မြင်းခြံမှ ရွာသားတစ်ဦး ဖမ်းဆီးရိုက်နှက်ခံရပြီး နာရီပိုင်းအတွင်း သေဆုံး

December 2nd, 2021  •  Author:   Ko Than Htun Aung (Myingyan Township)  •  1 minute read
Featured image

စစ်သားများ၏ ရိုက်နှက်မှုကြောင့် နာရီပိုင်းအတွင်း သေဆုံးခဲ့ရသည့် အသက် ၂၅ နှစ်အရွယ် ကိုသန်းထွန်းအောင်။ (ဓာတ်ပုံ-ပေးပို့)  

မန္တလေးတိုင်း၊ မြင်းခြံမြို့၊ ကိုင်းမြောက်ရွာမှ အဖမ်းခံရသည့် ၁၁ ဦးထဲမှ ၁ ဦး သေဆုံးရခြင်းမှာ အအေးမိခြင်းကြောင့်ဖြစ်ကြောင်း စစ်သားများက သတင်းလွှင့်ထားသည်ဟု သိရသည်။

By Myanmar Now

မန္တလေးတိုင်း၊ မြင်းခြံမြို့၊ ကိုင်း(မြောက်) ကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထိုရွာမှ ၂၅ နှစ်အရွယ် တောင်သူ ကိုသန်းထွန်းအောင်ကို ခေါ်ယူရိုက်နှက်ခဲ့ရာ နာရီပိုင်းအတွင်း သေဆုံးသွားသည်ဟု ဒေသခံ ၃ ဦးက ယနေ့ (ဒီဇင်ဘာ ၂) တွင် ပြောသည်။

နိုဝင်ဘာ ၂၉ ညနေ ၄ နာရီ၌ စစ်သားများက ရွာထဲသို့ သေနတ်ပစ်ဖောက်ဝင်ရောက်လာပြီး ရွာအရှေ့ပိုင်းရှိ အရက်ဆိုင်ပိုင်ရှင်အပါအဝင် ဆိုင်နှင့် ဆိုင်ဝန်းကျင်တွင် ရှိနေသည့် အမျိုးသား ၁၁ ဦးကို လူစုလူဝေးလုပ်သည်ဟု ဆိုကာ ရိုက်နှက်၍ ၎င်းတို့တပ်စွဲထားသည့် မူလတန်းလွန်စာသင်ကျောင်းဘက် ဖမ်းခေါ်သွားသည်။

သေဆုံးသူ ကိုသန်းထွန်းအောင်မှာ အပြင်းအထန်ရိုက်နှက်ခံရမှုကြောင့် လမ်းမှာပင် သတိလစ်မေ့မျောသွားပြီး စစ်သားတို့က ရေလောင်းနှိုးကာ ထပ်မံရိုက်နှက်နှိပ်စက်ခဲ့သည်ဟု မျက်မြင်တွေ့ရသည့်သူများကို ကိုးကား၍ ထိုရွာဒေသခံတစ်ဦးက ပြောသည်။

“ရေနဲ့လောင်း၊ ဖနောင့်နဲ့ ဝိုင်းပေါက်ဆိုတော့ ကလေးက သေသွားတာ။ သူတို့မေးတာကို မပြောလို့၊ မဆိုလို့ ဆိုပြီး အမှန်က သူက မပြောကို မပြောနိုင်တော့တာပါ။ အဲဒါ မပြောလို့ဆိုပြီး ဝိုင်းနှိပ်စက်နင်းပြီးတော့ လုပ်တဲ့အချိန်မှာ အသက်က ထွက်သွားတာပေါ့ဗျာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုဒေသခံက ဆိုသည်။

ထိုသို့ဖမ်းဆီးသွားပြီး ၅ နာရီခန့်အကြာတွင် ရွာဈေးကုန်းထောင့်နှင့် ကျန်းမာရေးဆေးပေးခန်းအကြား ရုပ်အလောင်းကို စောင်အုပ်၍ ချထားကြောင်း၊ အအေးပတ်သေဆုံးသည်ဟု စစ်သားများက အကြောင်းပြကြောင်း၊ နောက်နေ့( နိုဝင်ဘာ ၃၀) မနက် ရွာသုသာန်၌ သင်္ဂြိုဟ်ခဲ့ကြောင်း Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သော ဒေသခံ ၃ ဦး၏ အသီးသီးပြောဆိုချက်အရ သိရသည်။

“အလောင်းကို စောင်ခြုံပြီးတော့ ရွာထဲမှာ ထားသွားတာ။ သူတို့သတ်လို့ သေတယ်လို့ မပြောဘဲနဲ့ အအေးပတ်လို့ သေတယ်လို့ ပြောခိုင်းတာ” လုံခြုံရေးအရ အမည်မဖော်လိုသော၊ ရွာမှ တိမ်းရှောင်နေသော ဒေသခံနောက်တစ်ဦးက ပြောသည်။

“သင်္ဂြိုဟ်တော့လည်း သုသာန်ကိုသွားတဲ့လမ်းက နာရေးလမ်းက စာသင်ကျောင်းလမ်းက အသွားများတာပေါ့ဗျာ။ စာသင်ကျောင်းနားရောက်တော့ (စစ်သားတွေက) အဲဒီနားကနေ သင်္ဂြိုဟ်မခံဘူးဆိုလို့ တောလမ်းက သွားရတာပေါ့ဗျာ”

စစ်သားအင်အား ၃၀ ခန့်က ရွာစာသင်ကျောင်း၌ တပ်စွဲနေထိုင်နေသည်မှာ တစ်လနီးပါးရှိပြီဖြစ်ပြီး ၎င်းတို့ရန်ကို ကြောက်ရွံ့သဖြင့် လူဦးရေ ၁,၅၀၀ ကျော်ရှိ ကိုင်းမြောက်ရွာမှ ဒေသခံထက်ဝက်ကျော်မှာ နီးစပ်ရာ ထွက်ပြေးတိမ်းရှောင်နေကြခြင်း ဖြစ်သည်။

သေဆုံးသူ ကိုသန်းထွန်းအောင်တွင် အသက် ၂၂ နှစ်အရွယ် ဇနီးနှင့် တစ်နှစ်ကျော်သား ကျန်ရစ်ခဲ့သည်။

အတူအဖမ်းခံရသူ ၁၀ ဦး အပြင်းအထန်ရိုက်နှက်ခံရပြီးနောက် မည်သို့မည်ပုံ ပြန်လွတ်လာသည်ကို ၎င်းတို့လုံခြုံရေးအတွက် အသေးစိတ်မပြောပြနိုင်ကြောင်း Myanmar Now က ဆက်သွယ်ခဲ့သော ဒေသခံများက ဆိုသည်။

သေဆုံးသူ၏ မိသားစုဝင်များနှင့် ရွာရှိ ဒေသခံများက စစ်တပ် ဆက်တပ်စွဲထားသည့်အတွက် သတင်းဌာနသို့ မဖြေကြားလိုကြခြင်းဖြစ်သည်ဟု ထိုသူများက ဆက်ပြောသည်။

စစ်သားများက ရွာအတွင်း လှည့်လှည်စဉ် ၎င်းတို့ရှေ့ ဖုန်းပြောနေသူများထံမှ ဖုန်းယူစစ်တတ်သလို Facebook လူမှုကွန်ရက်အသုံးပြုမှုများကိုလည်း စစ်ဆေးတတ်ကြကြောင်း ၎င်းဒေသခံများထံမှ သိရသည်။

ရွာသားများကို ဖမ်းဆီးရိုက်နှက်ကာ နိုင်ငံတော်သီချင်း ဆိုခိုင်းခြင်း၊ ဖမ်းခံရသူအချင်းချင်း လုံးထွေးသတ်ပုတ်စေခြင်း စသည့် နည်းလမ်းများဖြင့် အနိုင်ကျင့်နေသောကြောင့် အများစုမှာ ရွာတွင် မနေရဲဘဲ ထွက်ပြေးသွားကြခြင်း ဖြစ်ကြောင်း ထိုဒေသခံ ၃ ဦးက ဆိုသည်။

“ဖမ်းခံ၊ အရိုက်ခံရတဲ့သူတွေကတော့ မပြေးရဲဘူး။ ကျန်ခဲ့တဲ့သူတွေ (ဆွေမျိုးတွေကို) ရန်လုပ်မှာလို့ ခြိမ်းခြောက်ထားလို့” ဟု ဒေသခံတစ်ဦးက ပြောသည်။

ရွာသားများ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ တုံ့ပြန်ချက် ရရန် ကြိုးစားသော်လည်း စစ်ကောင်စီပြန်ကြားရေးတာဝန်ယူထားသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ဖုန်းအဆက်အသွယ် မရသေးပေ။

အာဏာသိမ်းပြီး ၁၀ လကြာမြင့်ချိန်အထိ စစ်ကောင်စီက နိုင်ငံအနှံ့ ဖိနှိပ်မှုများ နေ့စဉ် ပြုလုပ်နေဆဲ ဖြစ်သည်။

ဆက်လက်ဖမ်းဆီးခံထားရသူ ၇၆၈၇ ဦး အနည်းဆုံးရှိနေပြီး နိုင်ငံအနှံ့တွင် စစ်ကောင်စီတပ်သားတို့၏ လက်ချက်ကြောင့် ၁,၃၀၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဒီဇင်ဘာ ၂  စာရင်းအရ သိရသည်။

ဖမ်းဆီးခံရပြီး စစ်ကြောရေး၌ နှိပ်စက်မှုများကြောင့် ၂၄ နာရီအတွင်း သေဆုံးခဲ့ရသူများတွင် ဦးဇော်မြတ်လင်း၊ ဦးခင်မောင်လတ်၊ ကိုအေးကို၊ ကိုအောင်မြင့်လှိုင်၊ ကဗျာဆရာ ခက်သီ၊ ကိုမင်းမင်း၊ ကိုမျိုးဇော်ဇော်၊ ဇေယျာလင်း၊ မိုင်နွမ်ဇာထျန်၊ ကိုဇော်ထက် (ခေါ်) ဆလိုင်းဗန်ထာကျုံ၊ ကိုဇင်ကိုထွန်း၊ သက်နိုင်ဦး၊ မျိုးမြင့်သန်း၊ ခင်မောင်ကြည်၊ ကိုထက်ဇော်လင်း တို့၏ သေဆုံးမှုကို Myanmar Now က အတည်ပြု သတင်းဖော်ပြနိုင်ခဲ့သည်။


Original Post: Myanmar Now