23 November 2021
Ko Kyaw Htet Wai and Ko Aung Maung (Taungtha Township)
မန္တလေးတိုင်း တောင်သာမြို့နယ်တွင် စစ်တပ်က ဖမ်းဆီးရိုက်နှက်ပြီး ရွာအတွင်း လိုက်လံပြသခံရသူ လူငယ်တစ်ဦးဖြစ်သည့် ကိုကျော်ထက်ဝေ။ (ဓာတ်ပုံ – ပေးပို့)
ရွာအတွင်း လူငယ်နှစ်ဦးကို ခေါ်ဆောင်လာစဉ် စစ်သားများက “မင်းတို့ PDF ခေါင်းဆောင်ကို ကြည့်ဦး” ဆိုကာ ရိုက်နှက်ခြိမ်းခြောက်ကြောင်း အခြားဒေသခံတစ်ဦးက ပြောသည်
By Myanmar Now
မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် စစ်တပ်က ၎င်းတို့ရိုက်နှက်ဖမ်းဆီးထားသည့် ဒေသခံလူငယ်နှစ်ဦးကို သွေးအလိမ်းလိမ်းဖြင့် ရွာအတွင်း လှည့်လည်ပြသခဲ့သည်ဟု နီးစပ်သူတစ်ဦးနှင့် ဒေသခံများထံမှ သိရသည်။
အသက် ၂၁ နှစ်အရွယ် ကိုကျော်ထက်ဝေနှင့် ၁၉ နှစ်အရွယ် ကိုအောင်မောင်းဆိုသူ လူငယ်နှစ်ဦးကို စစ်တပ်က နိုဝင်ဘာ ၂၁ တွင် ဖမ်းဆီးခဲ့ပြီး နောက်တစ်ရက်တွင် လူငယ်နှစ်ဦး၏ ဇာတိဖြစ်သည့် ရုံးပင်ရွာသို့ ခေါ်ဆောင်ကာ လိုက်လံပြသခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
လက်ပြန်ကြိုးတုပ်ပြီး ခေါင်းကို အဝတ်မည်းစီးခံထားရသည့် လူငယ်နှစ်ဦးမှာ ဦးခေါင်းမှ ကျောပြင်အထိ သွေးများ စီးကျပေကျံနေကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးထံမှ ပြန်လည်သိရှိရသည်ကို ဖမ်းဆီးခံ ကိုကျော်ထက်ဝေ၏ ဆွေမျိုးနီးစပ်တစ်ဦးက Myanmar Now ယနေ့ (နိုဝင်ဘာ ၂၃) တွင် ပြောသည်။
အဆိုပါ လူငယ်နှစ်ဦးကို ဖမ်းဆီးပြီး ရုံးပင်ရွာသို့ ခေါ်ဆောင်လာချိန်တွင် မိဘဆွေမျိုးများ နေထိုင်ရာ နေအိမ်ကို လိုက်လံပြသခဲ့ပြီး၊ ဆွေမျိုးများမှ ထွက်ပြေးတိမ်းရှောင်နေသဖြင့် စစ်ဆေးမေးမြန်းခံရခြင်း မရှိဟု ဆိုသည်။
ရွာအတွင်း လူငယ်နှစ်ဦးကို ခေါ်ဆောင်လာစဉ် စစ်သားများက “မင်းတို့ PDF ခေါင်းဆောင်ကို ကြည့်ဦး” ဆိုကာ ရိုက်နှက်ခြိမ်းခြောက်ကြောင်း အခြားဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။
အဆိုပါ ဒေသခံမှာ လုံခြုံရေးအရ ထွက်ပြေးတိမ်းရှောင်နေရသူဖြစ်ကာ ရွာတွင်ကျန်နေခဲ့သူအချို့၏ တစ်ဆင့်ပြန်လည်ပြောပြချက်အရ သိရခြင်းဖြစ်သည်။ ထိုရုံးပင်ရွာတွင် စစ်တပ်က တပ်စွဲထား၍ ရွာခံများကို Myanmar Now က ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။
ကိုကျော်ထက်ဝေမှာ အာဏာသိမ်းမှုဆန့်ကျင်သည့် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သော်လည်း လက်နက်ကိုင်တော်လှန်ခြင်း မရှိဟုလည်း အထက်ပါ ဆွေမျိုးတော်စပ်သူက ပြောသည်။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းသည့် နေ့မှစ၍ နိုဝင်ဘာ ၂၂ ထိ အာဏာသိမ်းစစ်ကောင်စီလက်ချက်ဖြင့် အရပ်သားပြည်သူ ၁၂၈၆ ဦး သေဆုံးကာ လူတစ်သောင်းကျော် ဖမ်းဆီးခံရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
အာဏာသိမ်းပြီး ကိုးလကျော်ကြာသည်အထိ အမြို့မြို့အနယ်နယ်တွင် စစ်ကောင်တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးသတ်ဖြတ်ခြင်းများ ရပ်တန့်သွားခြင်း မရှိဘဲ နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေဆဲဖြစ်သည်။
Original Post: Myanmar Now
04 April 2025
13 March 2025
28 February 2025
25 February 2025
25 February 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.