10 November 2021
ဗုံးပေါက်ကွဲမှုသံသယဖြင့် ဖမ်းဆီးခံရပြီး နောက်တစ်နေ့တွင် သေဆုံးခဲ့သည့် ကိုရဲနိုင်အောင်။ (ဓာတ်ပုံ-Supplied)
ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်မှ စျေးသည်တစ်ဦး စစ်သား၊ ရဲ၊ ဒလန်တို့ သွားရောက်ဖမ်းဆီးပြီး နောက်တစ်နေ့တွင် သေဆုံးသွားသည်။
By Myanmar Now
ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ နတ်ရွာတွင် ဗုံးပေါက်ကွဲမှုသံသယဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အမျိုးသားတစ်ဦးကို ဖမ်းဆီးသွားပြီးနောက် နောက်တစ်နေ့တွင် ရဲက သူ့မိသားစုကို အလောင်းလာထုတ်ရန် အကြောင်းကြားခဲ့သည်။
နိုဝင်ဘာ ၈ ၌ ကျေးရွာအုပ်ချုပ်ရေးရုံး ပေါက်ကွဲမှုဖြစ်အပြီး နာရီဝက်အကြာတွင် နတ်ရွာဈေးတွင် လျှပ်စစ်ပစ္စည်း၊ မုန့်ဟင်းခါးနှင့် ထမင်းကြော်ဆိုင် ဖွင့်လှစ်ရောင်းချနေသည့် အသက်၂၇ နှစ်အရွယ် ကိုရဲနိုင်အောင် (ခ) ကိုရဲကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သိရသည်။
စစ်သား၊ ရဲ၊ ဒလန်သတင်းပေးတို့ ပါဝင်သည့် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီး၍ ထန်းတပင်မြို့နယ်ရဲစခန်းသို့ ခေါ်ဆောင်သွားပြီးနောက် နောက်တစ်နေ့ (နိုဝင်ဘာ ၉) ညနေတွင် အလောင်းပြန်ထုတ်ရန် အကြောင်းကြားသည်ဟု ဆွေမျိုးတော်စပ်သူတစ်ဦးက Myanmar Now ကို ပြောသည်။
“ဒီတိုင်း အလွတ်ကြီးဖမ်းသွားတာ။ ဗုံးကွဲသံသယဆိုတာကလွဲရင် ဘာမှ မသိရတာ။ ကောင်လေးက ဟော့ဟော့ရမ်းရမ်း မရှိပါဘူး။ နည်းနည်း သောက်တတ်စားတတ်တာလေးပဲ ရှိတာ။ ဘာသာကွဲ (မွတ်ဆလင်) ဆိုပေမဲ့ ပွဲလမ်းသဘင်တွေ၊ အသုဘတွေ အကုန်ဝိုင်းကူလုပ်ပေးတယ်။ ရန်ငြိုးရန်စလည်း မရှိပါဘူး” ဟု ထိုဆွေမျိုးက ဆိုသည်။
လုံခြုံရေးအရ အမည်မဖော်လိုသည့် နတ်ရွာဒေသခံတစ်ဦးက ကိုရဲနိုင်အောင်သည် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အစောပိုင်းကာလဆန္ဒပြပွဲများတွင် ရံဖန်ရံခါ ပါဝင်ခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ သူတစ်ဦးတည်းသာ အဖမ်းခံရခြင်းဖြစ်ကြောင်း ပြောသည်။
ကိုရဲနိုင်အောင် ဖမ်းဆီးခံရသည့်နေ့၌ မိသားစုဝင်များက ရဲစခန်းသို့ သွားရောက်စုံစမ်းခဲ့သော်လည်း တွေ့ခွင့်မပေးကြောင်း အထက်ပါ ဆွေမျိုးတော်စပ်သူက ဆိုသည်။
မိသားစုက အလောင်းသွားရောက်ကြည့်ရှု၍ ညတွင်းချင်းသင်္ဂြိုဟ်ခဲ့ရကြောင်း၊ အသေးစိတ်အခြေအနေကို ကျန်မိသားစုဝင်များ၏ လုံခြုံရေးအတွက် ပြောပြ၍ မရကြောင်း ထိုသူက ဆက်ပြောသည်။
ကိုရဲနိုင်အောင်သည် မွေးချင်းသုံးဦးအနက် အငယ်ဆုံးဖြစ်ပြီး အိမ်ထောင်မရှိဟု သိရသည်။
စစ်ကောင်စီသည် ၎င်းတို့ကိုဆန့်ကျင်သူဟု ယူဆလျှင် ဖမ်းဆီးနှိပ်စက် စစ်ဆေးပြီး သတ်ဖြတ်မှုများပြုလုပ်ခြင်း၊ အလောင်းပြန်ပို့ခြင်းများ ပြုလုပ်နေသည်။ တချို့မှာမူ မိသားစုက အလောင်းပင် ပြန်မရခဲ့သော ဖြစ်စဉ်များ မကြာခဏဖြစ်ပေါ်နေသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၄ နာရီအတွင်း သေဆုံးရသူ ၆၆ ဦးအထိ ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြုစုထားသည့် ဩဂုတ်လအထိ စာရင်းအရ သိရသည်။
စစ်ဆေးမေးမြန်းစဉ် ကိုရဲနိုင်အောင်သေဆုံးမှုအကြောင်း ပိုမိုသိရှိနိုင်ရန် ထန်းတပင်မြို့မရဲစခန်းကို ယနေ့ ဖုန်းဆက်မေးမြန်းရာ တာဝန်ကျရဲအရာရှိက ဖြေဆိုရန် ငြင်းဆန်သည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
25 February 2025
25 February 2025
21 February 2025
CSO Working Group on Independent National Human Rights Institution (Burma/Myanmar) , Asian NGO Network on National Human Rights Institutions (ANNI)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.