအကြောင်းကို ပြန်ပြောင်းပြောဆိုနေကြပါတယ်။

“ညဘက်တွေ ပြည်သူတွေ အရေးပေါ်ကိစ္စရှိလာရင် အန္တရာယ်မမှုဘူး ရောက်အောင် လာတတ်တဲ့သူပါ။ Covid ကာလဆိုလည်း တာဝန်ကျရာအလုပ်ကို မခိုမကပ်ဘဲကူညီရှာတယ်” လို့ အင်းစိန်ကြက်ခြေနီအသင်း အဖွဲ့ဝင်တစ်ဦးက မမြကြူကြူသင်းအကြောင်း လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

“ညီမလေး မမြကြူကြူသင်းက ဆရာသင်တာကို တစ်သွေမသိမ်း လိုက်နာတယ်။ ရဲရင့်တယ်၊ထက်လည်းထက်တယ်၊ စိတ်ဝင်စားတယ်၊ အချိန်လည်းလေးစားတယ်။ ဆရာတွေ စိတ်ချလက်ချ လက်လွှဲလို့ရတဲ့သူပါ” လို့ အခြားကြက်ခြေနီအသင်းဝင်တစ်ဦးကလည်း ဆိုပါတယ်။

ကိုယ်လွတ်မြောက်ရေးထက် လူနာကို ပြုစုကုသရင်း ဖမ်းဆီးခံသွားသူ အင်းစိန်ကြက်ခြေနီသူနာပြု ၊ GTC ကျောင်းသူ မမြကြူကြူသင်း

ကိုယ်လွတ်လမ်းထက် လူနာကိုရွေးချယ် အဖမ်းခံခဲ့တဲ့ မမြကြူကြူသင်း သတင်းက GTCကျောင်းသားလောကနဲ့ ကြက်ခြေနီအဖွဲ့ဝင် လောကမယ် စံနမူနာ စံပြအဖြစ် သတင်းမွှေးပျံ့နေချိန် စစ်ကားနဲ့ လက်နက်မဲ့ ပြည်သူတွေကို ဝင်တိုက်သွားတဲ့ စစ်အုပ်စုရဲ့ ယုတ်မာမှု လုပ်ရပ်ကတော့ ပြည်သူတစ်ရပ်လုံး အော့နှလုံးနာစရာအဖြစ် အတူယှဉ်တွဲ မှတ်တမ်းဝင်နေပြီဖြစ်ပါတယ်။


Original Post: Khit Thit Media

Announcements

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia