စစ်အာဏာရှင်ဆန့်ကျင်သူ လူငယ်တစ်ဦး၏ ဖခင် ပစ်သတ်ခံရပြီး ၁၅ ဦးအဖမ်းခံထားရ

စစ်အာဏာရှင်ဆန့်ကျင်သူ လူငယ်တစ်ဦး၏ ဖခင် ပစ်သတ်ခံရပြီး ၁၅ ဦးအဖမ်းခံထားရ

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွင် ပါဝင်သော ကိုကောင်းဆက်ကို စစ်ကောင်စီက နိုဝင်ဘာ ၃ ရက်တွင် ဖမ်းဆီးခဲ့သည်။ (ဓာတ်ပုံ − ပေးပို့)

ဖမ်းဆီးခံရသူအများစုမှာ အသက် ၁၇ နှစ်မှ ၃၀ ကြားရှိ လူငယ်များဖြစ်ကြပြီး ရန်ကုန်မြို့တွင် ဖောက်ခွဲမှုများ၊ လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်သည်ဟု စစ်ကောင်စီက စွပ်စွဲထားသည်

By Myanmar Now

ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုများတွင် ပါဝင်သည့် လူငယ်တစ်ဦး၏ ဖခင်ကို စစ်တပ်က ပစ်သတ်ခဲ့ပြီးနောက် အဆိုပါလူငယ်အပါအဝင် ၁၅ ဦးကို စစ်ကောင်စီက ဆက်တိုက်ဖမ်းဆီးခဲ့သည်။

ဆန္ဒပြလှုပ်ရှားမှုများတွင် ပါဝင်နေသည့် ရန်ကုန်၊ ပုဇွန်တောင်မြို့နယ်မှ အသက် ၂၀ ကျော်အရွယ် ကိုကောင်းဆက်၏ ဖခင်ဖြစ်သူ ဦးမျိုးလွင်မှာ အောက်တိုဘာ ၂၈ ရက်တွင် စစ်တပ်က လိုက်လံဖမ်းဆီးစဉ် ပစ်သတ်ခံရကြောင်း နီးစပ်သူတစ်ဦးက Myanmar Now ကို နိုဝင်ဘာ ၈ ရက်တွင် ပြောသည်။

“ကားနဲ့ နောက်ကနေ လိုက်ဖမ်းတာ။ ရပ်မပေးလို့ဆိုပြီးတော့ ပစ်ဖမ်းတာပေါ့နော်။ အဲဒီနေရာမှာတင် ဆုံးတာတော့ မဟုတ်ဘူး။ သူက အသက်ရှိသေးတယ်။ ခေါ်သွားပြီးတော့ သေနတ်ဒဏ်ရာကို ဆေးကုမပေးဘူးနဲ့တူတယ်။ မနက်မိုးလင်းတော့ အိမ်ကို အလောင်းလာထုတ်ဖို့ ဖုန်းဆက်တာပဲ” ဟု ကိုကောင်းဆက်နှင့် ရင်းနှီးသူက ပြောသည်။

အောက်တိုဘာ ၂၉ နံနက်တွင် အလောင်းလာထုတ်ရန် စစ်တပ်က မိသားစုဝင်များကို အကြေင်းကြားပြီးနောက် နိုဝင်ဘာ ၁ ရက်တွင် ကိုကောင်းဆက်၏ ဦးလေးဖြစ်သူ ဦးမျိုးသက်ဝေကို စစ်ကောင်စီက နေအိမ်၌ လာရောက်ဖမ်းဆီးခဲ့သည်။

“သူ့ဦးလေးက ဘာမှ ဒီလှုပ်ရှားမှုမှာ ပါနေတာ မဟုတ်ဘူး။ သူ့ဦးလေးကို ထပ်ဖမ်းပြီးတော့ တီဗီမှာ ကြေညာတယ်” ဟု ကိုကောင်းဆက်၏ မိတ်ဆွေက ဆိုသည်။

ထို့နောက် ကိုကောင်းဆက်နှင့်အတူ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများ၌ ပါဝင်နေသူများကို စစ်ကောင်စီက ဆက်တိုက်ဖမ်းဆီးပြီး နိုဝင်ဘာ ၂ ရက်တွင် သတင်းထုတ်ပြန်သည်။ ဖမ်းဆီးခံရသူများမှာ ကိုနိုင်ရဲထွန်း၊ ကိုလင်းထက်ဆန်း၊ ကိုနန္ဒအောင်လင်း၊ ကိုဇင်မင်းထက်၊ ကိုမင်းဟိန်းခန့်၊ မဆုမြတ်ထွေး၊ ကိုဇင်ကိုဟိန်း၊ ကိုရဲလင်းအောင်၊ ကိုဖန်မှူးအိမ်၊ ကိုမောင်မျိုး၊ မချစ်ပုံ၊ ဦးမျိုးသက်ထွေးနှင့် ကိုအောင်နိုင်ဦး ဆိုသူတို့ ဖြစ်ကြသည်။

ဖမ်းဆီးခံရသူအများစုမှာ အသက် ၁၇ နှစ်မှ ၃၀ ကြားရှိ လူငယ်များဖြစ်ကြပြီး ၎င်းတို့သည် ရန်ကုန်မြို့တွင် ဖောက်ခွဲမှုများ၊ လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်သည်ဟု စစ်ကောင်စီက စွပ်စွဲထားကာ ၎င်းတို့နှင့်အတူ လက်နက်များပါ သိမ်းဆည်းရမိကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်က ဆိုသည်။

ကိုကောင်းဆက်၏ ဦးလေးဖြစ်သူ ဦးမျိုးသက်ဝေမှလွဲ၍ ကျန်လူငယ်များမှာ ရန်ကုန်မြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် ပါဝင်လှုပ်ရှားနေသူများဖြစ်ကြောင်း ကိုကောင်းဆက်၏ မိတ်ဆွေက ပြောသည်။

ဩဂုတ်လအတွင်းက လူငယ်အချို့ တိုက်ပေါ်မှ ခုန်ချစဉ် သေဆုံးခဲ့သည့် ဗိုလ်တထောင်မြို့နယ် ၄၄ လမ်းရှိ တိုက်ခန်းတစ်ခု ဝင်ရောက်စီးနင်းခံရမှုအပြီးတွင် လူငယ်အချို့က 44st UG ဟု သီးခြား ဖွဲ့စည်းကာ မြေအောက်တော်လှန်ရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ရာတွင် ကိုကောင်းဆက်ပါဝင်သည်ဟု စစ်ကောင်စီက ဆိုသည်။

ကိုကောင်းဆက်သည် စစ်အာဏာရှင်ဆန့်ကျင်ရေး အထွေထွေသပိတ်ကော်မတီ (GSC) အောက်ရှိ ပုဇွန်တောင်၊ ဗိုလ်တထောင်လူငယ်များသပိတ်ကော်မတီ (PBYSC) တွင် ပါတင်လှုပ်ရှားခဲ့သည်ဟု သိရသည်။

စစ်ကောင်စီက ထိုသို့သတင်းထုတ်ပြန်အပြီး နိုဝင်ဘာ ၃ ရက် နံနက်ပိုင်းတွင် ကိုကောင်းဆက်နှင့် မိတ်ဆွေ ကိုဝေထွန်းဆိုသူတို့ ရန်ကုန်မြို့အထွက် စစ်ဆေးရေးဂိတ်တစ်ခုတွင် အဖမ်းခံရပြီး ယနေ့အချိန်ထိ အဆက်အသွယ်မရသေးကြောင်း အထက်ပါ မိတ်ဆွေက ပြောသည်။

ကိုကောင်းဆက်ကို အမွေပြတ်စွန့်လွှတ်ကြောင်း ၎င်း၏ မိခင်က အောက်တိုဘာ ၃၁ ရက်နေ့ကတည်းက နိုင်ငံပိုင်သတင်းစာတွင် ကြေညာခဲ့သည်။

“သူ(ကိုကောင်းဆက်) ကတော့ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ တကယ်ကို ရွပ်ရွပ်ချွံချွံ ပါဝင်တဲ့ လူငယ်တစ်ယောက်ပေါ့နော်။ သူရော ကိုဝေထွန်းရောပေါ့။ ကျွန်တော်တို့ သိတာတော့ အတူတူသပိတ်မှောက်တယ်၊ လမ်းပေါ်ထွက် ဆန္ဒပြတယ်ဆိုတဲ့ဟာတွေ လုပ်တာရှိတယ်လို့ သိတယ်” ဟု ကိုကောင်းဆက်၏ မိတ်ဆွေက ပြောသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက် ယမန်နေ့ (နိုဝင်ဘာ ၉) အထိ စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးခဲ့သူ ၁၂၄၄ ဦးရှိကာ ဖမ်းဆီးခံရသူ ၉၉၀၀ ရှိသည်။


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia