မန္တလေးတွင် NLD ထောက်ခံသူ အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

17 November 2021

Ma Kywe Kywe Hlaing (Mandalay Region)

မန္တလေးတွင် NLD ထောက်ခံသူ အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

ဖမ်းဆီးခံရသည့် NLD ထောက်ခံသူ အသက် ၃၅ နှစ်အရွယ် မကြွယ်ကြွယ်လှိုင်။ (ဓာတ်ပုံ-ပေးပို့) 

အဖမ်းအဆီးများသော မန္တလေးမြို့တွင် နောက်ဆုံးဖမ်းဆီးခံရသူတစ်ဦးမှာ NLD ပါတီကို ထောက်ခံကြောင်း အွန်လိုင်းတွင် ပွင့်ပွင့်လင်းလင်း ရေးသားသူဖြစ်သည်။

By Myanmar Now

NLD အနိုင်ရရှိသောရွေးကောက်ပွဲ မဲစာရင်းမှားသည်ဟုဆိုကာ အာဏာသိမ်းခဲ့သည့် စစ်တပ်က NLD နှင့် ပတ်သက်ဆက်နွှယ်နေသူများကို ပစ်မှတ်ထားဖမ်းဆီးနေရာ မန္တလေးမြို့တွင် ပါတီဝင်များ၊ ထောက်ခံအားပေးသူများ ဖမ်းဆီးခံနေရပြီး တချို့သတ်ဖြတ်ခံနေရသည်။

အာဏာဖီဆန်သူများ သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်ကြီးများက သတင်းထုတ်ပြန်ခြင်း မရှိပေ။

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ထောက်ခံသူ အမျိုးသမီးတစ်ဦး နိုဝင်ဘာ ၁၅ တွင် ဖမ်းဆီးခံရပြီးနောက် ၎င်းနှင့် အဆက်အသွယ် မရသဖြင့် မိသားစုက စိတ်ပူနေသည်ဟု သိရသည်။

မွန်းလွဲ ၂ နာရီခန့်တွင် စစ်သား ၆ ဦးက အရပ်ဘက်သုံး လင်ခရူဇာကားဖြင့် ၄၂ လမ်း ( ၇၉ နှင့် လမ်း ၈၀ ကြား) ရှိ  မကြွယ်ကြွယ်လှိုင်၏ နေအိမ်သို့ ရောက်ရှိလာပြီး ဆဲဆိုကြိမ်းမောင်း၍ ဖမ်းခေါ်သွားကြောင်း အနီးနား၌ နေထိုင်သူ မျက်မြင်သက်သေများက ပြောသည်။

“ဆဲဆိုတယ်၊ ကောင်မ သတ္တိတွေကောင်းနေတာ ဟုတ်လား၊ အတင့်ရဲလွန်းတယ်လို့ ပြောဆို ဆဲပြီး ဖမ်းသွားတာ၊ ဘာကြောင့်တော့ မသိရသေးပါဘူး။ အားလုံးလည်း စိတ်ပူနေကြတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ရပ်ကွက်နေအမျိုးသမီးတစ်ဦးက ဆိုသည်။

“အဲဒီအစ်မက NLD ပါတီ ထောက်ခံအားပေးတာ။ (သူက) အာဏာသိမ်းတာ မကြိုက်ကြောင်း၊ NUG ကို ထောက်ခံကြောင်းတို့ အွန်လိုင်းပေါ် ရေးတင်တာတွေ တွေ့တယ်။ ဒါကြောင့်ပဲ ဖမ်းတယ်ထင်ပါတယ်”

အသက် ၃၅ နှစ်အရွယ် မကြွယ်ကြွယ်လှိုင်ကို လက်ရှိတွင် မည်သည့်နေရာ၌ ထိန်းသိမ်းထားသည်ကို မသိရှိရသေးဘဲ ၂ ရက်ကြာ အဆက်အသွယ်ပြတ်တောက်နေသောကြောင့် မိသားစုက အသက်အန္တရာယ်စိုးရိမ်နေသည်ဟု ထိုရပ်ကွက်တွင်နေထိုင်သူ နောက်တစ်ဦးက ပြောသည်။

“သူတို့(စစ်တပ်) ကတော့ ဒီအချိန်မှာ သူတို့ကို ဆန့်ကျင်သမျှ ပုန်ကန်သမျှ ဖမ်းတာတွေ၊ သတ်တာတွေ လုပ်နေတာပဲ။ လက်နက်အားကိုးနဲ့ သူတို့လုပ်သမျှ ပြည်သူက ခံနေကြရတာပဲ”ဟု အဆိုပါ အမည်မဖော်လိုသူ အမျိုးသားက ပြောသည်။

မကြွယ်ကြွယ်လှိုင်ကို ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီတာဝန်ရှိသူနှင့် မဟာအောင်မြေမြို့နယ်ရဲစခန်းတို့ကို Myanmar Now က မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရရှိသေးပေ။

ယမန်နေ့ကလည်း မန္တလေးမှ ပရဟိတအသင်းဥက္ကဋ္ဌကို သွားရောက်ဖမ်းဆီးကြသေးသည်။

မန္တလေးတွင် အာဏာသိမ်းမှုဆန့်ကျင်သူများ၊ NLD ပါတီဝင်များနှင့် ပါတီအားပေးထောက်ခံသူများ၊ NUG, PDF  အားပေးထောက်ခံသူများကို စစ်ကောင်စီက အကြမ်းဖက်ဖမ်းဆီးနေသည့်အပြင် ရပ်ကွက်နေပြည်သူများနှင့် လမ်းသွားလမ်းလာများပါမချန် သံသယဖြစ်ခံရသူမည်သူမဆို ဖမ်းဆီးခံနေရပြီး တချို့မှာ သတ်ဖြတ်ခံနေရသည်။

ပြီးခဲ့သည့် စက်တင်ဘာ၂၃ ညပိုင်းကလည်း မန္တလေး ရှမ်းဝိုင်းရပ်မှ NLD ထောက်ခံသူ အသက် ၅၀ နှစ်အရွယ် ကျောက်မျက်လုပ်ငန်းလုပ်ကိုင်သည့် ဦးပေါက်ကြီးဆိုသူကို အရပ်ဝတ်လက်နက်ကိုင်များက ဖမ်းခေါ်သွားပြီး ဦးခေါင်းကို ပစ်ခတ်ကာ အလောင်းကို စိန်ပန်းကမ်းနားလမ်းပေါ်၌ ပစ်ချထားသည်။

နောက်တစ်နေ့ (စက်တင်ဘာ ၂၄) တွင်လည်း စိန်ပန်းရပ်ကွက်မှ ကွမ်းပစ္စည်းရောင်းဝယ်ရေးလုပ်ကိုင်သူ NLD ပါတီဝင် ကိုရဲရင့်ကို မဟာအောင်မြေမြို့နယ် အမှတ်(၇) ရဲစခန်းအနီး ဗလီရှေ့တွင် အမှတ်(၇) ရဲစခန်းမှ ရဲတပ်သားများက ဦးခေါင်းနှင့် ရင်ဘတ်ကို သေနတ်ဖြင့် အနီးကပ်ပစ်သတ်ခဲ့သည်။

ထိုအမှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia