မတ္တရာမှ CDM အရာရှိအကျဉ်းသား မြို့ပြင်တွင် သေဆုံးနေ

01 December 2021

U Ye Naing Thu (Madaya Township)

မတ္တရာမှ CDM အရာရှိအကျဉ်းသား မြို့ပြင်တွင် သေဆုံးနေ

ဦးရဲနိုင်သူ 

By Myanmar Now

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၌ စစ်တပ် ဖမ်းဆီးသွားသည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သူ ဌာနဆိုင်ရာအရာရှိတစ်ဦး၏ ရုပ်အလောင်းကို နိုဝင်ဘာ ၂၈ ရက်နေ့က တောတွင်းတစ်နေရာတွင် ပြန်တွေ့ခဲ့ရသည်ဟု မတ္တရာမြို့ခံများထံမှ သိရသည်။

နိုဝင်ဘာ ၁၉ ညပိုင်း၌ စစ်တပ်က သမဝါယမဦးစီးဌာန ဒုဦးစီးမှူး အသက် ၃၁ နှစ်အရွယ် ဦးရဲသူနိုင်ကို ဖမ်းဆီးခဲ့ပြီး ၂ ရက်အကြာတွင် မြို့အရှေ့ဘက်တောင်ပေါ်ရှိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (PDF) စခန်းများဘက်သို့ ခေါ်သွားကြောင်း၊ သူ့ရုပ်အလောင်းကို မီးလောင်တဲများအနီး တွေ့ရှိခဲ့ရကြောင်း မျက်မြင်များကို ကိုးကား၍ မတ္တရာမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“သူ (ဦးရဲနိုင်သူ) ဖမ်းခံရပြီးတော့ နှစ်ရက်လောက်ကြာတော့ သူ့ကို PDF စခန်းတွေ လိုက်ပြခိုင်းတယ်၊ သူ့ကို လက်ပြန်ကြိုးတုပ် ခေါ်သွားပြီးတော့ ပြခိုင်းတာ” ဟု ၎င်းက ဆိုသည်။

“ကျွန်တော်တို့ကြားသလောက် လိုက်ပြတဲ့နေရာမှာက ဘာလူမှ မတွေ့ဘူး။ တဲတွေပဲ တွေ့တော့ အဲဒီတဲတွေကို မီးရှို့တယ်။ သူ့ကို ပြန်ခေါ်သွားတယ်လို့ ထင်တာ။ ဒါပေမဲ့ အဲ့ဒီနားက ရွာသားတွေ တောထဲ‌ရောက်တော့ သူ့အလောင်းကိုပါ တွေ့ခဲ့ရတာ”

မတ္တရာမြို့ အရှေ့ဘက် တောင်ပေါ်ရှိ မီးလောင်ထားသည့် တဲအိမ်များအနီး ဦးရဲနိုင်သူ၏ ရုပ်အလောင်းကို နိုဝင်ဘာ ၂၈ မနက်က တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

မြို့နယ်တွင် သ/မ ဦးစီးမှ ပထမဦးဆုံးအာဏာဖီဆန်သူ ဦးရဲသူနိုင်သည် လုပ်ဖော်ကိုင်ဘက်များကိုလည်း အာဏာဖီဆန်ကြရန် စည်းရုံးပြီး ဧပြီလကုန်ပိုင်းကတည်းက နေအိမ်မှ တိမ်းရှောင်နေခဲ့သည်။

ထို့နောက် ၎င်းသည် PDF တွင် အဖွဲ့ဝင်အဖြစ် ပူးပေါင်းလိုက်ပြီး မိခင် ကျန်းမာရေးမကောင်းသည့်အတွက် မတ္တရာမြို့ပေါ်ရှိ နေအိမ်သို့ ပြန်လာစဉ် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်ဟု မတ္တရာ PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သူက ဌာနဆိုင်ရာ အရာရှိလည်းဖြစ်တော့ မြို့ပေါ်မှာ မြင်လိုက်တာနဲ့ မှတ်မိသွားပုံရတယ်၊ ဖမ်းခံလိုက်ရတယ်။ ဖမ်းခံရပြီး နှစ်ရက်လောက် (နိုဝင်ဘာ ၂၁) မှာ သူ့ကို လက်ပြန်ကြိုးတုပ်ခေါ်လာပြီး စခန်းတွေလိုက်ပြခိုင်းတယ်” ဟု PDF တာ၀န်ရှိသူက ပြောသည်။

“တောင်ခြေမှာ စစ်တပ်အင်အား ၁၀၀ လောက်၊ ကား ၄ စီးနဲ့ စခန်းချပြီး နောက်တစ်နေ့ ၂၂ ရက်နေ့ မနက်ပိုင်းကျမှ တောင်ပေါ်တက်ပြီး စခန်းကို ရှာတော့ လူမတွေ့တော့ (တဲတွေ) မီးရှို့သွားတာပေါ့”

နိုဝင်ဘာ ၂၈ တွင် အနီးအနားရွာမှ ရွာသားများက အဆိုပါတောင်ပေါ် တက်ကြည့်ရာမှ မနက် ၁၀ နာရီခန့်၌  ဦးခေါင်းကျည်ထိဒဏ်ရာဖြင့် သေဆုံးနေသည့် ဦးရဲသူနိုင်၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

Myanmar Now က ကြည့်ရှုရသော ဓာတ်ပုံတွင် မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ) စာတန်းပါ အင်္ကျီအနက်ရောင်၊ ဘောင်းဘီအပြာရောင်အရှည် ဝတ်ဆင်ထားသူ ဦးရဲသူနိုင်၏ ရုပ်အလောင်းမှာ မှောက်လျက် အနေအထားရှိနေပြီး ခေါင်းတွင် ဒဏ်ရာရှိနေသည်။

ဖမ်းဆီးခံရစဉ်က သာမန်အရပ်ဝတ်ဖြင့်ဖြစ်သော်လည်း စစ်သားများက ပ.က.ဖ စာတန်းပါ အင်္ကျီကို ဦးရဲနိုင်သူကို ဝတ်ဆင်ခိုင်း၍ စစ်ဆေးခြင်းဖြစ်နိုင်သည်ဟု မတ္တရာ PDF ဘက်မှ ယူဆနေသည်။

ဦးရဲသူနိုင် အဖမ်းခံနေရစဉ် သေဆုံးမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

မတ္တရာမြို့နယ်တွင် ဆန္ဒပြပွဲများ ပြင်းထန်ခဲ့သည့် မတ်လအတွင်းကတည်းက စစ်တပ်က အကြမ်းဖက်ပစ်ခတ်ဖြိုခွဲခဲ့သည်။

အောက်တိုဘာလအတွင်းကလည်း စစ်တပ်က လူငယ်တစ်ဦးကို ရှာမတွေ့၍ ထိုလူငယ်၏ ​​ဦးလေးတော်စပ်သူကို ဓားစာခံအဖြစ် ဖမ်းဆီးသွားပြီး နှိပ်စက်သတ်ဖြတ်ခဲ့သည်။

နိုဝင်ဘာလအတွင်း စစ်ကောင်စီသည် မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာများကို မကြာခဏ ဝင်ရောက်ရှာဖွေခြင်း၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့သည့် ဆရာ၊ ဆရာမများကို ဖမ်းဆီးခြင်းများကို မကြာခဏ လုပ်ဆောင်နေကြောင်း မတ္တရာမြို့ခံများက ယင်းလ ဒုတိယပတ်တွင် Myanmar Now ကို ပြောထားသည်။

မတ် ၂၇ က ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေသည့် ပြည်သူလူထုကို စစ်တပ်က ပစ်ခတ်ဖြိုခွဲခဲ့မှုကြောင့် ထိုနေ့ တစ်ရက်တည်းတွင် တစ်နိုင်ငံလုံးအနှံ့ လူရာကျော် သေဆုံးခဲ့ရာ ထိုအထဲတွင် မတ္တရာက ၆ ဦး ပါဝင်သည်။


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia