အာဏာရှင် သုံးဆက်စလုံးကို အပြုံးမပျက်ရင်ဆိုင်ခဲ့သူ ဦးဝင်းထိန်

October 30th, 2021  •  Author:   U Win Htein (A patron of NLD)  •  1 minute read
Featured image

ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးချုပ်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဥရောပသမဂ္ဂ ဒုတိယဥက္ကဌ Catherine Ashton တို့အကြား ၂၀၁၂ ခုနှစ်တွင် တွေ့ရသည့် ဦးဝင်းထိန်။ (ဓာတ်ပုံ – EPA)   

အသက် ၈၀ အရွယ် ကျန်းမာရေးချို့ယွင်းနေသည့် ဦးဝင်းထိန်က ၎င်း၏ ၉လနီးပါး တရားခွင်နေ့ရက်များကို ပျော်ရွှင်စွာဖြတ်သန်းခဲ့ပြီး CDM မလုပ်ဘူးလားဟု မေး၍ တရားသူကြီးနှင့် ဥပဒေအရာရှိတို့ ခေါင်းငုံ့နေခဲ့ရသည်ဟု ရှေ့နေက ပြောသည်။

By Myanmar Now

အသက် ၈၀ အရွယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက ဦးဝင်းထိန်မှာ အကျပ်အတည်းများ ကြုံရတိုင်း “ဒုက္ခပါပဲ သုခရာ”ဟု အရွှန်းဖောက်လေ့ရှိသူဖြစ်သည်။ စစ်ကောင်စီကို ဝေဖန်မှုဖြင့် အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးခံရပြီး အမှုရင်ဆိုင်နေရသူလည်းဖြစ်သည်။

ယမန်နေ့တွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ – က အရ အမြင့်ဆုံး ထောင်နှစ် ၂၀ ချမှတ်ခံရချိန် ဦးဝင်းထိန်က အောက်ပါအတိုင်းမှတ်ချက်ပြုသည်။

“အစကတည်းက ချခိုင်းထားတာပဲ။ အမှုတောင် စစ်စရာမလိုဘူး။ စောစောစီးစီးချလိုက် ပြီးရောတဲ့။ အခု ၉ လလောက်တောင် အချိန်ကုန်သွားသေးတယ်တဲ့”။

နေပြည်တော်အချုပ်ထောင်အတွင်း သီးသန့်ဖွင့်ထားသည့် တရားခွင်၌ ဦးဝင်းထိန်က ထိုသို့တုံ့ပြန်ခဲ့ကြောင်း ၎င်း၏ ရှေ့နေ ဦးမြင့်သွင်က ပြန်ပြောပြသည်။

စစ်တပ်က အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ တွင် နေပြည်တော်၌ ရှိနေစဉ် စစ်ခေါင်းဆောင်၏ လုပ်ရပ် မှားကြောင်း၊ အနုနည်းဖြစ်သည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ဖြင့် တုံ့ပြန်သင့်ကြောင်း သတင်းဌာနအချို့ကို ပြောခဲ့၊ ပြည်သူသို့ ပန်ကြားချက်ထုတ်ခဲ့ပြီး သုံးရက်အကြာ (ဖေဖော်ဝါရီ ၄) တွင်ပင် စစ်ကောင်စီက ဦးဝင်းထိန်ကို တရားစွဲခြင်းဖြစ်သည်။

ယင်းသို့ပြောဆိုအပြီး ရန်ကုန်မြို့သို့ ပြန်သွားသည့် ဦးဝင်းထိန်ကို ထိုနေ့က ညတွင်းချင်းဖမ်းဆီးကာ နေပြည်တော်အချုပ်ထောင်သို့ ပြန်ခေါ်လာပြီးနောက် အမှုကို ပထမဆုံးရင်ဆိုင်ရသည့် ဖေဖော်ဝါရီ ၁၉ ရုံးချိန်းကတည်းကပင် ချက်ခြင်းအမိန့်ချပေးရန် ဦးဝင်းထိန်က အမှန်တကယ်တောင်းဆိုခဲ့ဖူးသည်။

သူ၏ ဆန္ဒအတိုင်း ဖြစ်မလာသော်လည်း ဒက္ခိဏခရိုင် တရားသူကြီး ဦးရဲလွင် ဦးစီးပြီး တရားသူကြီးနှစ်ဦးပါ ခုံအဖွဲ့ဖြင့် အပတ်စဉ် သောကြာနေ့တိုင်း စစ်ဆေးသည့် ကာလရှည်တရားခွင်များကို ရောဂါမျိုးစုံရှိ၍ ဘီးတပ်ကုလားထိုင်ဖြင့် သွားလာနေရသူ ဦးဝင်းထိန်က တည်ငြိမ်စွာ ဖြတ်သန်းခဲ့သည်ဟု သူ၏ ရှေ့နေထံမှ သိရသည်။

“(တရားခွင်ကို) ရဲတွေက တွဲလာကြတယ်။ ပြီးရင် ဘီးတပ်ကုလားထိုင်ကြီးနဲ့ပဲ နေရတယ်။ ပြီးတော့ သူက ညအိပ်ရင်လည်း အောက်ဆီဂျင်တပ်ပြီး အိပ်ရတယ်။ အဲဒါလည်း နှစ်ပေါင်းများစွာ ကြာပြီ။ ဒါပေမဲ့ သူ့ခံစားချက်တွေ သူက မပြောဘူး”ဟု ဦးမြင့်သွင်က ဆိုသည်။

ဦးဝင်းထိန်တွင် သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက် ဟော်မုန်းအားနည်းရောဂါ၊ ဆီးကျိတ်ကြီးရောဂါများ ရှိကြောင်း၊ လိုအပ်သည့် ဆေးဝါးနှင့် ဆေးပစ္စည်းများ အကျဉ်းထောင်သို့ ပို့ဆောင်ခွင့်ရရေးကိစ္စမှာ အရေးကြီးကြောင်း ၎င်း၏ ရှေ့နေအဖွဲ့ထံမှ သိရသည်။

၂၀၂၀ ရွေးကောက်ပွဲအတွက် NLD ပါတီက ပြုလုပ်သော ပါတီအစည်းအဝေးသို့ ဦးဝင်းထိန်တက်ရောက်စဉ်။ (ဓာတ်ပုံ – Myanmar Now)  

ထိုအခြေအနေတွင် နေ့စဉ် သီလဆောက်တည်၊ ဥပုသ်စောင့်သည့် ဦးဝင်းထိန်က သူ၏ တရားခွင်နေ့ရက်များကို အသက်အရွယ်၊ ကျန်းမာရေး၊ လောကဓံတို့၏ ပကတိအခြေအနေများကို အရှိတရားအတိုင်း တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်ခဲ့သည်ဟု ရှေ့နေ ဦးမြင့်သွင်က ပြောသည်။

“တရားသူကြီးက Mask လေးတပ်လိုက်ဦးမလားတဲ့။ ရတယ် မလိုဘူးတဲ့ ကျွန်တော်က အသက် ၈၀ သေခါနီးနေပြီတဲ့။ တပ်စရာမလိုပါဘူးဗျာတဲ့။ ထောင်ထဲမှာ ကိုဗစ်ဆေးထိုးခံဖို့ဆိုတာတောင်မှ ကျွန်တော် မထိုးဘူးတဲ့။ ကျွန်တော်တို့က သေမဲ့သူတွေပဲတဲ့။ ဘာမှထိုးစရာ မလိုပါဘူးတဲ့”ဟု တရားခွင်အတွင်း အဖြစ်အပျက်တစ်ခုကို နမူနာပြ၍ ၎င်းက ပြန်ပြောသည်။

ထို့ပြင် ကာလရှည်ရင်ဆိုင်ခဲ့ရသည့် တရားခွင်အတွင်း စစ်ကောင်စီဘက်မှ ဥပဒေအရာရှိ မေးသမျှကို သူ၏ ထုံးစံအတိုင်း ယုံကြည်ချက်၊ ခံယူချက်ကို သွေဖည်စေခြင်းမရှိဘဲ ဟုတ်တိုင်းမှန်ရာသာ ဦးဝင်းထိန်က ထွက်ဆိုခဲ့ကြောင်း သိရသည်။

သတင်းစာရှင်းလင်းပွဲ၊ ပြည်သူသို့ပန်ကြားချက်၊ အာဏာသိမ်းမှုကြောင့် ၂၀၀၈ အခြေခံဥပဒေ ပျက်ပြီ စသဖြင့် မှတ်ချက်၊ လုပ်ဆောင်ချက်များကို အကြောင်းပြ၍ စစ်ကောင်စီက စွပ်စွဲထားသည့် ထိုအမှုတွင် ပြစ်ဒဏ်လျော့ပေါ့စေရန်အလို့ငှာ ဦးဝင်းထိန်က ဘူးကွယ်ခြင်းမျိုး တစ်ခုမျှမလုပ်ခဲ့ဟု ဦးမြင့်သွင်က ပြောသည်။

ခေါင်းဆောင်များ ဖမ်းခံထားရပြီးချိန်တွင် လက်ရှိအာဏာရပါတီလည်းဖြစ်၊ စစ်တပ်က ငြင်းဆန်ခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရပါတီ NLD ၏ နာယကဖြစ်သည့်အတွက် ပြည်သူသို့ အသိပေးသင့် အသိပေးထိုက်သည်များကို ပြောခြင်းဖြစ်သည်ဟုသာ တရားခွင်၌ ဦးဝင်းထိန်က တုံ့ပြန်သည်။

စစ်ကောင်စီ၏ ဥပဒေအရာရှိက ဦးဝင်းထိန်အပေါ် ပြစ်မှုထင်ရှားစေရန် ၎င်း၏ မှတ်ချက်ပြုမှုများ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်ရန် လှုံ့ဆော်ခဲ့မှုများကြောင့် ပြည်သူများ ပုန်ကန်ထကြွနေကြောင်း ပြောရာတွင်လည်း ဦးဝင်းထိန်က မည်သည့်အတွက် ထိုသို့ပြောရသည့်အကြောင်းကိုသာ တရားခွင်သို့ ရှင်းပြသည်။

“(ပုန်ကန်ထကြွတာကတော့) ပြည်သူတွေက သူတို့ဆန္ဒနဲ့ သူတို့ပဲ။ ပြည်သူတွေရဲ့ လွတ်လပ်ပိုင်ခွင့်ပဲ။ CDM လုပ်ဖို့ ပြောတာ မှန်တယ်။ ပြောခဲ့တယ်ဆိုတဲ့အကြောင်းလည်း ပြောပါတယ်”ဟု ဦးမြင့်သွင်က ပြောသည်။

နေ့ရက် အတိအကျမမှတ်မိသည့် ထိုနေ့က တရားခွင်တွင် စစ်ကောင်စီ၏ တရားသူကြီးနှစ်ဦးနှင့် ဥပဒေအရာရှိကို သူ၏ ထုံးစံအတိုင်း ဦးဝင်းထိန်က အရွှန်းဖောက်ခဲ့သေးသည်။

“တရားသူကြီးနဲ့ ဥပဒေအရာရှိတွေကို လှမ်းပြီးမေးလိုက်သေးတယ်။ ခင်ဗျားတို့ရော CDM မလုပ်ကြဘူးလားဗျာတဲ့။ မေးတော့ တရားသူကြီးတွေရော၊ ဥပဒေအရာရှိတွေရော ခေါင်းငုံ့နေတာပေါ့”ဟု ဦးမြင့်သွင်က ပြောသည်။

သို့သော် ယမန်နေ့ (အောက်တိုဘာ ၂၉)တွင် အမိန့်ချပြီးနောက် လာမည့် တနင်္လာနေ့ (နိုဝင်ဘာ ၁) တွင် လက်ရှိ နေပြည်တော်အချုပ်ထောင်မှ မန္တလေး အိုးဘိုအကျဉ်းထောင်သို့ ပြောင်းရမည့် ဦးဝင်းထိန်၏ ကျန်းမာရေးကိုမူ ရှေ့နေအဖွဲ့က စိတ်ပူနေသည်။

ဦးဝင်းထိန်အတွက် လိုအပ်သည့် ဆေးဝါးနှင့် အောက်ဆီဂျင်တို့ အလျဉ်မီစွာ ပို့ခွင့်မရမည်ကို စိုးရိမ်သည်ဟု ဦးမြင့်သွင်က ပြောသည်။

အာဏာရှင်ဟောင်းဦးနေဝင်းနှင့်ပင် ရင်ဆိုင်ခဲ့ရသူ 

စစ်တက္ကသိုလ်တွင် ထူးချွန်ဆုနှစ်ဆု ပထမဆုံးရသူဟု မှတ်တမ်းဝင်ခဲ့သည့် ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်မှာ စစ်အာဏာရှင်က ပေးသည့် လောကဓံများကို ယခုမှ ကြုံတွေ့ဖူးသည်တော့ မဟုတ်ပါ။

၁၉၆၃၊ စစ်တက္ကသိုလ် အပတ်စဉ် (၅) ဗိုလ်သင်တန်းဆင်းပွဲတွင် အောင်စစ်သည်နှင့် စာပေဆုနှစ်ခု ဆွတ်ခူးခဲ့သူ ဦးဝင်းထိန်ကို အာဏာရှင် ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်းကလည်း ဒုက္ခပေးခဲ့ဖူးသည်။

နေပြည်တော် အပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းဗဟိုဌာနတွင် ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအခမ်းအနားတစ်ခုသို့ တက်ရောက်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နာယက ဦးဝင်းထိန်။ (ဓာတ်ပုံ- Myanmar Now)  

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် အာဏာသိမ်းစစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းကို လုပ်ကြံရန်ကြံစည်မှုတွင် ပါဝင်သည်ဆိုကာ ထိုစဉ်က စစ်တပ်အရာရှိတစ်ဦးဖြစ်သူ ဗိုလ်ကြီးဝင်းထိန် ထိန်းသိမ်းခံခဲ့ရသည်။ ထိုကြံစည်မှု ဦးဆောင်သူ ဗိုလ်ကြီးအုန်းကျော်မြင့်နှင့် ရင်းနှီးသူ ဦးဝင်းထိန်မှာ ၁၉၇၆ ခုနှစ်တွင် နာမည်ကျော် ရေကြည်အိုင်စစ်ကြောရေးစခန်းတွင် ခြောက်လကြာ ထိန်းသိမ်းခံခဲ့ရသည်။

ပြစ်မှုမထင်ရှား၍ ပြန်လွတ်သော်လည်း ဦးနေဝင်းအစိုးရက ဗိုလ်ကြီးအုန်းကျော်မြင့်အမှုတွင် တရားလိုသက်သေစာရင်း ထည့်သွင်းခံရသည့် ဦးဝင်းထိန်က တရားခွင်တစ်ခုတွင် ပျော်ပျော်ရွှင်ရွှင်၊ ပေါ့ပေါ့ပါးပါး စရိုက်အတိုင်းသာ ပြောဆိုပြုမူသဖြင့် နောက်တစ်ကြိမ် အမှုပတ်မည့်အရေးကို ရင်ဆိုင်ရသည်။

ထိုအကြောင်းကို ၎င်းကိုယ်တိုင်ရေးသားပြီး ၂၀၁၆ တွင် ထုတ်ဝေသည့် “ကျွန်တော်ရေးချင်တဲ့အကြောင်း၊ ကျွန်တော်ပြောချင်တဲ့အကြောင်း၊ ဗိုလ်ကြီးအုန်းကျော်မြင့်၊ နိုင်ငံတော်လုပ်ကြံမှု” စာအုပ်တွင် ထည့်သွင်းဖော်ပြထားသည်။

တရားခွင်တစ်ခုအတွင်း ဗိုလ်ကြီးအုန်းကျော်မြင့်ကို ဥပေစ္ဆေဒကံ (တစ်ပါးသူကြောင့်သေသည့်ကံ) ပါမပါ လက္ခဏာကြည့်ရန် ကြိုးပမ်းရာတွင် ၎င်းကို အမြင်မကြည်သည့် ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များက တရားခံအား ဂုဏ်ပြုသည်ဟုဆိုကာ အထက်အရာရှိတို့ထံ အစီရင်ခံခဲ့ကြောင်း၊ ကံကောင်းထောက်မစွာဖြင့် အရေးယူမခံရကြောင်း ထိုစာအုပ်တွင် ရေးထားသည်။

ယခုဆောင်းပါးကို ရေးသားသူက ၂၀၁၇ ခုနှစ်အတွင်း Frontier Myanmar မဂ္ဂဇင်းအတွက် “ဦးဝင်းထိန် (သို့မဟုတ်) NLD ၏ ခေါင်းကိုင်ဖခင်” ဆောင်းပါးကို ရေးသားစဉ် နေပြည်တော်၌ ထိုအကြောင်း မေးသည့်အခါ ဦးဝင်းထိန်က ရယ်ပွဲဖွဲ့၍ အောက်ပါအတိုင်းမှတ်ချက်ပြုသည်။

“တရားခွင်တစ်ခုပြီးတဲ့အချိန်မှာ အုန်းကျော်မြင့်ရှေ့ကနေ ဖြတ်သွားတော့ ဟေ့ကောင် ပြစမ်း မင်းလက္ခဏာဆိုပြီး နောက်ပြောင်တဲ့သဘောနဲ့ ကြည့်ဖို့လုပ်တာ။ ထောက်လှမ်းရေးက တရားခံနဲ့ အဲဒီလို ရင်းရင်းနှီးနှီးမနေရဘူးဆိုပြီး အော်လို့ မကြည့်ဖြစ်လိုက်ရပါဘူး”ဟု ၎င်းက ပြောခဲ့သည်။

ကံကောင်းသည်မှာ ထိုအပြုအမူကြောင့် အရေးယူမခံခဲ့ရ။ သို့သော် ထိုဖြစ်စဉ်ပြီးနောက်တွင် တပ်မှ နုတ်ထွက်ခဲ့ရသည်။

ဘဝကို အသစ်ပြန်စရသည့် ဦးဝင်းထိန်မှာ ပုဂ္ဂလိကလုပ်ငန်းများကို ရှင်သန်ခွင့်မပေးသည့် ဦးနေဝင်း၏ မဆလအစိုးရလက်အောက်တွင် သကြားနှင့် အရက်ထုတ်လုပ်သည့် ဥရောပကုမ္ပဏီများ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှပ်နှံနိုင်ရန် လျှို့ဝှက်ာကူညီကာ အောင်မြင်သည့် စီးပွားရေးသမားဘဝကို ထူထောင်နိုင်ခဲ့သည်။

ထို့နောက် ၁၉၈၈ အရေးအခင်းကာလအရောက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးတင်ဦး၏ အဆက်အသွယ်ဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်ခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီစည်းရုံးရေးခရီးများတွင် ဦးဝင်းထိန်မှာ လုံခြုံရေးကိစ္စများ စီစဉ်ကြီးကြပ်ခဲ့ရသူ ဖြစ်သည်။

၁၉၈၈ မှ ၂၀၀၉ ခုနှစ်ကာလကြား ဦးနေဝင်းကို ဆက်ခံသည့် အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေခေတ်တွင် ဦးဝင်းထိန်မှာ နိုင်ငံရေးပုဒ်မများဖြင့် နှစ်ကြိမ်တိုင် ထောင်ချခံရပြီး၊ ထောင်ထဲတွင် အနည်းဆုံး အနှစ် ၂၀ ခန့် နေထိုင်ခဲ့ရသည်။

ယင်းနောက်တွင် NLD က ပြန်လည်ယှဉ်ပြိုင်ပြီး အပြတ်အသတ်အနိုင်ရခဲ့သည့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်အမတ်အဖြစ်၂၀၁၅ ခုနှစ်အထိ တာဝန်ထမ်းသည်။

NLD ကပင် အပြတ်အသတ်အနိုင်ရသည့် ၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်းတွင် စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထံမှ အစိုးရတာဝန်လွှဲပြောင်းရယူရာတွင် ဦးဝင်းထိန်က ဦးဆောင်ခဲ့သည်။

NLD အစိုးရဖြစ်ပြီးနောက်တွင် တပ်မတော်နှင့် ပတ်သက်သည့် ၎င်း၏ မှတ်ချက်အချို့ကြောင့် တင်းမာမှုအချို့ ပေါ်ပေါက်ခဲ့ပြီးနောက်တွင် အသက်အရွယ်ရလာသည့် ဦးဝင်းထိန်မှာ နေ့စဉ်လုပ်ငန်းများနှင့် တိုက်ရိုက်မပတ်သက်သည့် နာယကအဖြစ် ပါတီက တာဝန်ပေးခဲ့သည်။

အစိုးရဖြစ်ကာစ NLD နှင့် ပတ်သက်၍ Facebook ၌ စာအတုများ၊ ကြေညာချက်များထွက်ပေါ်နေချိန် ၂၀၁၇ တွင် နေပြည်တော် စည်ပင်ဧည့်ရိပ်သာ၌ ရှိနေသည့် ဦးဝင်းထိန်ကို သတင်းထောက်များက သွားရောက်မေးမြန်းရာ ၎င်း၏ ဖြေကြားချက်အတွင်း အခြေအမြစ်မရှိသည့် ပုတ်ခတ်မှုများပါဝင်ကြောင်း၊ တုံ့ပြန်မည်ဖြစ်ကြောင်း တပ်မတော်က ကြေညာချက်ထုတ်ရသည်အထိ ဖြစ်ဖူးသည်။

ယုံကြည်ချက်ကို သစ္စာမဖောက်သူ

ဦးဝင်းထိန်သည် မည်သို့သော တိုက်ခိုက်မှုပင်ဖြစ်စေ၊ မည်သို့ပင် အခက်ကြုံနေရပါစေ ယုံကြည်မှုမှ မသွေဖည်ဘဲ ရဲရဲဝင့်ဝင့် ပေါ်ပေါ်တင်တင် ထုတ်ဖော်ပြောဆိုရဲသူဖြစ်သည်။

၂၀၁၇ မေလ ဒုတိယပတ်အတွင်း ည ၆ နာရီခန့်တွင် ငါးဦးထက်မပိုသော နေပြည်တော်အခြေစိုက် သတင်းထောက်အချို့ကို သမ္မတရုံးမှ အရာရှိအဆင့်တစ်ဦးက ဖုန်းဖြင့် ဆက်သွယ်လာပြီး စည်ပင်ဧည့်ရိပ်သာရှိ ဦးဝင်းထိန်နေထိုင်ရာ အခန်းသို့ အမြန်လာရောက်ပါရန် အကြောင်းကြားသည်။

ဦးဝင်းထိန်ရှိနေသည့် နေရာသို့ ရောက်နေသည့် အဖွဲ့တွင် ထိုအရာရှိ ဦးဆောင်သည့် နိုင်ငံပိုင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူးရေးအဖွဲ့ဝင်အချို့လည်း ရှိနေသည်။

တပ်မတော်က ကန့်ကွက်ထားသည့် ကိစ္စအပေါ် ပြေရာပြေကြောင်း ပြန်လည်ပြောဆို ဖြေရှင်းပေးပါရန် သဘောပါသည့် စကားလုံးများသုံး၍ သမ္မတရုံးအရာရှိက ဦးဝင်းထိန်ကို မေတ္တာရပ်ခံသည်။ သတင်းထောက်တို့ကိုလည်း သတင်းတင်ဆက်ခွင့်ပြုကြောင်း၊ ဖြစ်နိုင်ပါက မြန်မြန်တင်ပေးစေလိုကြောင်း ထိုအရာရှိက ပြောသည်။

ရိုက်ကူးရေးကိစ္စ အားလုံးအဆင်သင့်ဖြစ်သည့်အခါ အိမ်နေရင်းဝတ်စုံဖြင့်ပင် သူ၏ အခန်းအတွင်း တည်တည်ငြိမ်ငြိမ်၊ ရယ်ကျဲကျဲဖြင့် ရှိနေသည့် ဦးဝင်းထိန်က အင်တာဗျူးဖြေဆိုပြီးနောက်တွင် သမ္မတရုံးမှ အရာရှိနှင့် MRTV အဖွဲ့သားများမှာ မျက်စိပျက်၊ မျက်နှာပျက်ဖြစ်သွားရသည်။

မီးခိုးကြွက်လျှောက်ပေါ်နေသည့် ပြဿနာကို ဖြေရှင်းရန် သမ္မတရုံးက စီစဉ်သည့် ထိုအင်တာဗျူးတွင် သူပြောခဲ့သည့် စကားများ၌ ဟိုကောင်တွေ ထင်တယ်ဟုသာ ပါကြောင်း၊ မည်သူ့ကိုမျှ နာမည်တပ်၍ စွပ်စွဲခြင်းမရှိကြောင်းသာ ပြောသည်။

စက္ကန့် ၄၀ ခန့်သာ ကြာသည့် အင်တာဗျူးတွင် “အဲဒါကို မကျေနပ်လို့ ကြေညာချက်ထုတ်တာတွေလည်း ကျွန်တော် ဘာမှပြောစရာမရှိဘူး”ဟုပင် ဦးဝင်းထိန်က ဆိုသည်။

နေပြည်တော် စည်ပင်ဧည့်ရိပ်သာရှိ နေထိုင်ရာအခန်းနံရံတွင် ဦးဝင်းထိန်က ၎င်းကို ဝေဖန်သည့် ကာတွန်းများကို တခုတ်တရ ကပ်ထားသည်ကို ၂၀၁၇ ခုနှစ်က တွေ့ရစဉ်။ (ဓာတ်ပုံ – Frontier Myanmar)  

ထိုကိစ္စများဖြစ်ပြီးနောက် နေပြည်တော်ကို စွန့်ခွာသွားသည့် ဦးဝင်းထိန်မှာ ၂၀၂၀ ရွေးကောက်ပွဲကာလတွင်မှ ပြန်လာခဲ့သော်လည်း ယခင်ကာလများကဲ့သို့ သတင်းထောက်များထံ မှတ်ချက်များ ရွှန်ရွှန်းဝေ ပေးလေ့မရှိတော့ပါ။

သို့သော် ဖေဖော်ဝါရီ ၁ အာဏာသိမ်းသည့် နံနက် ပါတီခေါင်းဆောင်များဖြစ်သည့် သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ဗဟိုအလုပ်အမှုဆောင်များအားလုံး ဖမ်းဆီးခံရပြီးချိန်တွင် မီဒီယာစာမျက်နှာထက်သို့ ဦးဝင်းထိန်က ရဲရဲရင့်ရင့် ပြန်တက်လာသည်။

ထိုနေ့က နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ NLD ယာယီဌာနချုပ်ရုံးတွင် သတင်းထောက်အချို့နှင့် တွေ့စဉ် အာဏာရှင်လက်သစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အကျိုးစီးပွားကို ရှေးရှုသည့် ယခုလုပ်ရပ်မှာ မှားကြောင်း၊ တိုင်းပြည် နစ်နာမည်ဖြစ်ကြောင်း၊ CDM လှုပ်ရှားမှုဖြင့် တုံ့ပြန်သင့်ကြောင်း ၎င်းက ပြောသည်။

ထိုသို့ပြောဆိုပြီးနောက်တွင် ကိုယ်ကျိုးစီးပွါးကို ငဲ့၊ အမှန်တရားကို သွေဖည်ကာ မဆန့်ကျင်ဘဲ မနေခဲ့သည့် ဦးဝင်းထိန်ထံ စစ်ကောင်စီ၏ အညှာအတာမဲ့ အပြစ်ပေးမှု ရောက်လာခဲ့ခြင်းဖြစ်သည်။

NLD ဗဟိုအလုပ်အမှုဆောင် ဦးအောင်ကြည်ညွန့်ကမူ ဦးဝင်းထိန်အပေါ် ချသည့်အမိန့်မှာ အာဏာသိမ်းမှုအောက်တွင် တရားစီရင်ရေးမဏ္ဍိုင် ကျိုးပြတ်ယိုင်လဲနေပြီဆိုသည့်ပြယုဂ်ပင်ဖြစ်ကြောင်း ပြောသည်။

“အဓမ္မအုပ်စုကိုယ်တိုင် ဘယ်လောက်ကြာမှာမို့လို့လဲ။

အနှစ် ၂၀ ဆိုတာ ကိန်းဂဏန်းတစ်ခုပဲဖြစ်လိမ့်မယ်။

အန်ကယ်ထိန်ကို ဒီနည်းနဲ့ ခြိမ်းခြောက်လို့ကတော့ အချည်းနှီးပဲလို့ပဲ မြင်တယ်။

ဥပဒေကို အလွဲသုံးစားလုပ်တဲ့ တရားမဲ့လုပ်ရပ်ဖြစ်တယ်”ဟု ၎င်းက မှတ်ချက်ပြုသည်။

အာဏာရှင်အဆက်ဆက်ကို ဆန့်ကျင်မှုကြောင့် ထောင်ကျနေသဖြင့် လူလတ်ပိုင်းအရွယ်အထိ ဖခင်ဖြစ်သူနှင့် နေထိုင်ခွင့်ဆုံးရှုံးခဲ့ရသည့် ဦးဝင်းထိန်၏ အငယ်ဆုံးသမီး အသက် ၃၅ နှစ်အရွယ် မချစ်စုဝင်းထိန်ကမူ နောက်ထပ် နှစ် ၂၀ ထပ်မံကွေကွင်းရမည့် ကြမ္မာဆိုးအတွက် ဝမ်းနည်း ဒေါသထွက်ရကြောင်း ပြောသည်။

“ဒီလို မတရားမှုလုပ်တဲ့သူတွေကတော့ နောင်တစ်ချိန် တာဝန်ခံရမှာပဲ”ဟု မချစ်စုဝင်းထိန်က မှတ်ချက်ပြုသည်။


Original Post: Myanmar Now