၂၃ နှစ်အရွယ် တိုင်းရင်းဆေးဆရာ မခင်ငြိမ်းလွင်အကြောင်း ထွက်ဆိုသူရှိသည်ဆိုကာ ယမန်နေ့ (အောက်တိုဘာ ၁၀) ညပိုင်းတွင် နေအိမ်၌ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မိခင်ဖြစ်သူက ဆိုသည်
By Myanmar Now
စစ်ကိုင်းတိုင်း၊ အရာတော်မြို့တွင် အောက်တိုဘာ ၁၀ ရက် ညပိုင်းက အသက် ၂၃ နှစ်အရွယ် တိုင်းရင်းဆေးရာမတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။
အရာတော်မြို့ အမှတ် ၃ ရပ်ကွက်တွင် တိုင်းရင်းဆေးကုခန်း ဖွင့်လှစ်ထားသည့် မခင်ငြိမ်းလွင်ကို ယမန်နေ့ည ၁၀ နာရီတွင် စစ်ကောင်စီက အင်အားအများအပြားဖြင့် နေအိမ်၌ လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု မိခင်ဖြစ်သူက ဆိုသည်။
“မေးစရာရှိလို့ ပြောသွားတာ။ မေးပြီးလို့ရှိရင် ပြန်ပို့ပါမယ်ဆိုပြီး အခုထိ (အောက်တိုဘာ ၁၁ မွန်းလွဲပိုင်း) မပို့သေးတာပဲ။ သူ့မှာ နှလုံးမောတာ ရှိတယ်၊ ရင်ကျပ်တာ ရှိတယ်။ အဲဒါ ကျွန်မတို့က တောင်းဆိုထားတယ်။ ဒါပေမဲ့ သူတို့က အကြောင်း မပြန်သေးဘူး” ဟု ဖမ်းဆီးခံရသူ မခင်ငြိမ်းလွင်၏ မိခင် ဒေါ်ဆွေလှိုင်က ပြောသည်။
နေအိမ်၌ လာရောက်ဖမ်းဆီးစဉ် မိဘများက အဖော်လိုက်ပါလိုကြောင်း ပြောသော်လည်း မိန်းမဖော်ပါသည်ဆိုကာ လိုက်ခွင့်မပြုခဲ့ကြောင်း၊ စစ်ဆေးမေးမြန်းပြီး ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း၊ မခင်ငြိမ်းလွင်အကြောင်း ထွက်ဆိုသူရှိ၍ ဖမ်းဆီးခြင်းဖြစ်ကြောင်း ပြောဆိုသော်လည်း အသေးစိတ်မသိရဟုလည်း ၎င်းက ဆိုသည်။
“ဘာမှ မပြောချင်ပါဘူး။ ကိုယ့်သားသမီးကို ပြန်လွှတ်ပေးဖို့ပဲ။ ကိုယ့်သားသမီးကလည်း ဘာမှ မလုပ်ထားဘူးလေ။ ဖမ်းသွားတဲ့သူတွေနဲ့လည်း မသိတဲ့သူတွေ မဟုတ်ဘူး။ သူတို့ရဲ့ ရဲမေ၊ ဗိုလ်ကတော်တွေကို ကျွန်မက စက်(စက်ချုပ်) သွားပြပေးတာ သုံးနှစ်ဆက်တိုက်။ ကျွန်မတို့ကလည်း သူတို့ကို ရန်သူလို့ကို မသတ်မှတ်ဘူး” ဟု ဒေါ်ဆွေလှိုင်က ဆက်ပြောသည်။
တိုင်းရင်းဆေးခန်းဖွင့်လှစ်ထားသူ မခင်ငြိမ်းလွင်မှာ ကိုဗစ်နိုင်တင်းကပ်ရောဂါ အပြင်းအထန်ဖြစ်ပွားသည့် ကာလများတွင် ရောဂါကူးစက်ခံရသူများကို အင်တိုက်အားတိုက် ကူညီသူတစ်ဦးဖြစ်ကြောင်း အမည်မဖော်လိုသော ဒေသခံ တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးက ပြောသည်။
အရာတော်မြို့နယ်တွင် ယမန်နေ့က မခင်ငြိမ်းလွင်အပါအဝင် လေးဦး ဖမ်းဆီးခံရကြောင်း သိရသော်လည်း ဖမ်းခံရသူများ၏ မိသားစုဝင်များက ထုတ်မပြောလိုသည့်အတွက် အသေးစိတ်မသိရပေ။
အရာတော်မြို့နယ်မှာ စက်တင်ဘာ ၁၅ ရက်မှ စ၍ အင်တာနက်ဖြတ်တောက်ခံရပြီးနောက် ကျေးရွာအချို့တွင် ၎င်းတို့ကို ဆန့်ကျင်ပါက ရွာလုံးကျွတ် ပြောင်းရွှေ့ခံရမည်ဟု စစ်ကောင်စီတပ်က ခြိမ်းခြောက်သည်ဟု သိရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စာရင်းပြုစုချက်အရ စစ်တပ်က ဖေဖော်ဝါရီ ၁ တွင် အာဏာသိမ်းပြီးနောက် အောက်တိုဘာ ၉ အထိ ဖမ်းဆီးခံရသူ ၈၈၃၅ ဦးရှိပြီး စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးရသူ ၁၁၆၁ ဦးရှိကာ ယင်း၏ ထက်ဝက်ကျော်မှာ ဆန္ဒပြပွဲများအတွင်း အကြမ်းဖက်ဖြိုခွင်းခံရသဖြင့် သေဆုံးရသူများဖြစ်သည်။
Original Post: Myanmar Now