အင်ဂျင်နီယာကျောင်းသား ကိုလင်းပိုင်စိုး စစ်ကြောရေးတွင် သေဆုံး

October 19th, 2021  •  Author:   Ko Lin Paing Soe (Mandalay Region)  •  1 minute read
Featured image

မန္တလေး နန်းတွင်း စစ်ကြောရေးတွင် သေဆုံးသွားခဲ့သည့် ကိုလင်းပိုင်စိုး / CJ

By ဧရာဝတီ

နေပြည်တော်၊ မန္တလေး ဆန္ဒပြသပိတ်စစ်ကြောင်းများတွင် ဦးဆောင်ခဲ့သူတဦးဖြစ်သည့် ကျောက်ဆည်နည်း ပညာ တက္ကသိုလ်မှ ကိုလင်းပိုင်စိုးသည် မန္တလေး နန်းတွင်း စစ်ကြောရေးတွင် သေဆုံးသွားပြီဖြစ်ကြောင်း ကိုလင်းပိုင်စိုးနှင့် နီးစပ်သူများထံမှ သိရသည်။

ကိုလင်းပိုင်စိုးသည် ကျောက်ဆည် နည်းပညာတက္ကသိုလ်မှ ဒြပ်သတ္တုပိုင်းဆိုင်ရာ နောက်ဆုံးနှစ် အင်ဂျင်နီယာ ကျောင်းသားဖြစ်ပြီး ဗုဒ္ဓဘာသာဝင် ဂေါ်ရခါးလူမျိုးဖြစ်ကြောင်း သိရသည်။

ကိုလင်းပိုင်စိုးနှင့် နီးစပ်သည့် ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကျောင်းသားတဦးက “ကိုလင်းပိုင်စိုး ဆုံးတယ် ဆိုတာကို ကျနော်တို့ မနေ့ကမှ သိရတာပါ၊ ဒီလဆန်း ၁ ရက်နေ့ ဖမ်းခံရပြီး နောက်တရက်မှာပဲ ဆုံးသွားခဲ့တာလို့ သိရတယ်၊ သူ့က လူမျိုးခြားဖြစ်နေလို့ ဝိုင်းရိုက်ကြတာ၊ စစ်ကြောရေးမှာပဲ ဆုံးတာလို့ သိရတယ်၊ ကိုလင်းပိုင်စိုးကို မန္တလေး အိုးဖိုထောင် ပို့ခဲ့တယ်ဆိုတာ စစ်တပ်ကလိမ်ခဲ့တာပါ” ဟု ဧရာဝတီသို့ ပြောသည်။

ထိုသို့ သေဆုံးခဲ့ခြင်းကို သေဆုံးပြီး ၁၈ ရက်အကြာ အောက်တိုဘာလ ၁၈ ရက်နေ့ရောက်မှ သိရှိခဲ့ရခြင်းဖြစ်ပြီး ဖမ်းဆီးခံရစဉ်ကပင် နှိပ်စက်ဒဏ်ရာများရရှိခဲ့ကာ စစ်ကြောရေးသို့ ရောက်သည့် အောက်တိုဘာလ ၁ ရက်နေ့တွင် သေဆုံးခဲ့ရခြင်းဟု သိရသည်။

ကိုလင်းပိုင်စိုး၏ မိတ်ဆွေ တဦး က “အကြမ်းဖက် ဖက်ဆစ်စစ်တပ်ရဲ့ လူမဆန် ရက်စက်မှုတွေပဲပေါ့၊ လူတွေကို ဖမ်းတယ်၊ ထောင်ချတယ်ဆိုတာအပြင် အခုဟာက လူကိုသတ်တယ်၊ ပြီးတော့ အလောင်းဖျောက်တဲ့အပြင် သတင်းတွေကိုပါ ဖျောက်ပစ်တာ၊ သူတို့ကို စဖမ်းကတည်းက လူမဆန်စွာ အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးသွားကြတာပဲလေ၊ ကိုလင်းပိုင်စိုး ဆုံးတယ်ဆိုတာကို မိသားစုလည်း သိပြီးပါပြီ” ဟု ပြောသည်။

ကိုလင်းပိုင်စိုးသည် နေပြည်တော်နှင့် မန္တလေးတို့တွင် ပြုလုပ်လျက်ရှိသော စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြ သပိတ်စစ်ကြောင်းများအား ဦးဆောင်နေသူတဦးလည်းဖြစ်ပြီး စက်တင်ဘာလ ၃၀ ရက်နေ့က မန္တလေးမြို့ရှိ သပိတ်စစ် ကြောင်းခေါင်းဆောင်များ၏ နေအိမ်များသို့ ဝင်ရောက်ရှာဖွေခြင်းများ ပြုလုပ်ခဲ့ရာ ကျောက်ဆည်နည်းပညာတက္ကသိုလ်မှ ကျောင်းသားများဖြစ်သော ကိုငြိမ်းမင်းသန့်၊ ကိုတိုးတက်ဘုန်းမြင့်တို့အပြင် ကိုငြိမ်းမင်းသန့်၏ နေအိမ်သို့ အလည် ရောက်ရှိနေသော CDM သူနာပြုဆရာမ မကြည်ကြည်ဝင်းတို့နှင့်အတူ ဖမ်းဆီးခဲ့ရခြင်းဟု သိရသည်။

ထိုသို့ ဖမ်းဆီးခဲ့ကြပြီးနောက် ဖမ်းဆီးခံရသူများအား နန်းတွင်းတပ်တခုတွင် ချုပ်နှောင်ထားပြီး ညလုံးပေါက် ရိုက်နှက် နှိပ်စက်ခြင်းများ ပြုလုပ်ခံခဲ့ရကြောင်း နန်းတွင်း စစ်ကြောရေးဘက်မှ ပေါက်ကြားလာသည့် သတင်းရင်းမြစ်ကို အခြေခံ ကိုးကား၍ ကိုလင်းပိုင်စိုး၏ မိတ်ဆွေက ရှင်းပြသည်။

၎င်းက“ကိုလင်းပိုင်းစိုးကို ယုတ်ရင်းကြမ်းတမ်းတဲ့ စကားလုံးတွေအပြင် လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းတွေ၊ ကိုးကွယ် ယုံကြည်မှုကို စော်ကားတဲ့ အပြောအဆိုတွေနဲ့ ရန်သူသဖွယ် လူမဆန်စွာ ရိုက်နှက်စစ်ဆေးခဲ့ကြတယ်လို့လည်း သိရပါတယ်” ဟု ပြောသည်။

လူထုက ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြောက်ထားသည့် အရပ်သား အစိုးရထံမှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်က ဖေဖော်ဝါရီ ၁ ရက်နေ့က အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများ နိုင်ငံတဝန်း အရှိန်မြင့်လာခဲ့ပြီး အာဏာသိမ်း စစ်တပ်က အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုများ၊ ကားဖြင့်ဝင်တိုက်ခြင်းများ၊ ဖမ်းဆီးနှိပ်စက်မှုများပြုလုပ်ခဲ့သည်။

သို့သော်လည်း မန္တလေးမြို့ပေါ် ပြည်နယ်နှင့် တိုင်းအချို့တွင် ယနေ့အချိန်ထိ လမ်းပေါ်ထွက် ဆန့်ကျင်မှုများ ရှိနေဆဲဖြစ်သလို အချို့က လက်နက်စွဲကိုင်၍ ခုခံတော်လှန်နေကြသည်။

ထိုသို့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်သူများ ဖမ်းဆီးခံရလျှင် စစ်ကြောရေးစခန်းများတွင် လူမဆန်စွာ နှိပ်စက်၍ စစ်မေးခြင်းများကို ပြုလုပ်ရာတွင် ဘာသာခြားများ၊ လိင်စိတ်ကွဲပြားသူများ၊ ကျောင်းသားသမဂ္ဂနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အား ထောက်ခံသူများဆိုလျှင် ပိုမို၍ ပြင်းထန်စွာ နှိပ်စက်လေ့ရှိကြောင်း သိရသည်။

English version.


Original Post: The Irrawaddy