တောင်ကုတ်တွင် CDM ဆရာမတစ်ဦး အဖမ်းခံရပြီး အဆက်အသွယ်ပြတ်နေ

21 November 2021

Daw Cherry Thet Shee (Toungok Township)

တောင်ကုတ်တွင် CDM ဆရာမတစ်ဦး အဖမ်းခံရပြီး အဆက်အသွယ်ပြတ်နေ

​​ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့သည့် CDM ဆရာမ ဒေါ်ချယ်ရီသက်ရှည်။ (ဓာတ်ပုံ-Cherry Thet Shey-Facebook)

အသက် ၄၀ အရွယ် ဒေါ်ချယ်ရီသက်ရှည်ဆိုသူ အထက်တန်းပြဆရာမမှာ ဖေဖော်ဝါရီလကတည်းက အာဏာရှင်ဖီဆန်ရေးလှုပ်ရှား မှု(CDM) တွင် ပါဝင်ထားသူဖြစ်သည်

By Myanmar Now

ရခိုင်ပြည်နယ်တောင်းပိုင်း တောင်ကုတ်မြို့၌ ယမန်နေ့ (နိုဝင်ဘာ ၂၀) က အာဏာရှင်ဖီဆန်ရေးလှုပ်ရှား မှု(CDM) မှာ ပါဝင်သည့် အထက်တန်းပြ ဆရာမတစ်ဦး ဖမ်းဆီးခံရပြီး မည်သည့်နေရာတွင် ထိန်းသိမ်း ထားသည်ကို မသိရကြောင်း ဒေသခံများက ဆိုသည်။

အဖမ်းခံရသူမှာ အသက် ၄၀ အရွယ် ဒေါ်ချယ်ရီသက်ရှည်ဆိုသူ ကျောင်းဆရာမဖြစ်ပြီး ယမန်နေ့ နံနက် ၉ နာရီခန့်တွင် တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်ရှိ နေအိမ်သို့ အရပ်ဝတ်ဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သိရသည်။

“ယူနီဖောင်းနဲ့ တစ်ယောက်မှ မပါဘူး။ အားလုံးက အရပ်ဝတ်နဲ့ဆိုတော့ ရဲလား၊ စစ်သားလားလည်း ကျွန်မ တို့ မသိဘူး။ အဲဒီလို ခေါ်သွားတယ်လို့ သိရတော့ ထွက်ကြည့်လိုက်တော့ ကားမှာပါသွားတာ လောက်ပဲ သိ တယ်။ သူက CDM လုပ်ထားလို့ ကျောင်းတောင်မ တက်ဘူး” ဟု ကံပိုင်ရပ်ကွက်မှ အမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။

တောင်ကုတ်မြို့၊ အ.ထ.က (၂) ကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်ချယ်ရီသက်ရှည်မှာ စစ်တပ် အာဏာသိမ်းသည့် ဖေဖော်ဝါရီလကတည်းက CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူဟု သိရသည်။

တောင်ကုတ်မြို့ ကံပိုင်ရပ်ကွက်တွင် နေထိုင်သူ အမျိုးသားတစ်ဦးကလည်း “သူက အာဏာသိမ်းပြီး ကတည်းက CDM လုပ်ထားတာ။ ပြီးတော့ သူ့ကို ပြည်နယ်ပညာရေးဌာနကလည်း အလုပ် ရပ်နားထားပြီး သားဖြစ်တယ်လေ။ အခုချိန်ထိတော့ ဘာကြောင့်ဖမ်းသွားတာလည်း မသိသေးပါဘူး။ ရဲစခန်းကို နည်းနည်း စုံစမ်းကြည့်လိုက်တော့ အမှုဖွင့်တာ မရှိသေးဘူး”ဟု ပြောသည်။

“အဓိကတော့ CDM လုပ်လို့ ဖမ်းတာလား။ အခုချိန်မှာ CDM လုပ်ထားတဲ့ ဆရာမတွေကို ဖမ်းတယ် ဆိုတာ တော့ သိပ်မရှိဘူး။ ဘာလို့ဆိုတော့ သူကလည်း အလုပ်ကလည်း ရပ်နားထားပြီးသားလည်း ဖြစ်တယ်။ ဘယ်လိုအကြောင်းကြောင့်တွေနဲ့ ဆက်စပ်ပြီး ဖမ်းတာလဲပေါ့၊ ဘာ အထောက်အထားတွေ တွေ့လို့လဲ၊ ဘယ်လိုဆက်စပ်မှုတွေနဲ့ ခုလိုခေါ်ပြီး စစ်ဆေးနေတာလဲပေါ့။ CDM လုပ်လို့ ဖမ်းတယ်ဆိုရင်လည်း အစောကြီးကတည်းက ဖမ်းကြမှာပေါ့”ဟု ၎င်းက ဆက်ပြောသည်။

အဖမ်းခံရသည့်ဆရာမ ဒေါ်ချယ်ရီသက်ရှည်တွင် အသက်အရွယ်ကြီးရင့်သည့် မိခင်နှင့်အတူ အသက် ၁၇ အရွယ်နှင့် ၁၆ နှစ်အရွယ် သားနှစ်ဦးရှိသည်ဟု သိရသည်။

“အခုက ကျွန်မတို့က စိတ်ပူနေရတာကလွဲလို့ ဘယ်လိုလုပ်ရမလဲ မသိဘူး။ ဘယ်မှာသွားပြီး ဘယ်လိုလုပ် ရမလဲ မသိဘူး။ မိသားစုရှိရင် မိသားစုတွေနဲ့ သွားလို့ရသေးတယ်။ အခုက မိသားစု (သားကြီး၊ သမီးကြီး) လည်း မရှိတော့ ပြန်လွှတ်လိုက်မလား၊ ပြန်လာမလားဆိုတာလောက်ပဲ စောင့်နေရတယ်။ သူ့ကို စစ်ဆေး မေးမြန်းလို့ အမှန်တရားတော့ ဖြစ်စေချင်တယ်။ သူ့ကို ရိုက်နှက်တာတွေလုပ်မှာကိုလည်း စိုးရိမ်မိတယ်” ဟု ဒေါ်ချယ်ရီသက်ရှည် အဖမ်းခံရခြင်းအပေါ်  အခြားဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ရခိုင်ဒေသပြည်နယ်တွင် အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခြင်းနှင့် CDM လှုပ်ရှားမှု ကျယ်ကျယ်ပြန့်ပြန့် မရှိသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့်ဆက်စပ်၍ ဖမ်းဆီးခံရမှုအချို့ ရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အားကောင်းရာ ရခိုင်ပြည်နယ်တောင်ပိုင်းတွင် စစ်အာဏာ သိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲအချို့ ပေါ်ပေါက်ခဲ့ပြီး ဒေသခံ NLD ပါတီခေါင်းဆောင် ၁၀ ဦးထက်မနည်း အပြင် အခြားသူအချို့လည်း ဖမ်းဆီးခံထားရသည်။

ရခိုင်တောင်ပိုင်း သံတွဲမြို့၌ ရခိုင့်ဦးဆောင်ပါတီ (AFP) ဝင် ဦးစိန် ချစ်၊ ၎င်းနှင့်အတူ ပရဟိတလုပ်ငန်း လုပ်ကိုင်သည့် အသက် ၂၄ နှစ်အရွယ် ကိုရဲနိုင်ဦး၊ ပြည်နယ်မြောက်ပိုင်း မြောက်ဦးမြို့နယ်မှ လူငယ်စာ ရေးဆရာ မင်းဒီပါတို့ကို PDF နှင့်ဆက်နွယ်သည်ဆိုကာ အောက်တိုဘာလအတွင်း စစ်ကောင်စီက ဖမ်း ဆီးခဲ့သည်။

အလားတူ ပြီးခဲ့သည့် ယခုလဆန်းပိုင်းကလည်း သံတွဲမြို့၌ပင် ဆယ်တန်းကျောင်းသူအပါအဝင် အမျိုးသ မီးသုံးဦးမှာ PDF ကို ငွေကြေးထောက်ပံ့သည်ဟု စွပ်စွဲချက်ဖြင့် အဖမ်းဆီးရပြီးနောက် အကြမ်းဖက်ဥပဒေ ပုဒ်မဖြင့် အမှုဖွင့်ခံထားရသည်။

English version.


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia