မတူပီ ပစ်ခတ်၊ ပေါက်ကွဲမှုများတွင် ၆ နှစ်သမီးနှင့် အမျိုးသားတစ်ဦး သေဆုံး

October 16th, 2021  •  Author:   Arbitrary Killings by Military Coup (Matupi Township)  •  1 minute read
Featured image

ဇူလိုင်လက မင်းတပ်မြို့သို့ ချီတက်လာနေသော စစ်ကောင်စီတပ်၏ စစ်ကြောင်းတစ်ခု (ဓာတ်ပုံ − ပေးပို့)

မိုင်းပေါက်ကွဲမှု၊ လက်နက်ကိုင်အန်တုသူများကို ချေမှုန်းနေသည့် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ပေါက်ကွဲမှုတို့ကြောင့် ရွာသားတစ်ဦးနှင့် တောင်ယာတဲအတွင်းမှ ၆ နှစ်သမီး သေဆုံးကြရသည်။

By Myanmar Now

တိုက်ပွဲဖြစ်နေသော ချင်းပြည်နယ်၊ မတူပီမြို့တွင် ယနေ့ (အောက်တိုဘာ ၁၆) နေ့လယ်ပိုင်းက လက်နက်ကြီးကျည်စ ထိသော ၆ နှစ်အရွယ် မိန်းကလေး၊ မိုင်းနင်းမိသော အရပ်သားတစ်ဦးတို့ သေဆုံးသွားကြောင်း ချင်းဒေသခံကာကွယ်ရေးအဖွဲ့ (မတူပီ) ထံမှ သိရသည်။

မတူပီမြို့ ဗျူဟာကုန်းပေါ်မှ ပစ်ခတ်မှုသည် မြို့တောင်ဘက်ရှိ ဝလံပီးကျေးရွာအနီး တောင်ယာတဲတစ်ခုကိုလည်း ထိမှန်ခဲ့သည်ဟု ဆိုသည်။

“ကလေးက တောင်ယာတဲမှာ ရှိနေတာ။ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ပွဲချင်းပြီး သေသွားတာ” ဟု CDF မတူပီ ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မိသားစုဝင်များ၊ တောင်ယာတဲအနီး နေထိုင်သူများ ကျည်စထိမှန်ခဲ့ခြင်း မရှိကြောင်း သိရသည်။

မင်းတပ်မှ လာရောက်သည့် စစ်ကား အစီး ၆၀ ကျော်ပါ စစ်ယာဉ်တန်းလုံခြုံရေးအတွက် မတူပီမြို့မှ အင်အား ၇၀ ခန့် ပါဝင်သည့် စစ်ကြောင်းထွက်လာစဉ် ထိုသို့ ပစ်ခတ်ခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။

“သူတို့က အောက်ပြည်ဘက်က တက်လာတဲ့စစ်ကူကို ဗျူဟာမှာရှိတဲ့ အထိုင်က သွားကြိုတယ်။ အဓိကတော့ နောက်ဘက်ကနေ ပစ်ကူပေးတယ်။ မြေပြင်မှာ စစ်သား ၇၀ လောက်နဲ့ ရှေ့တိုးတယ်။ … အပြန်အလှန်ပစ်ခတ်တာတော့ မရှိဘူး။ သူတို့က အဝေးကနေပဲ ကျွန်တော်တို့ရှိတယ်ထင်တဲ့ တည်နေရာကို မှန်းပြီး ပစ်နေတာဗျ” ဟု CDF မတူပီ ပြန်ကြားရေးဌာနမှ တာဝန်ရှိသူက ပြောသည်။

တစ်ချိန်တည်းမှာပင် မတူပီမြို့နှင့် မင်းတပ်မြို့ကြား ကာအိမ်ကျေးရွာအနီးတွင်လည်း အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ပွဲချင်းပြီးသေဆုံးသွားသည်ဟု CDF ထံမှ သိရသည်။

မိုင်းအမျိုးအစားနှင့် မည်သည့်အဖွဲ့အစည်းက ထောင်ထားသည့်မိုင်းဖြစ်ကြောင်း မသိရသေးပေ။

သေဆုံးမှုနှစ်ခုနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များမှာ ဒေသတွင်း ဆက်သွယ်ရေးမကောင်းသောကြောင့် စုံစမ်း၍ မရသေးကြောင်း CDF က ပြောသည်။

ယနေ့နေ့လယ်ပိုင်း အဆိုပါ သေဆုံးမှုနှစ်ခုနှင့် ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးအရာရှိကို မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရရှိခဲ့ပေ။

တော်လှန်ရေးကာလအတွင်း စစ်အုပ်စု၏ စီမံကိန်းနှင့် တင်ဒါလုပ်ငန်းများ အကောင်ထည်ဖော်ခွင့်ကို စက်တင်ဘာမှ စပြီး တားမြစ်ပိတ်ပင်ထားပြီးဖြစ်သည့်အတွက် မင်းတပ် -မတူပီ လမ်းမကြီးတလျှောက် လမ်းရှင်းလင်းရေးလုပ်ဆောင်မည့် မည်သည့်ကုမ္ပဏီ၊ အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်ကိုမဆို အရေးယူသွားမည်ဖြစ်ကြောင်း CDF မတူပီက အောက်တိုဘာ ၁၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

မင်းတပ်- မတူပီလမ်းပိုင်း၌  ဇူလိုင်၃၀ တွင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဒု-ဗိုလ်မှူးကြီးအဆင့်ရှိ တပ်ရင်းမှူးတစ်ဦး သေဆုံးခဲ့သည်။

စစ်ကောင်စီတပ်များသည် ပြောက်ကျားစနစ်ဖြင့် လက်နက်ကိုင်ခုခံမှုအားကောင်းသည့် ချင်းပြည်နယ်ကို ထိုးစစ်ဆင်ရန် အောက်တိုဘာလဆန်းပိုင်းမှ စတင်ကာ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး လက်နက်၊ လူအင်အား အလုံးအရင်း ဖြည့်တင်းနေသည်။

ချင်းပြည်နယ်တွင် ဟားခါးမြို့မှအပ ကျန်မြို့နယ် ၈ ခုတွင် စက်တင်ဘာ ၂၃ ရက်မှ စတင်ကာ အင်တာနက်ဖြတ်တောက်ထားသည့်အတွက် သတင်းအချက်အလက်များရရှိရန် ခက်ခဲနေသည်။

ချင်းပြည်နယ်မြို့များအနက် ထန်တလန်တွင် တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားပြီး အရပ်သားများ ပစ်သတ်ခံရကာ လူနေအိမ်များ မီးရှို့ခံခဲ့ရသည်။ ခုခံသူတို့ကို ချေမှုန်းရန် အကြောင်းပြချက်ဖြင့် စစ်ကောင်စီတပ်က အရပ်သားများကို နှိပ်ကွပ်ခြင်းဖြစ်သည်ဟု ဝေဖန်သူတို့က ဆိုသည်။

စစ်ကောင်စီပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ  အာဏာသိမ်းမှုဆန့်ကျင်ပြီး လက်နက်ကိုင်အန်တုသူတို့သည် လူနေရပ်ကွက်ထဲ၊ နေအိမ်ထဲမှ အကာအကွယ်ယူပြီး စောင့်ကြိုတိုက်ခိုက်လေ့ရှိသဖြင့် တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်သည်ဟု စက်တင်ဘာ ၂၁ တွင် သတင်းထုတ်ပြန်ခဲ့သည်။


Original Post: Myanmar Now