နတ်မောက်တွင် ဂိမ်းဆော့နေသည့် လူငယ်ကို စစ်ကောင်စီ ပစ်သတ်

November 12th, 2021  •  Author:   Mg Wai Thu Aung (Natmauk Township)  •  1 minute read
Featured image

မကွေးတိုင်း နတ်မောက်မြို့ စခန်းမရွာသုသာန်တွင် နိုဝင်ဘာ ၁၁ ရက် ညနေပိုင်းက ပြုလုပ်သည့် မောင်ဝေသူအောင်၏ ဈာပန။ (ဓာတ်ပုံ-ပေးပို့) 

အိမ်ခြေ ၁၅၀ ခန့်ရှိသည့် စခန်းမရွာသို့ နိုဝင်ဘာ ၁၀ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ ရောက်လာကာ အကြောင်းမဲ့ပစ်ခတ်၍ အသက်(၁၆)နှစ်အရွယ် မောင်ဝေသူအောင် လည်ပင်းကျည်ဆန်ထိမှန်ဒဏ်ရာဖြင့် သေဆုံးသွားသည်။

By Myanmar Now

မကွေးတိုင်း၊ နတ်မောက်မြို့ စခန်းမရွာထိပ် ရေချမ်းစင်ရှိရာ တန်းလျားတွင် နိုဝင်ဘာ ၁၀ ရက် ညပိုင်းက ထိုင်ကာ ဂိမ်းဆော့နေသည့် ဆယ်ကျော်သက်အရွယ် လူငယ်လေးဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်ပစ်ခတ်၍ အသက်(၁၆) နှစ်အရွယ် မောင်ဝေသူအောင်မှာ လည်ပင်းကျည်ဆန်ထိမှန်ဒဏ်ရာဖြင့် သေဆုံးသွားသည်။

အိမ်ခြေ ၁၅၀ ခန့်ရှိပြီး တောင်ယာနှင့် မွေးမြူရေးလုပ်ငန်းဖြင့် အဓိကအသက်မွေးကြသည့် စခန်းမရွာသို့ ထိုညတွင် ကား ၂စီးဖြင့် ရောက်လာသည့် စစ်သားနှင့် ရဲ ၁၅ ဦးခန့်က အကြောင်းမဲ့ပစ်ခတ်မှုများလုပ်ခဲ့သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံ အမျိုးသားနှစ်ဦးက ပြောသည်။

“တန်းလျားပေါ်မှာ သူ(မောင်ဝေသူအောင်) က အိပ်နေတာ။ သူ့သူငယ်ချင်းသုံးယောက်က ဂိမ်းဆော့နေတာ။ အဲဒီအချိန်မှာ ရွာထဲကို စစ်ကားတွေဝင်လာတော့ ကြောက်ကြောက်နဲ့ ထပြေးကြတာ။ သူက အိပ်ချင်မူးတူးနဲ့ ထအပြေး ပစ်ပြီးခေါ်သွားတာ”ဟု ပထမသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့က ထိုသို့ပစ်ခတ်စဉ် အတူရှိနေသည့် လေးဦးအနက် ၂ ဦး ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ကျည်ဆန်ထိမှန်ဒဏ်ရာရသွားသူ မောင်ဝေသူအောင်နှင့် မောင်ဟိန်းမြတ်သူတို့မှာမူ ဖမ်းဆီးခံခဲ့ရသည်။

“အစက ခြေထောက်မှန်ပြီး ဖမ်းခေါ်သွားတာလို့ပဲ ထင်ကြတာ။ ရွာက ဘုန်းကြီးနဲ့ လူကြီးတွေ မြို့ပေါ်လိုက်သွားတော့လည်း မြို့ထဲကို အဝင်မခံဘူး။ နောက်နေ့ (နိုဝင်ဘာ ၁၁) မနက်(၁၀)နာရီမှ အလောင်းထုတ်ခိုင်းမှ သေပြီဆိုတာ သိရတာ။ သူတို့ပြောတာတော့ ထွက်ပြေးလို့ ပစ်လိုက်တာပေါ့”ဟု ထိုသတင်းရင်းမြစ်ကပင် ပြောသည်။

မောင်ဝေသူအောင်၏ အလောင်းကို စစ်ကောင်စီက ပြန်ပေးပြီးနောက်တွင် အတူဖမ်းဆီးခံခဲ့ရသည့် မောင်ဟိန်းမြတ်သူကိုလည်း ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

မွေးချင်းမောင်နှစ်မ လေးဦးအနက် တစ်ဦးတည်းသော သားယောက်ျားလေးဖြစ်ကာ ဒသမတန်းအောင်မြင်ပြီးဖြစ်သည့် မောင်ဝေသူအောင်၏ ဈာပနကို ယမန်နေ့ (နိုဝင်ဘာ၁၁ ) ညနေ (၄)နာရီ၌ ကျေးရွာသုသာန်တွင် သင်္ဂြိုဟ်ပြီးဖြစ်ကြောင်း ဒေသခံ ဒုတိယသတင်းရင်းမြစ်ထံမှ သိရသည်။

“အရမ်းနှမျောပါတယ်ဗျာ။ သိပ်အေးပြီး စာတော်တဲ့ကလေး။ သူက ရိုးတယ်၊ အတယ်၊ စိတ်ရှည်တယ်။ ခုလိုဖြစ်ရတာ ယူကျုံးမရပါဘဲ”ဟု ၎င်းက မှတ်ချက်ပြုသည်။

မောင်ဝေသူအောင် သေဆုံးမှုနှင့် ပတ်သက်၍ နတ်မောက်မြို့နယ်ရဲစခန်းနှင့် စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်းမရှိသေးပေ။

ထို့အတူ မောင်ဝေသူအောင်၏ မိသားစု၊ ၎င်းနှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် မောင်ဟိန်းမြတ်သူတို့နှင့် အဆက်အသွယ်မရသေးသဖြင့် ဖြစ်ပျက်ခဲ့သည့် အသေးစိတ်အခြေအနေကို အတည်မပြုနိုင်သေးပါ။

ဖေဖော်ဝါရီ၁ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ ဆန့်ကျင်ဆန္ဒပြကြရာတွင် နတ်မောက်မြို့သည်လည်း ထက်ထက်သန်သန်ပါဝင်သည်။

ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းသည့်​ စစ်ကောင်စီကို ခုခံမှုများရှိလာချိန်တွင် နတ်မောက်မြို့နယ်အတွင်းရှိ နလခုပ်ပင်ရွာတွင် တပ်စွဲလျက် ကုလားရှင်ရွာ၊ နသမုန်းကုန်းကြီးရွာ၊ ကပေါင်းကုန်းကြီးရွာ၊ လဲဘူးရွာတို့ကို စစ်တပ်က ဖိနှိပ်မှုများလုပ်နေကြောင်း ဒေသခံတို့၏ အဆိုအရ သိရသည်။


Original Post: Myanmar Now