26 October 2021
U Thet Naing Aung (aka) Ko Thet Gyi (Myingyan Township)
သီတင်းကျွတ်လပြည့်နေ့တွင် ဇီးရိုးပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်က အဖွဲ့သားများ၏ ကန်တော့ခြင်းခံယူပုံကို တပ်ဖွဲ့၏ ဖေ့ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
ကိုဗစ်ကပ်ဘေးကာလနှင့် စစ်အာဏာသိမ်းမှု အစောပိုင်းလများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်သူ မြင်းခြံသားကြီးသည် ဒေသတွင်း ပြောက်ကျားတပ်ဖွဲ့ကို ဦးဆောင်နေသည်။
By Myanmar Now
သိုသိုသိပ်သိပ် နေထိုင်လှုပ်ရှားကြသည့် လက်နက်ကိုင်တော်လှန်ရေးသမားများမှာ အင်တာနက်အသုံးပြုရာတွင် ဂရုစိုက်ဆင်ခြင်ကြသော်လည်း မြင်းခြံမှ မြို့ပြပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်မှာ အများနှင့် သိသိသာသာကွဲပြားနေသည်။
၄၇ နှစ်အရွယ် ကိုသက်ကြီး ခေါ် ဦးသက်နိုင်အောင်သည် လက်နက်မျိုးစုံကိုင်ဆောင်ပြကာ စတိုင်အမျိုးမျိုးပေးထားသော ဓာတ်ပုံများကို Facebook တွင် တင်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို စိန်ခေါ်လျက်ရှိသည်။
“သူတို့ကို မကြောက်ပါဘူး။ မကြောက်လို့လည်း လက်နက်မရှိစဉ်ကတည်းက သူတို့ကို တော်လှန်ခဲ့တာ။ အခု လက်နက်ရှိပြီဆိုတော့ ပိုပြီး မကြောက်တာပေါ့” ဟု Zero ပြောက်ကျားတပ်ဖွဲ့၏ ခေါင်းဆောင်က ပြောသည်။
ထို့အပြင် အောက်တိုဘာ ၂၀ သီတင်းကျွတ်လပြည့်နေ့တွင် မောင်းပြန်သေနတ်များ နောက်ခံထား၍ ထိုင်နေသော သူ့ကိုလက်နက်ကိုင်လူငယ်များက သီတင်းကျွတ်ကာလ ဓလေ့ထုံးတမ်းအတိုင်း ကန်တော့နေပုံကိုလည်း ၎င်းတို့တပ်ဖွဲ့၏ Facebook စာမျက်နှာတွင် တင်ထားသည်။
မတ် ၃ ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီတပ်၏ လက်ချက်ကြောင့် မြင်းခြံတွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် ၂၂ နှစ် အရွယ် ကိုဇင်ကိုကိုဇော် ဦးခေါင်းပွင့် သေဆုံးကာ ၁၅ ဦး ဒဏ်ရာရရှိခဲ့သည်။
သူ့နည်းတူ အမှတ် ၁၉ စွန်းလွန်းရပ်ကွက်တွင် နေထိုင်သော ကိုဇင်ကိုကိုဇော်မှာ မြင်းခြံမြို့၌ စစ်ကောင်စီလက်ချက်ဖြင့် ပထမဆုံး ကျည်ထိမှန်သေဆုံးခြင်းဖြစ်ရာ ထိုဖြစ်ရပ်ကြောင့် လက်နက်ကိုင်ခုခံရန် ဆုံးဖြတ်ခဲ့သည်ဟု ကိုသက်ကြီးက ပြောသည်။
သူ့မျက်စိရှေ့တွင်ပင် ပစ်သတ်ခံရသည့် လူငယ်အရေအတွက် တဖြည်းဖြည်း များပြားလာသည်။
ကိုသက်ကြီးသည် ထိုလူငယ်အပါအဝင် ပစ်သတ်ခံရသည့် ဆန္ဒပြသူများ၏ ရုပ်အလောင်း ၂၂ လောင်းကို ကျည်ဆန်ကြား၊ မျက်ရည်ယိုဗုံးကြားထဲမှ စွန့်စားကောက်ယူကာ ဈာပနကော်မတီဖွဲ့၍ သင်္ဂြိုဟ်ပေးခဲ့သူ၊ သေဆုံးသူများ၏ မိသားစုဝင်များအတွက် အလှူခံကာ ထောက်ပံ့ခဲ့သူလည်း ဖြစ်သည်။
“ကျွန်တော်ကိုယ်တိုင် (ကျည်ဆန်) မှန်တဲ့ ကလေးတွေကို ကောက်တယ်။ ကျွန်တော်ကိုယ်တိုင် ရေးချိုးသန့်စင်တယ်။ ကျွန်တော်ကိုယ်တိုင် မြေချတဲ့အထိ အလောင်းတိုင်း ကျွန်တော်ပါဝင်ခဲ့တယ်ဗျ။ အဲဒီကနေ စပြီး ပိုပြီး ပေါက်ကွဲတာပေါ့ ။ အဲဒီကနေ တော်လှန်ရေးကို ပြင်းပြင်းထန်ထန်လုပ်ဖြစ်တာဗျ” ဟု ၎င်းက ပြောသည်။
ကိုသက်ကြီးသည် ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်နိုင်တင်းကပ်ဘေး မြန်မာနိုင်ငံသို့ ရောက်လာသည့် ၂၀၂၀ တွင် မြင်းခြံနာရေးကူညီမှုအသင်းနှင့် ချိတ်ဆက်ပြီး အင်တိုက်အားတိုက် လုပ်အားပေးခဲ့သူဖြစ်သည်ဟု ဒေသခံပရဟိတသမားတစ်ဦးက ပြောသည်။
ကိုဗစ်နိုင်တင်းကူးစက်ရောဂါ ပြန့်ပွားမှုပြင်းထန်လာချိန် လူမှုကူညီရေးအသင်းတစ်ခု၌ ကူညီဆောင်ရွက်ရာမှ ဦးသက်နိုင်အောင်မှာ ပရဟိတသမားတစ်ဦး ဖြစ်လာခဲ့သည်။
“ကိုဗစ်ဖြစ်တုန်းက နာရေးအသင်းကို အပြင်က ဝင်ကူညီရင်း နောက်ပိုင်းမှာ စေတနာ့ဝန်ထမ်းအနေနဲ့ အသင်းမှာ ပါဝင်လာတာပေါ့။ အာဏာသိမ်းတော့ ဆန္ဒပြတဲ့သူတွေအတွက် (ဆေးကုသ ပြုစု) ပေးတယ်၊ အလောင်းကောက်ကြတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ပရဟိတသမားက ပြောသည်။
လုံခြုံရေးအရ အမည်မဖော်လိုသော နိုင်ငံရေးသမားတစ်ဦးကလည်း ကိုသက်ကြီးသည် လမ်းပေါ်တွင် ဒဏ်ရာရသေဆုံးသော ဆန္ဒပြသူတို့ကို ကူညီခြင်းကြောင့် ၎င်းတို့နှင့် ရင်းနှီးကာ မြို့တွင်လည်း လူသိများလာကြောင်း Myanmar Now ကို ပြောသည်။
“ပစ်လို့ အကုန် ခွေးပြေးဝက်ပြေး ပြေးနေရတဲ့အချိန်မှာ သူက နာရေးကားနဲ့ ရောက်ချလာပြီး အလောင်းတွေရအောင် ကောက်တော့တာပဲ” ဟု ထိုအမျိုးသားက ပြောသည်။
ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးမှာ အာဏာမသိမ်းမီက ပန်းပုလုပ်ငန်း၊ ကားအဟောင်းဖျက်သည့် လုပ်ငန်း၊ ကရိန်းကားအငှားလိုက်ခြင်း စသည့် အလုပ်အမျိုးမျိုး လုပ်ကိုင်ခဲ့ပြီး ၂၀၂၀ တွင် စီးပွားရေးအဆင်ပြေလာသည့်အပြင် ကိုဗစ်နိုင်တင်းကူးစက်ရောဂါဖြစ်ပွားသူများကို ကူညီပေးရာမှ ပရဟိတလုပ်ငန်းတွင် ပျော်မွေ့လာသည်ဟု ပြောသည်။
၁၉၉၇ တွင် မိထ္တီလာစက်မှုလက်မှုကျောင်း – GTI မှ စက်မှုအင်ဂျင်နီယာဘွဲ့ ရခဲ့သော။ မည်သည့်ပါတီမျှ မဝင်ခဲ့သော ကိုသက်ကြီးသည် ပစ်သတ်ခံရသည့် လူငယ်များ၏ အလောင်းကို ကောက်ယူရင်း ပေါ်ပေါက်လာသည့် သောကနှင့် စာနာစိတ်များကြောင့် အသက်ပင်ဆုံးနိုင်သည့် ကြမ်းတမ်းသော လမ်းကို ရွေးချယ်လိုက်သည်။
ဤသို့ဖြင့် ဆန္ဒပြစဉ် ပစ်သတ်ခံရသူ ၂၂ ဦးကို ခမ်းနားစွာ အလေးပြု သင်္ဂြိုဟ်ပေးပြီးနောက် နယ်စပ်ဒေသ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိန်းချုပ်နယ်မြေတစ်ခုသို့ သွားရောက်ပြီး ပြောက်ကျားတိုက်ခိုက်ရေးသင်တန်းတက်ကာ လက်နက်ရရှိရေး ကြိုးပမ်းခဲ့သူ ကိုသက်ကြီးသည် သူ့ဒေသ၏ လက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင် ဖြစ်လာသည်။
စစ်ကောင်စီတပ်ဖွဲ့လက်ချက်ကြောင့် ကျဆုံးသူတို့၏ နာရေးတွင် ဦးသက်နိုင်အောင် ကူညီဆောင်ရွက်ခဲ့သည်။
ကိုသက်ကြီးက ၎င်းတို့၏ ဇီးရိုးပြောက်ကျားတပ်ဖွဲ့သည် မြင်းခြံခရိုင်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်ကို သုတ်သင်နိုင်ခဲ့ကြောင်း၊ ထိုအထဲတွင် အရာရှိ ၆ ဦး ပါဝင်ကြောင်း ပြောသည်။
“သေနတ်အစစ်တွေ မရခင် တူမီးနဲ့ ပစ်ခဲ့တာလည်း ပါတယ်။ လက်နက်ကြီးမရခင် လက်နက်ကြီးလက်နက်ငယ်နဲ့ ပြန်ပစ်တာလည်း ပါတယ်” ဟု ၎င်းက ဆိုသည်။ မဲစာရင်းမှားသဖြင့် အာဏာသိမ်းသည်ဟူသော စစ်ဗိုလ်ချုပ်များကမူ လက်နက်ကိုင်တော်လှန်သူတို့ကို အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ထားသည်။
နိုင်ငံတစ်ဝန်း အစောဆုံးပေါ်ပေါက်လာသည့် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များထဲတွင် သူတို့အဖွဲ့လည်း ပါဝင်သည်။
ဧပြီ ၁၈ တွင် မြင်းခြံ၌ Zero ပြောက်ကျားတပ်ဖွဲ့ဟု အတိအလင်းကြေညာပြီးနောက်ပိုင်း ဒလန်များကိုလည်း သုတ်သင်ရှင်းလင်းနေသည်ဟု ဆိုသည်။ ယခုအခါ စစ်တပ်၏ စီးပွားရေးလုပ်ငန်းဖြစ်သည့် Mytel တာဝါတိုင်များကိုလည်း မိုင်းခွဲဖျက်ဆီးနေသည်။
လမ်းသွားလမ်းလာ ပြည်သူများထံမှ ငွေညှစ်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်သည်ဆိုသော ယာဉ်ထိန်းရဲတစ်ဦးကိုလည်း သုတ်သင်ခဲ့ကြောင်း၊ ၎င်းတို့အဖွဲ့ ရှင်းလင်းသည့် ဒလန်အရေအတွက်နှင့် စာရင်းကို ရန်ငြိုးရန်စကြီးထွားမည်ကို စိုးရိမ်သဖြင့် ထုတ်ဖော်မပြောလိုကြောင်း ကိုသက်ကြီးက ဆိုသည်။
အောက်တိုဘာ ၁၅ ညပိုင်း မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဆူးဖြူကုန်းရွာ စာသင်ကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်လုပ်စိန်ပြောင်း၊ လက်နက်ငယ်များ အသုံးပြုကာ အလစ်ဝင်တိုက်ခိုက်ခဲ့သည်။ ထိုနေ့က မိတ္ထီလာမြို့နယ် အမှတ် ၁၁၃ ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီးထွန်းထွန်းအောင် (ကြည်း ၆၃၉၃၆) အပါအဝင် ၁၁ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရသွားသည်ဟု ဆိုသည်။
တပ်ဖွဲ့၏ အသုံးပြုစစ်လက်နက်များကို ကိုင်ဆောင်ပြနေသောပုံကို ဦးသက်နိုင်အောင်က ၎င်း၏ ဖေ့ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
သူ၏ လှုပ်ရှားမှုကို သိရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြင်းခြံမြို့ပေါ်ရှိ သူ၏ ရှေးဟောင်းပစ္စည်းများနှင့် ပိုင်ဆိုင်မှုများကို သုံးကြိမ်တိုင် သွားရောက်ယူဆောင်ကြသည်။
“ကျွန်တော့်ကို နောက်ယောင်ခံလို့လည်း မရဘူး၊ ဖမ်းလို့လည်း မမိဘူး။ အဲ့ဒီအတွက် လူမတွေ့တဲ့အတွက် ဒီပစ္စည်းတွေကို (ကျွန်တော့်) ဘဝပျက်အောင် ယူဆောင်သွားတယ်လို့ သုံးသပ်တာပဲ” ဟု ၎င်းက ပြောသည်။
စက်တင်ဘာ ၃၀ တွင် စစ်ကောင်စီတပ်က စွန်းလွန်းရပ်ကွက်ရှိ သူပိုင်ဆိုင်သည့် အဆောက်အအုံမှ ရှေးဟောင်း ကားပစ္စည်းများ၊ ပန်းပုများ၊ ကျွန်း၊ ပိတောက်၊ ကျည်းသားတို့ဖြင့် ပြုလုပ်ထားသော စားပွဲများ ယူဆောင်သွားကြောင်း၊ လုံခြုံရေးကင်မရာတပ်ဆင်ထားသော ကွန်တိန်နာအိမ်ငယ်ကို ကရိန်းဖြင့် သယ်သွားသည်ဟု သိရကြောင်း ကိုသက်ကြီးက ပြောသည်။
ဧပြီ ၂၅ တွင်လည်း နေအိမ်ရှိ ခေတ်ဟောင်း မြန်မာငွေများ၊ တရုတ်ယွမ်ငွေများ၊ အလေးများ၊ အဝေးကြည့်မှန်ပြောင်း၊ ရုပ်သေး၊ ပန်းပု၊ ကြေးအိုး၊ လောင်စာဆီသုံး ထမင်းအိုး၊ နာမည်ကျော် ဇာတ်မင်းသား ရွှေမန်းတင်မောင် မိတ်ကပ်ပေါင်ဒါရိုက်ရာတွင် သုံးခဲ့သည့် ငွေဖလား၊ ရှမ်းစော်ဘွားကိုင်ဆောင်ခဲ့သည့် ဓား စသည့် ပစ္စည်းများကို ယူဆောင်သွားကြသည်။
တန်ဖိုးဖြတ်ရခက်ခဲသော်လည်း သံထည်ပစ္စည်းအလေးချိန်ဖြင့် ရောင်းသကဲ့သို့ ရောင်းစားကြဖွယ်ရှိသည်ဟု သူက ယူဆသည်။
“ရှေးဟောင်းပစ္စည်းက ကြိုက်ရောင်းကြိုက်ဝယ်ဆိုတော့ (တန်ဖိုး) ပြောလို့တော့ မရဘူး။ သူတို့ကတော့ သူခိုးလက်ကောင်းမှန်း ဘယ်သိလိမ့်မလဲ။ ကျွန်တော် နားလည်တဲ့သူသာ ဒါ သိမှာပေါ့” ဟု ၎င်းက ဆိုသည်။
“ကျွန်တော်အပါအဝင် ကျွန်တော့်တပ်သားတွေ အကုန်လုံးက သရဏဂုံတင်ပြီးသားတွေ။ ရဲရဲတိုက်ပြီး ရဲရဲသေဖို့လည်း ဆုံးဖြတ်ချက်ရှိတယ်။ ခံယူချက်အပြည့်နဲ့လည်း တိုက်ခိုက်နေတယ်။ ကျွန်တော့်ကလေးတွေကလည်း တအားညီညွတ်တဲ့ ကလေးတွေ ဖြစ်တယ်။ အဲဒီလိုမျိုးကြောင့် ကျွန်တော့်မှာ တပ်ဖွဲ့နဲ့ ပတ်သက်လို့တော့ အခက်အခဲမရှိခဲ့ပါဘူး၊ ဒီချိန်ထိလေ”
တော်လှန်ရေးအောင်မြင်သည့်အခါ ကိုင်ဆောင်သည့် လက်နက်များကို နိုင်ငံတော်သို့ စာရင်းဇယားနှင့် အကုန်အပ်နှံမည်၊ ၎င်းတို့တပ်ဖွဲ့အနေဖြင့် ဇီးရိုးဟူသော အမည်ဖြင့် ပရဟိတအသင်းထူထောင်ကာ လူမှုကူညီရေးလုပ်ဆောင်မည်ဟု ဆုံးဖြတ်ထားကြောင်း ကိုသက်ကြီးက ပြောလိုက်သည်။
Original Post: Myanmar Now
04 April 2025
13 March 2025
28 February 2025
25 February 2025
25 February 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.