စစ်တပ်လက်ထဲက PDF ချင်းအမျိုးသမီး ဆေးတပ်ဖွဲ့ဝင်များ

စစ်တပ်လက်ထဲက PDF ချင်းအမျိုးသမီး ဆေးတပ်ဖွဲ့ဝင်များ

စစ်ကောင်စီက ဖမ်းဆီးသွားသည့် အမျိုးသမီး ဆေးတပ်ဖွဲ့ဝင်များ / CJ

By ဧရာဝတီ

ဆရာမချင်းချင်းလို့ ချစ်စနိုးခေါ်ကြတဲ့ ချင်းအမျိုးသမီးတဦးဖြစ်သူ ဗျက်ရမ်းချင်းဟာ နွေဦးတော်လှန်ရေး ကာလ အတွင်း ဆေးတပ်သားအဖြစ် ပါဝင်လုပ်ကိုင်ရင်း အာဏာသိမ်း စစ်ကောင်စီ လက်ချက်နဲ့ အချိန်မတိုင်ခင် ကြွေလွင့် သွားခဲ့ရပါတယ်။

သူမ ဆုံးပါးသွားချိန်မှာ အသက် ၂၃ နှစ်၊ အတိအကျ ဆိုရရင်ဖြင့် ၂၃ နှစ်နဲ့ ၃ ရက် ဖြစ်ပါတယ်။

စစ်အာဏာရှင် ဆန့်ကျင်ရေးမှာ တထောင့်တနေရာကနေ ပါဝင်မယ်ဆိုပြီး အိမ်ကနေ ထွက်လာခဲ့တဲ့ ချင်းချင်းဟာ လွန်ခဲ့တဲ့ ၁ လကျော်ကမှ ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ရင်း (၃) ကို သူငယ်ချင်းတွေနဲ့အတူ ဆေးတပ်သားအဖြစ် ရောက်ရှိလာခဲ့တာပါ။

သူ ရောက်ရှိလာပြီး ၁ လကျော်အကြာ နိုဝင်ဘာ ၁၆ ရက်မှာ ကလေးမြို့ အနောက်တောင်ဘက်ဒေသ ချင်းပြည်နယ် အစပ်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ကြား ၂ ရက်ဆက်တိုက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲအတွင်း ကလေး PDF တပ်ရင်း (၃) အောက်က တပ်ရင်းစခန်းတခု သိမ်းပိုက်ခံခဲ့ရတဲ့အချိန်မှာ စခန်း အတွင်း ရောက်ရှိနေကြတဲ့ စေတနာ့ဝန်ထမ်း အမျိုးသမီး ဆေးတပ်ဖွဲ့ဝင် ၁၀ ဦး အပါအဝင် အမျိုးသား ၂ ဦး ဖမ်းဆီးခံ ခဲ့ရပါတယ်။

မားဆောမ်ဒေါင်းသီး ၊ ညောင်ဒွန့်ကျင်း ၊ လားသလန်းလှူးအီး ၊ လားမွန်ကိမ်းမီး (ဝဲမှယာ)

နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းမှာတော့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ ကလေး PDF ဆေးတပ်ဖွဲ့က အမျိုးသမီး ၉ ဦးကို နဂါးပွက်ဆိုတဲ့ရွာဘက် ရွှေ့ပြောင်းခဲ့ကြပါတယ်။

အဲဒီနေ့ ညနေပိုင်း ကလေး PDF က သူတို့ရဲ့ စခန်းနေရာကို သွားရောက်ရှင်းလင်းတဲ့အခါ အသက် ၂၇ နှစ်အရွယ် ထန်းပွီးယာ၊ ၂၆ နှစ်အရွယ် ရမ်းမောယာနဲ့ ဖျက်ရမ်းချင်းတို့ရဲ့ ရုပ်အလောင်းတွေကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

အိမ်က ထွက်လာကတည်းကနေ မိဘတွေနဲ့ မတွေ့ဖြစ်တာ ၂ လခန့် ရှိပြီဖြစ်တဲ့ ချင်းချင်းတယောက် ခုတော့ သူ့ မိဘတွေကို နှုတ်ဆက်ခွင့်တောင် မရလိုက်ဘဲ ထာဝရ ခွဲခွာသွားပါပြီ။

“မတွေ့ရတာ ၂ လလောက် ကြာသွားပြီ။ ကြားထဲမှာ သူ့ရဲ့ အမေနဲ့တော့ ၂ ခါလောက် အဆက်အသွယ် ရှိတယ်။ အမေ ရေ ဒီနေရာရောက်ပြီ။ နိုင်ငံက ဒီလိုဖြစ်နေပြီဆိုတော့ ဘာမှလုပ်ပေးနိုင်တာ မရှိဘူးဆိုတော့ ဆေးသင်တန်း တက်ထား တာလေးနဲ့ ကျောသားရင်သား မခွဲခြားဘဲ သင်တန်းပို့ချရင်းနဲ့ ရောက်သွားတယ်ဆိုပြီး သူ့အမေဆီကို အကြောင်းကြား တယ်။ သူ့အမေကတော့ ပြန်လာခဲ့ပါလား သမီးရယ်ဆိုတော့ ရောက်ပြီးမှတော့ ဆေးကုပေးရဦးမယ်ဆိုပြီး ပြန်ပြော တယ်။ အဲဒီလိုနဲ့ နှစ်ခါပဲ အဆက်အသွယ် ရတယ်” လို့ ချင်းချင်းရဲ့ ဖခင်ဖြစ်သူက ပြောပြပါတယ်။

မိဘတွေအနေနဲ့ သူ့အကြောင်းကို တခြားသူတွေနည်းတူ အွန်လိုင်းပေါ် တက်လာမှသာ သိခွင့်ရခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီက ဖမ်းဆီးသွားတဲ့ အမျိုးသမီးငယ်တွေရဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက်စာမျက်နှာထက် ထွက် ပေါ်လာချိန် သမီးဖြစ်သူ ချင်းချင်းရဲ့ ဓာတ်ပုံ ပါနိုးနိုးနဲ့ မျှော်လင့်ခဲ့ကြပေမယ့် ဆုတောင်းမပြည့်ခဲ့ပါဘူး။

သမီးဖြစ်သူကို ဘယ်မှာရှာရမယ်၊ ဘယ်သူ့ဆီ သွားမေးရမယ် ဆိုတာကို မသိခဲ့ဘဲ စိုးရိမ်ပူပန်မှုတွေနဲ့အတူ အိမ်ကနေပဲ သမီးဖြစ်သူသတင်းကို နားစွင့်ရင်း ကြိတ်မှိတ်ခံစားခဲ့ရတယ်လို့ သူ့ဖခင်က မချိတင်ကဲ ဆိုပါတယ်။

လားပြန့်ဖဲလ်အီး ၊ လားလွန်ဆန်းအီး ၊ ဒေစီဗန်လားရောင်အီး ၊ မန်းလမ့်ဒိမ် ၊ ဇမ်ဇိုးဇမ် (ဝဲမှယာ)

“သူ့ရဲ့ဆေးတပ်က သူငယ်ချင်းတွေရဲ့ပုံတွေ တက်လာပေမယ့် ကျနော်တို့သမီးပုံ ပါမလာဘူး။ အိပ်မပျော်စားမဝင် ဖြစ်ရ တယ်။ နောက်ဆုံးတော့ သတင်းကြားတော့ ဆေးတပ်က လူတွေ အဖမ်းခံရတယ်၊ အဲဒီနေရာမှာတင် အသက်ထွက် သွားတဲ့ မိန်းကလေးတဦးနဲ့ ယောက်ျားလေးနှစ်ဦးလို့ အွန်လိုင်းကနေ သတင်းသိရတယ်။ နောက်ဆုံးတော့ နာမည်တွေ့ မှ ကျနော့်သမီး ပါသွားတယ်ဆိုတာ သိရတယ်” လို့ ဖခင်ဖြစ်သူက ပြောပြပါတယ်။

သမီးဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့အပြင် နောက်ဆုံးအနေနဲ့တောင် ရုပ်အလောင်းကို မြင်တွေ့ခွင့် မရခဲ့တဲ့ သူ့အနေနဲ့ ကိုယ်တိုင် မြေမြှုပ်သဂြိုဟ်ပေးချင်တာဟာ သမီးဖြစ်သူနဲ့ ပတ်သက်တဲ့ နောက်ဆုံးဆန္ဒ ဖြစ်တယ်လို့လည်း သူက ဆိုပါ တယ်။

အဲဒီနေ့ ဖမ်းဆီးခံရသူတွေထဲမှာ ချင်းချင်းရဲ့ သူငယ်ချင်းဖြစ်သူ Daisy Vanlalrawni လည်း ပါဝင်ပါတယ်။ ဒေစီဟာ မီဇိုး အဆိုတော်တယောက်လည်း ဖြစ်ပါတယ်။

“သူတို့က ဆေးဝန်ထမ်းတွေတော့ မဟုတ်ကြဘူး။ ကိုဗစ်ကာလမှာ စေတနာ့ဝန်ထမ်းအနေနဲ့ ကူညီပေးတာပေါ့။ ဆရာဝန်တွေဆီကနေတဆင့် ပညာသင်ယူခဲ့ကြတာပေါ့။ သူတို့က သူနာပြုတွေလည်း မဟုတ်ဘူး။ လေ့လာပြီးမှ တတ်သလောက် သိသလောက်ကို PDF ထဲက မသိတဲ့သူတွေကို လာမျှတာ။ စစ်ဘေးရှောင် အကူအညီလိုတဲ့ သူတွေကိုလည်း ကူညီချင်တယ်။ အဲဒီလိုမျိုးနဲ့ ထွက်လာခဲ့ကြတာပါ။ PDF ထဲမှာလည်း လာသင်ပေးနိုင်တဲ့သူ၊ ကူညီနိုင်တဲ့သူ ရှာရင်းနဲ့ သူတို့နဲ့ တွေ့ခဲ့ကြတာပါ။ ကျနော်တို့ ကျမ်းစာ စာသင်ကျောင်းမှာ သူတို့ ၂ယောက်က အင်္ဂလိပ်စာ သင်ကြတယ်” လို့ ကလေး PDF က စခန်းမှူးက ပြောပါတယ်။

ဒေစီ အိမ်ကထွက်သွားမယ့်အချိန်မှာ မိခင်ဖြစ်သူက မသွားဖို့တားမြစ်ခဲ့ပေမယ့် သူ ယုံကြည်ရာ ခံယူချက်တခုကို ဆုပ်ကိုင်ရင်း အိမ်ကထွက်ခွာသွားခဲ့တာ ဖြစ်တယ်လို့ ဒေစီရဲ့ အစ်ကိုက ပြောပြပါတယ်။

“အခုလို ဖြစ်တဲ့အခါမှာ စိတ်ထဲ တော်တော်မကောင်းဘူး။ သူ့မှာ ဘာအပြစ်ရှိလို့လဲ။ အပြစ်မရှိဘဲနဲ့ ဒီလိုဖြစ်တဲ့အခါ ကျတော့ သူ့ရဲ့ ခံယူချက်ပဲ ဆိုတော့လေ။ ဒီလိုဖြစ်တော့လည်း Fighting ပဲ။ ငါတို့နဲ့တွေ့တဲ့ အခါကျရင်လည်း မျက်ရည် မကျနဲ့။ ငါ့ညီမ လုပ်ပြီးပြီ။ ဖြစ်တာလည်း ဖြစ်ပြီးပြီဆိုတော့ အသားကုန်ကြိုးစား” လို့ သူက ပြောပါတယ်။

လာမယ့် ဒီဇင်ဘာ ၂၆ ရက်နေ့မှာ အသက် ၂၅ နှစ် ပြည့်မယ့် ဒေစီဟာ မွေးချင်းမောင်နှမ ၄ ယောက်အနက် အငယ်ဆုံးဖြစ်ပြီး တဦးတည်းသော မိန်းကလေးဖြစ်လို့ အစ်ကိုတွေရဲ့ ချစ်ခြင်းကို ခံရတဲ့သူတယောက်ပါ။

ကိုဗစ်တတိယလှိုင်းမှာ စေတနာ့ဝန်ထမ်းလုပ်ဖို့ အိမ်ကထွက်သွားခဲ့တဲ့ ဒေစီဟာ အဲဒီ တတိယလှိုင်းမှာပဲ မိခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရပါတယ်။ သူမရဲ့ ဖခင်ဖြစ်သူဟာ ဆေးပင်စင်ယူထားတဲ့ စစ်မှုထမ်းဟောင်းတဦး ဖြစ်ပါတယ်။

“စိတ်ထဲမှာတော့ ချီးကျူးတယ်။ တဖက်က မိသားစုအနေနဲ့ စဉ်းစားရင် ဝမ်းနည်းတာပေါ့။ ဒါပေမဲ့ နိုင်ငံအတွက် ကြိုးစားလုံးပမ်းခဲ့တာ ဆိုတော့လေ” လို့ ဒေစီရဲ့ မိသားစုဝင်တွေက ဂုဏ်ယူစွာနဲ့ ဆိုပါတယ်။

ဓမ္မသီချင်းတွေ၊ အင်္ဂလိပ်သီချင်းတွေ သီဆိုလေ့ရှိတဲ့၊ အင်္ဂလိပ်စာ ဆရာမတဦးလည်းဖြစ်တဲ့ ဒေစီဟာ ဆေးဝန်ထမ်း တဦး မဟုတ်သလို သူနာပြုတဦးလည်း မဟုတ်ပေမယ့် ကိုဗစ်ကာလမှာ သင်ယူခဲ့ရတဲ့ အရေးပေါ်ကယ်ဆယ်ရေး ဆေး ပညာတွေကို အကျိုးရှိစွာ အသုံးချနိုင်ဖို့ ဒီလမ်းကို သူ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ထန်းပွီးယာ ၊ ရမ်းမော်ယာ ၊ ဗျက်ရမ်းချင်း (ဝဲမှယာ)

ကလေး PDF တပ်ရင်း (၃) မှာ ချင်းချင်း၊ ဒေစီတို့ အပါအဝင် ဆေးတပ်ဖွဲ့ဝင် ၁၇ ဦးရှိတဲ့အနက် အမျိုးသမီး ဆေးတပ်ဖွဲ့ ဝင် ၁၀ ဦးနဲ့ အမျိုးသား ၂ ဦး ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီလို ဖမ်းဆီးခံရပြီးနောက် လူမှုကွန်ရက်စာမျက်နှာပေါ် တက်လာတဲ့ ဓာတ်ပုံတွေထဲက အမျိုးသမီး ၉ ဦးရဲ့ ရဲဝင့်တဲ့ အကြည့်တွေဟာ အရာရာကို ရင်ဆိုင်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ပေါ်လွင်နေပါတယ်။

လက်ရှိမှာ ဖမ်းဆီးခံထားရတဲ့ ဆေးတပ်ဖွဲ့ဝင် အမျိုးသမီး ၉ ဦးကို စစ်ကောင်စီက ကလေးမြို့ဒေသ ကွပ်ကဲမှုစစ်ဌာန ချုပ် (ဒကစ) မှာ စစ်ကြောနေတယ်လို့သာ သိထားကြပြီး ကျန်တာအားလုံး သတင်းအမှောင်ချထားခံရတဲ့ အခြေ အနေ ဖြစ်နေပါတယ်။

လားမွန်ကိမ်းမီး၊ လားသလန်းလူးအီး၊ မားဆောမ်ဒေါင်းငီး၊ လားလွန်ဆန်းအီး၊ မန်းလမ့်ဒိမ်၊ ဇမ်ဇိုးဇမ်၊ ညောင်ဒွန့်ကျင်း၊ လားပြန့်ဖဲလ်အီး၊ ဒေစီ သူတို့အားလုံး အသက် ၃၀ နှစ်အောက် လူငယ်အမျိုးသမီးတွေဖြစ်ကြပြီး ယုံကြည်ချက်တခုနဲ့ အရာအားလုံးကို စွန့်လွှတ်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

သူတို့ တတ်မြောက်ထားတဲ့ အရေးပေါ်ကယ်ဆယ်ရေး ဆေးပညာတွေနဲ့ ကူညီကယ်ဆယ်မှုတွေ ပြုလုပ်ရင်း တဖက်မှာ လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေထဲက ဆေးအဖွဲ့တွေကို သင်တန်းပြန်ပို့ချပေးနေသူတွေလည်း ဖြစ်ပါတယ်။

ဒီအမျိုးသမီးငယ်တွေဟာ အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ဆန္ဒပြပွဲတွေကစပြီး ရှေ့ဆုံးကနေ တက်တက် ကြွကြွနဲ့ အမြဲတမ်း ပါဝင်ခဲ့တဲ့ အမျိုးသမီးတွေ ဖြစ်တယ်လို့ ကလေး PDF တပ်ဖွဲ့ဝင် တဦးက ပြောပြပါတယ်။

“PDF ကလေးရဲ့ တပ်ရင်းတပ်ဖွဲ့ထဲမှာ ပါဝင်လာတယ် ဆိုတာကလည်း သူတို့ရဲ့ အာဏာရှင်စနစ်၊ အကြမ်းဖက် စစ်ကောင်စီကို ဆန့်ကျင်တော်လှန်လိုတဲ့စိတ်နဲ့ တက်ကြွစွာနဲ့၊ ယုံကြည်ချက် ခိုင်မာစွာနဲ့ ပါဝင်လာတာ ဖြစ်ပါတယ်” လို့လည်း သူက ဆိုပါတယ်။

ဒီလို ရဲရင့်လှတဲ့ အမျိုးသမီးငယ် ၉ ဦးရဲ့ စွန့်လွှတ်မှုတွေကို အသိအမှတ်ပြုရင်း ဘေးမသီရန်မခဘဲ အမြန်ဆုံး ပြန်လွတ် လာစေဖို့ ကလေး PDF တပ်ဖွဲ့ဝင်တွေနဲ့အတူ ပြည်သူတွေက ဆုတောင်းဆန္ဒပြုပါတယ်။


Original Post: The Irrawaddy

 

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia